၅
။ ငါးပါးသီလ ။ သူ့အသက်သတ်ခြင်း ၊
သူ့ဥစ္စာခိုးယူခြင်း ၊ သူ့အိမ်ယာကျူးလွန်ခြင်း ၊ လိမ်ညာပြောဆိုခြင်း ၊ မူးယစ်
သေရည်သောက်စားခြင်းတို့မှ ရှောင်ကြဉ်သော ကိုယ်ကျင့်တရားစောင့်ထိန်းမှု
ကျနော်တို့လူတွေ
ကိုယ်ချင်းစာစိတ်ကလေး ရှိရင်ကိုပဲ ငါးပါးသီလ အတော်လုံခြုံနေပါပြီ ။
သီလစောင့်ရင်ဘာဖြစ် မယ် ၊ သီလမစောင့်ရင်ဘာဖြစ်မယ် ဆိုတဲ့ မက်လုံးတွေ ၊
လှန့်လုံးတွေကြောင့် သီလစောင့်ရတယ်ဆိုတာ တုတ်ကြောက် တဲ့ ကလေးစာကျက်သလိုသာ
ရှိနေပါမယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြစ်စေချင်တဲ့
စောင့်ထိန်းစေချင်တဲ့ ငါးပါးသီလက ဒီလိုပါခင်ဗျာ ။
၁။ ပါဏာတိပါတာ ဝေရာမဏိသိက္ခာပဒံ
သမာဒိယာမိ ။ ကျနော်လဲ အသက်ရှင်ချင်ပါတယ် ။
ကျနော့်အသက်ကို ကျနော်နှမျောသလို ခင်ဗျားလဲ ကိုယ့်အသက်ကိုတော့ နှမျောမှာပါ ။
ဒီလိုပဲ ခွေး၊ကြောင်၊ကြက်၊၀က် သက်ရှိသတ္တ၀ါ မှန်သမျှ အသက်ရှင်ချင်ကြမှာပဲ ဆိုတဲ့
ကိုယ်ချင်းစာစိတ်ကလေးနဲ့ မသတ်တော့ဘူး ။ အဲဒါ သီလပါ ။
၂။ အဒိန္နဒါနာ ဝေရာမဏိ - - - - ။
ကိုယ့်ပစ္စည်းဥစ္စာကို ဘယ်သူမှမဆုံးရှုံးချင်ပါဘူး ။ ကိုယ်မသိပဲ ခိုးယူသွားရင်
ကြိုက်မှာမဟုတ်တဲ့နည်းတူ သူများပစ္စည်းကိုလဲ မခိုးတော့ပါဘူး ။ အဲဒါ သီလပါ ။ ၃။
ကာမေသုမိစ္ဆာစာရာ ဝေရာမဏိ - - - - ။ ကိုယ့်မယား ၊ ကိုယ့်သမီး သူများစော်ကားရင်
ကြိုက်နိုင်မလား ။ အင်မတန်နာကျင်ခံခက်ဖြစ်နေရမှာပါ ။ ဒါ့ကြောင့်ငါလဲ
သူများမယား၊သူများလင် သူများသမီးပျိုလူမမယ်ကို မကျူးလွန် ၊ မစော်ကားတော့ပါဘူးလို့
စောင့်ထိန်းလိုက်တာ ။ ဒီသီလသာလုံခြုံရင် မုဒိန်းမှုဆိုတာ ရှိလာမှာမဟုတ်သလို
ကမ္ဘာလောက ရဲ့ မျက်ရည်တ၀က်လောက်ဟာ ကျစရာမလိုတော့ပါဘူး ။
၎။ မုသာဝါဒါ ဝေရာမဏိ - - - - ။
ကိုယ်ယုံကြည်မိသူက ကိုယ့်ကိုလိမ်ညာ၊သစ္စာဖောက်သွားရင် အင်မတန် နာကျည်းရမှာနော် ။
