ကျနော်နှင့်တရားဆွေးနွေးလေ့ရှိပြီး
သဘောထားခြင်းအတော်တိုက်ဆိုင်သော ဗုဒ္ဓ ၊ ဓမ္မ စာရေးသူ (နေမျိုးသောင်း) ထံမှ အထက်ပါခေါင်းစဉ်ဖြင့် စာမူကြမ်းတခု ရရှိလာပါသည် ။
ကျနော်တို့ဆွေးနွေးလေ့ရှိခဲ့သော အကြောင်းအရာလဲဖြစ် ၊ ကျနော်လဲအကုန်အစင်ဖတ်ရှုပြီးဖြစ်သော
ထိုစာမူကို တရားကိုလိုလားသော စာဖတ်သူတို့ ဖတ်ရှုနိုင်ကြစေရန် ကောင်းနိုးရာရာကောက်နှုတ်ဖော်ပြသွားမည်
ဖြစ်ပါသည် ။ ( ၀ီမံသာ )
(
ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ ပူဇေမိ )
ဂင်္ဂါဝါဠုသဲစုမက ပွင့်ထွန်းတော်မူသွားကြကုန်သော မြတ်ဗုဒ္ဓဘုရားရှင်အဆူဆူတို့
ဟောကြားတော်မူသွားကြတဲ့ တရားဦးဓမ္မစကြာဒေသနာတော်ကို ယထာဘူတသဘာဝကျကျ နည်းနာနိသျတို့ဖြင့်
ဘာသာဋီကာပြန်ဆိုသွားမည် ဖြစ်ပါတယ် ။ အဲဒီလိုဘာသာပြန်ဆိုရာတွင်လဲ အခက်အခဲပေါင်းများစွာ
၊ စိမ်ခေါ်မှုအ၀၀တို့နဲ့ တွေ့ကြုံရမယ်ဆိုတာ ကြိုတင်သိမြင်ထားပါတယ် ။ ဒါ ဘာ့ကြောင့် ဤကဲ့သို့
ဖြစ်နိုင်သလဲ ဖြစ်နိုင်မှာလဲဆိုရင် အယူအဆတွေ ၊ သဘောတရား တွေနဲ့ ဘာသာပြန်ဆိုမှုတွေ မတူညီကြလို့ဖြစ်တယ်
။ ပရိယတ္တိဓမ္မနည်း ၊ ဒေသနက္ကမနည်း ၊ ပိဋကတ္တယနည်းတို့ဖြင့် ဖွင့်ဆိုထားကြကုန်သော ဓမ္မစကြာဘာသာပြန်နိသျ
ကျမ်းစာအုပ်တွေနဲ့ တရင်းတနှီးလေ့လာလိုက်စား သင်ယူကျက်မှတ် ထားကြကုန်သော သုတေသီပုဂ္ဂိုလ်အပေါင်းတို့နဲ့
ယထာဘူတသဘာဝတ္ထနည်းနိသျည်းဖြင့် ဘာသာဋီကာပြန်ဆိုထား သော တရားဦးဓမ္မစကြာ မြန်မာဘာသာပြန်စာအုပ်လေးသည်
အလွန်စိမ်းစိမ်းပြင်ပြင်ဖြစ်နေလိမ့်မယ် ၊ လက်ခံနိုင်ခဲလိမ့် မယ် ၊ သိနားလည်ရန်ခက်ခဲလိမ့်မယ်ဆိုတာ
စာရေးသူကြိုတင်သိမြင်ယူဆထားပြီး ဖြစ်ပါတယ် ။ - - - - - - - - - ဒီလို နားမလည်နိုင်ဖြစ်မယ်ဆိုတာ ယထာဘူတသဘာဝလဲကျပါတယ်
။ မှန်ပါသည် ၊ လောကသားဝေနေယျ အများတို့ သည် သဘောတရားအဓိပ္ပါယ်တို့နှင့်တကွ မိမိတို့ကျွမ်းကျင်နိုင်နင်းစွာ
ကိုင်တွယ်နေကျ ၊ သုံးဆောင်နေကျ ၀တ္ထုပစ္စည်း များကို အကျွမ်းတ၀င်ရင်းနှီးမှု၊သိနားလည်မှုရှိပြီး
အလွယ်တကူလက်ခံသဘောကျနိုင်ကြသော်လည်း ယခုမှ အသစ် အဆန်း တွေ့ရှိကြရသော ၀တ္ထုပစ္စည်းတို့ကို
