Saturday, September 27, 2014

ရှက်ဖွယ်



ကျနော်ငယ်ငယ် လူပျိုပေါက်အရွယ်က တရုတ်သိုင်းဝတ္ထုဇတ်လမ်းတွဲတွေ အရမ်းကြည့်တာ ၊ ဘယ်လောက်ထိ လဲဆို - ကိုးသင်္ချိုင်းသံဓား တို့ သိုင်းလောကရဲ့စိန်ခေါ်သံတို့ အဲဒါကြီးတွေကို (၃)ရက်လောက် မအိပ်၊မစားပဲ ပြီးအောင် ဖတ်ခဲ့တာ ၊ နဲနဲကြီးတော့ သိလာတယ် ၊ သူတို့ဟာ ယုတ္တိမရှိမှန်း ၊
          နဲနဲပိုကြီး လူပျိုပေါက်ကြီးဖြစ် အချစ်မှာ ဆတ်စလူးခါလာတော့ ဂျပန်အချစ်ကားထဲက take me away သီချင်းကို နားထောင်ရင်း စွန်လွှတ်ရတာအရသာ ၊ princess & photographer ဇတ်ကားကို(၇)ကြိမ်လောက် ပြန်ကြည့်ရင်း you told me I can count on you လို့ စွဲစွဲမက်မက်ဆိုတတ်ခဲ့ ၊ နဲနဲကြီးလာတော့ သိ ၊ အဲဒါလဲ အဓိပ္ပါယ်မဲ့ အိပ်ပျက်စေမှန်း ၊
          ပိုကြီးလာ ၊ လူရွယ်၊လူလတ်ဘ၀ ၊ တာဝန်တွေက မွန်းကြပ်လွန်းတော့ တခါတခါ ကိုရီးယားဇတ်လမ်းတွဲ ညလုံး (၃)ကြိမ်လောက်ပေါက်အောင် ကြည့်ပစ်ခဲ့ ၊ ချန်ဂင် ၊ ၁% ၊ တခါတုန်းကတက္ကသိုလ် ၊ ဂျူမုံ ၊ အဲဒီထက်ပိုပြီး ငါ့စိတ်ကို မဆွဲဆောင်နိုင်တော့ - - - ၊ ငါတို့အနုပညာ သူတို့ဖင်ဖျားတောင်မမှီသေး ဆိုတဲ့အသိကလွဲလို့ ကောက်ကျစ်မှုတွေဟာ အိပ်ပျက်၊ဒေါသ ပေါက်ကွဲထွက်စေတတ်မှန်း ၊
          ပို ပို ကြီးလေ (ဓနုဖြူကျော်ထွန်းလို) ဟာသကို ပိုတပ်မက်လေ ၊ ဒီလိုနဲ့ ဇာဂနာအစ ၊ သီးလေးသီးအလယ် ၊ ဖိုက်စတား အဆုံး မြန်မာဟာသ အားမရလို့ ဂျင်းနီဇတ်လမ်းတွဲ စောင့်ကြည့်တာတောင် ကောက်ကျစ်တဲ့ ဂျင်းနီအစ်မ ပေါ်လာပြန်တော့ ငါ ထွက်ပြေးခဲ့ရပြန်တယ် ။ ငါ့ကိုယ်ငါ သိလိုက်ရတာ - ငါ ကောက်ကျစ်မှုကိုမခံနိုင်ရှာမှန်း ၊
          ခု - ငါ့ကိုယ်ငါ မညှာမတာ ၊ အေးအေးဆေးဆေး ၊ ကိုယ့်အတွင်းကိုယ်ပြန်ကြည့်တော့မှ - - - အာရုံကို တပ်မက် ဖြစ်၊ချက်ခြင်းပျက်ကို မမြင် ၊ အနန္တရပစ္စည်းအစဉ်ကိုလျှောက်မိ ၊ အဗျာကတရိုက်ချက်တွေ ကုသိုလ်ဖြစ်လိုက်၊အကုသိုလ် ဖြစ်လိုက်နဲ့ ငါတော်တော်ဥာဏ်မဲ့လှပါလားလို့ အတိုင်းသားမြင်ခဲ့ ငါ - ရှက်မိပါပြီကွယ် ။
                                                                             ( ၀ီမံသာ )

No comments:

Post a Comment