ဒါကြောင့် ငါ့ကိုလိမ်တာမကြိုက်သလို ငါလဲ သူများကိုမလိမ်တော့ပါဘူး လို့
နှုတ်စောင့်စည်းလိုက် တာ ။ ဒီသီလသာ လုံခြုံရင် ကမ္ဘာလောကကြီး မျက်ရည်ကျစရာကို
မလိုတော့ပါဘူး ။ ခုတော့ သစ္စာမရှိ ၊ ကတိမတည် မုသားမပါလင်္ကာမချောလို့
လိမ်ညာမှုတွေပေါလွန်းနေတဲ့ လူ့လောကကြီး ကြိမ်မီးအုံးသလို ပူပြင်းလောင်မြိုက်နေလိုက်
ရတာ အဲဒီ ကလိမ်ခြုံ လျှာကြောင့်ဆိုတာ သတိထားသင့်ပါပြီ ။ ၅။
သုရာမေရယျ မစ္ဆပမာဒဌာနာ ဝေရာမဏိ - - - - ။ မေ့လျော့ခြင်းတို့၏ တည်ရာ သေရည်သေရက်
သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ၏ ။ မူးတဲ့သူဟာ သတိချွတ်ယွင်းသွားပြီ ။
သူမလုပ်ရဲတဲ့မကောင်းမှုဆိုတာ မရှိတော့ပါ ဘူး ။ မူးတဲ့သူကိုယ့်လာစော်ကားတာမကြိုက်ရင်
ကိုယ်လဲမမူးနဲ့၊မစော်ကားနဲ့ ဒီစိတ်နဲ့စောင့်ထိန်းလိုက်မယ်ဆိုရင်
ပြဿနာအတော်ငြိမ်းသွားမှာပါ ။ ဒီတော့ကာ ကျနော်တို့ရင်ထဲမှာ
ကိုယ်ချင်းစာစိတ်ကလေး ကိန်းအောင်းနေပြီဆိုရင် ဘုရားစင်ရှေ့ ၊ သံဃာစင် ရှေ့
အာမဘန္တေမခံရသေးရင်တောင်မှ သီလလုံခြုံနေပါပြီလို့ ယုံကြည်စိတ်ချနေလိုက်ပါခင်ဗျာ ။
၆ ။ တရားဂုဏ်တော်(၆)ပါး ။ သွက္ခာတော ၊ သံဒိဌိကော ၊ အကာလိကော ၊
ဧဟိပသိကာ ၊ သြပါနေယျိကော ၊ ပဉ္စတံ ဝေဒိတပ္ပေါ ၀ိညူဟိ ။ (ကောင်းမြတ်ခြင်း ၊
ကိုယ်တိုင်သိနိုင်ခြင်း ၊ အခါမလင့်အကျိုးပေးခြင်း ၊ လာလှဲ့ ရှုလှဲ့ဟု ဖိတ်ခေါ်
ထိုက်ခြင်း ၊ ကပ်၍ဆောင်ထားအပ်ခြင်း ၊ ပညာရှိတို့သိအပ်မြင်အပ်ခြင်း)
သွက္ခာတ ဂုဏ်တော် ။
မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်တွေဟာ အစ(ပါရမီကောင်းတွေဖြည့်
ကျင့်ရခြင်း) ၊ အလယ်(မှန်ကန်သောလမ်းကြောင်းပေါ်ရောက်ရှိခြင်း) ၊ အဆုံး
(ဘ၀ဒုက္ခအပေါင်းတို့မှလွတ်မြောက်ခြင်း) ဆိုတဲ့ အစ၊အလယ်၊အဆုံး ကောင်းမြတ်ခြင်းနဲ့
ပြည့်စုံသော တရားတော်ဖြစ်ပါတယ် ။
သံဒိဌိက ဂုဏ်တော် ။ တရားတော်တွေဟာ
သူများပြောနဲ့တင်လမ်းဆုံးမနေပဲ မိမိကိုယ်တိုင်ဆင်ခြင်သုံးသပ်၍ မိမိ