စိမ်းစိမ်းပြင်ပြင်ဖြစ်ပေလိမ့်မယ် ။ - - - - - - - နီးစပ်မှု ၊ လေ့လာမှု ၊ တွေ့ကြုံမှု များများရလာကြပါမှ
အကျွမ်းတ၀င်ခင်မင်ရင်းနှီးပြီး သဘောတရားအဓိပ္ပါယ်တို့ကို စမ်းဝါးမိကာ လက်ခံလာနိုင် ကြမှာဖြစ်တယ်
။ - - လောကနိယာမ - ဓမ္မနိယာမ - ဗုဒ္ဓနိယာမ အစရှိသည်တို့တွင် ဗုဒ္ဓနိယာမ ၊ ဗုဒ္ဓ အ၀ိဇဟိတ
တို့ကို တင်ပြလိုပါတယ် ။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည် လေးအသင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီတွေ
ဖြည့်၊ဆည်းပူးကြရပါတယ်။ ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ကျတော့ တစ်အသင်္ချေကမ္ဘာတသိန်း ပါရမီတွေဖြည့်ဆည်းကြရပါတယ်
။ အဂ္ဂသာဝကကြီးများ မှာတော့ ကမ္ဘာတသိန်း ပါရမီဖြည့်ကြရပါတယ် ။ - - - ဗုဒ္ဓရှင်တော်မြတ်ကြီးတို့မည်သည်
ဗြဟ္မာမျိုးနွယ်၊ဗြဟ္မာပြည်ဝယ် ပွင့်ထွန်းတော်မူရိုး ထုံးစံအစဉ်အလာလဲ မရှိခဲ့ခြင်း ၊
- - နတ်ပြည်ခြောက်ထပ်မှာလဲ ပွင့်ထွန်းတော်မူရိုး ထုံးစံမရှိခြင်း ၊ လောကီလူ့ဘုံတွင်
မနုဿ လူသားမျိုးနွယ်မှ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အစစ်ဖြစ်ခါ ပွင့်ထွန်းတော်မူလာကြရတဲ့ အစဉ်အလာ
ရှိတော်မူခြင်း ၊ လူသားမျိုးနွယ်မှာမှ - - မဟာသမ္မတမင်းမျိုး ၊ မဟာမျိုးမဟာနွယ်တို့မှ
မွေးဖွားလာသော လူသာလျှင်ဖြစ်ရိုး အစဉ်အလာရှိတော်မူရခြင်း ၊ (လူ့လောက အခြားနေရာမှာမဖြစ်ပဲ
အိန္ဒိယတိုက်ငယ် မဇ္ဈိမဒေသ ဗဟိုအချက်အခြာ မြေမဟာမှ
ဗောဓိမဏ္ဍိုင်မြေဦးခိုင်
၌ သမ္မာသမ္ဗုဒ္ဓ ဘုရားမြတ်စွာအဆူဆူတို့
ပွင့်ထွန်းပေါ်တော်မူကြရိုး အစဉ်အလာကြီး ရှိခဲ့ကြတာဖြစ်ပါတယ် ။) - - - -
ပညာဓိကဘုရား
၊ သဒ္ဒါဓိကဘုရား ၊ ၀ီရိယဓိကဘုရား စသည်ဖြင့်သုံးမျိုးရှိရာတွင် ပညာဓိကဘုရား အလောင်းတော်ကြီးတို့သည်
သုခပဋိပဒါခိပ္ပါဘိညာ ကျင့်စဉ်တော်စရဏဖြင့် တရားဓမ္မကိုဆင်ခြင်သုံးသပ်တော်မူရာတွင် (၁)ရက်မှ(၇)ရက်အတွင်း
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်ကြီးကို ပစ္စယာလိုင်း၊နိရောဓလိုင်းတို့ဖြင့် အပြန်ပြန်အလှန်လှန်