ကိုယ်ပိုင်ဥာဏ်ဖြင့်သိနိုင်သောတရားတွေဖြစ်လို့ အမှီအခိုကင်းသော
လွတ်မြောက်ရေးတရားတော်ဖြစ်ပါတယ် ။
အ ကာလိက ဂုဏ်တော် ။
တရားတော်ကိုဆောင်သူ ၊ ကျင့်ကြံအားထုတ်သူဟာ သံသရာဝဋ်ဆင်းရဲကို ဖြတ်တတ်တဲ့
မဂ်ဥာဏ်၊ဖိုလ်ဥာဏ်၊နိဗ္ဗာန်ချမ်းသာမြတ်ကို အချိန်မရွေး၊အခါမလင့်ရရှိနိုင်လို့
ယုံကြည်စိတ်ချ အားထား ထိုက်တဲ့ တရားတော်ပဲဖြစ်ပါတယ် ။
ဧဟိပဿိက ဂုဏ်တော် ။ မြတ်စွာဘုရားရဲ့တရားတော်ဟာ အစမ်းသပ်ခံနိုင်တယ် ၊
အမွန်တမြတ်လဲဖြစ်လို့ လာလှဲ့ပါ ၊ ရှုလှဲ့ပါ ၊ ကျင့်သုံးလိုက်နာကြည့်ကြစမ်းပါလို့
ဖိတ်ခေါ်ထိုက်တဲ့ တရားတော်ကြီးဖြစ်ပါတယ် ။ သြပါနေယျိက ဂုဏ်တော် ။
အနာရောဂါစွဲကပ်နေသူဟာ ဆေးကောင်းဝါးကောင်းကို အနာပျောက်ကင်းစေဖို့ ကိုယ်နှင့်မကွာအမြဲဆောင်ထားရသလို
ကာမ၀ဋ် ၊ ကိလေသ၀ဋ် ၊ ၀ိပါက၀ဋ် ဆိုတဲ့ ၀ဋ်ကြွေးအနာစွဲကပ်နေတဲ့ လူ၊သတ္တ၀ါ
အပေါင်းတို့ဟာ ၀ဋ်ဆင်းရဲအပေါင်းမှလွတ်မြောက်စေသော မဂ်၊ဖိုလ်၊နိဗ္ဗာန် ကိုးပါးသော
လောကုတ္တရာတရားတော်ကို ကိုယ်နှင့်မကွာကပ်၍ဆောင်ထားအပ်ပါတယ် ။ လောကဆင်းရဲနာတွေ
သက်သာစေရေးအတွက်လဲ မှန်ကန်စွာ သိမြင် ၊ ပြောဆို ၊ လုပ်ကိုင် နေထိုင်ရေးဆိုတဲ့
မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကိုလဲ ကပ်၍ဆောင်ထားအပ်ပါတယ် ။ ပဉ္စတံ ဝေဒိတပ္ပေါ ၀ိညူဟိ ဂုဏ်တော်
။ အရိယာသူတော်စင်တို့သိအပ်သော ၊ ပညာရှိတို့ရှုအပ်မြင်အပ်သော ထိုတရားတော်တို့ကို
ကောင်းကျိုးချမ်းသာလိုလားသူမှန်သမျှ သိအပ်၊မြင်အပ်၊ရှုအပ်ပါတယ်လို့
တိုက်တွန်းခြင်းငှာထိုက် တဲ့ တရားတော်ကြီးလဲ ဖြစ်ပါတယ် ။ ထို
(၆)ပါးသော ဂုဏ်တော်တို့ဖြင့် ပြည့်စုံတော်မူသော တရားတော်ကို အသက်ထက်ဆုံး
ယုံကြည်၊ဆည်းကပ် ၊ လေးမြတ်၊ကိုးကွယ်လျက် ဘ၀ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ကြပါစေ ။
( ၀ီမံသာ )
No comments:
Post a Comment