ဆင်ခြင်သုံးသပ်ကာ နိရောဓလိုင်းအဆုံးဝယ် အာသဝေါတရားကုန်ခမ်းတဲ့ ဘုရားရှင်အစစ် ဖြစ်တော်မူသွားကြပါတယ်
။ သဒ္ဒါဓိကဘုရားအလောင်းတော်ကြီးတို့မှာလည်း သုခပဋိပဒါခိပ္ပါဘိညာ ကျင့်စဉ်တော်စရဏဖြင့်
တရားဓမ္မကို ဆင်ခြင် သုံးသပ်ရာတွင် (၇)ရက်မှ(၁)လအတွင်း - - - နိရောဓလိုင်းအဆုံးဝယ် အာသဝေက္ခယဥာဏ်
ရရှိတော်မူကြပြီး ဘုရားရှင် အစစ် ဧကန်ဖြစ်တော်မူသွားကြပါတယ် ။
ဝီရိယဓိက ဘုရားအလောင်းတော်ကြီးတို့ကျတော့ - ဒုက္ခပဋိပဒါဒန္တာဘိညာ
ကျင့်စဉ်တော်စရဏအတိုင်း ကမ္မဌာန်း(၄၀)မှ အနုဿတိကမ္မဌာန်း တမျိုးမျိုးကိုအားပြုပြီး အပြင်းအထန်
တုဘက်မရှိ သော လုံ့လ၀ီရိယတို့နဲ့ (၁)လမှ(၆)လ ၊ ၄င်းမှအထက် (၁)နှစ် ၊ (၂)နှစ် ထိုမှအထက်
စသဖြင့် အားထုတ်တော်မူကြရ ပါတယ် ။
အချိန်တွေကြာညောင်းလာသည့်တိုင် တရားထူးကိုမရရှိကြသေးတဲ့အတွက်
ရရှိနေသောတရားတို့ကိုလဲ နှစ်သက်မှုမရှိ ကြသည့်အတွက် မူလအားပြုရာ ကမ္မဌာန်းကို စွန့်လွှတ်၊စွန့်ခွာလျက်
တရားဓမ္မကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၏ ပစ္စယာလိုင်းနှင့်
နိရောဓလိုင်းကို တွေ့သွားကြပါတယ် ။ ပစ္စယာလိုင်းကို အပြန်ပြန် အလှန်လှန် ဆင်ခြင်သုံးသပ်တော်မူပြီးနောက်
နိရောဓလိုင်းအား ကူးပြောင်းဆင်ခြင်သုံးသပ်ရာတွင် နိရောဓလိုင်း အဆုံးဝယ် အာသဝေက္ခယဥာဏတော်
ရရှိပြီး ဘုရားရှင် စင်စစ် ဧကန်ဖြစ်တော်မူသွားကြတာ ဖြစ်ပါတယ် ။ - - -
ထူးခြားတာက
ပညာဓိကဘုရားဖြစ်ဖြစ် ၊ သဒ္ဒါဓိကဘုရားဖြစ်ဖြစ် ၊ ၀ီရိယဓိကဘုရားဖြစ်ဖြစ် မည်သည့် အကျင့်
စရဏမျိုးနဲ့ကျင့်သည်ဖြစ်စေ နောက်ဆုံးမှာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်ကြီးကို ပစ္စယာလိုင်း၊နိရောဓလိုင်းတို့ဖြင့်
အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ကာ နိရောဓလိုင်းအဆုံးဝယ် အာသဝေါတရားကုန်ခမ်းတဲ့ ဘုရားရှင်အစစ်
ဖြစ်တော်မူသွားကြရတာ အတူတူပင်ဖြစ်ပါတယ် ။ ဤဖြစ်စဉ်တို့သည်ပင် ဗုဒ္ဓနိယာမ ဖြစ်ရိုးအစဉ်အလာကြီးတွေပဲ
ဖြစ်ပါတယ် ။
( နေမျိုးသောင်း
)
( ဆောင်းပါးပုံစံဖြင့် ဖော်ပြရသည်ဖြစ်၍ အပိုင်းငယ်များခွဲကာ
ဆက်လက်ဖော်ပြပါမည် ။ ၀ီမံသာ )
No comments:
Post a Comment