Saturday, September 27, 2014

မေတ္တာခရီးစဉ်



ကျနော်ဒီနေ့ ပွင့်ပွင့်လင်းလင်းဝန်ခံချင်တာရှိတယ် ။ မနက်ပိုင်းမှာတော့ ကျနော် ရန်ကုန်ဆင်းပြီး ဆေးကုသမှုခံယူဖို့အတွက် စိတ်ပျက်ခဲ့ရတယ် ၊ ဘာလို့ဆိုတော့ မိသားစုကို သီတင်းကျွတ်ရင် မွေးရပ်မြေကို အလည်သွားဖို့ ကတိခံထားမိတယ် ၊ ကျနော့်ကျန်းမာရေးက မဖြစ်မနေ (အဘဆရာကြီး)ဆီ ပြန်ကုမှ ဖြစ်တော့မှာ ၊ ခရီးစရိတ်(၂)ခါကုန်ကျစရိတ်အတွက် စိတ်ညစ်နေခဲ့တာ ။ ထားပါတော့ ၊ အဲလိုနဲ့ - စိတ်ညစ်၊အသက်ရှုကြပ်၊ ရုံးမတက်ဖြစ်တော့ပဲ TV ထိုင်ကြည့်မိတာ ၊ ဒီနေ့ ၂နာရီ၁၅မိနစ်လောက်က 5Plus အစီအစဉ်မှာလာသွားတဲ့ မေတ္တာခရီးစဉ် ( ကိုရီးယား အနုပညာရှင်တွေက ဆင်းရဲတဲ့ဒေသတွေသွားပြီး မေတ္တာဖြန့်ဝေတဲ့ မှတ်တမ်းဗီဒီယိုပေါ့) အဲဒါ ထိုင်ကြည့်ရင်း ကျနော် မျက်ရည်ကျမိတယ် ။ အဲဒီ ကိုရီးယား မင်းသမီး ၀တုတ်မလေးထက် အရင်ကျတာနော် ။ ထူးဆန်းတာတခုက မနက်ပိုင်း ကိုယ့်ကိစ္စအတွက် စိတ်ညစ်နေတုန်းက အသက်ရှုကြပ်လာပေမဲ့ ခု မျက်ရည်ကျမိတဲ့ အခါမှာတော့ ပြန်ကောင်းနေတာတွေ့ရတယ် ။ ကရုဏာ၊မုဒိတာ ပေါင်းစပ်မျက်ရည်မို့ ထင်ပါရဲ့ ။ ကလေးလေးတွေလေ - သိပ်ဆင်းရဲတယ် ၊ တောင်ပေါ်ကနေဘယ်မှ မသွား ဖူးဘူး ၊ ရိုး၊အ၊နုံခြာတဲ့ကလေးတွေ သူတို့ကလေ နာမည်ကျော်တွေကို ကောင်းကင်ဘုံက ကျလာသလို ခံစားနေကြရှာတာ ။ အဲဒီ မင်းသမီး ၀တုတ်လေး(သူတို့တဖွဲ့လုံးလဲ မျက်ရည်မထိန်းနိုင်ဘူး) ငိုရင်းပြောသွားတဲ့ စကားလေး ၊ ကျနော်ကြည့်ရင်း ထပ်မျက်ရည်ကျလာတယ် ။ ကျမတို့က သူတို့ကို တစုံ တရာ ကူညီလိုက်ရတယ်လို့ မခံစားရဘူး ၊ ကျမတို့ကို ပိုမိုကျယ်ပြန့်တဲ့လောကကြီးက အသိတရားတွေ သူတို့ကပြန်ပေးလိုက်တယ်လို့ ခံစားရတယ် ။ မဖြစ်စလောက် အကူ အညီသေးသေးလေးအတွက် သူတို့ရင်ထဲက လှိုက်လှဲစွာကျေးဇူးတင်တတ်ကြတာတွေ ၊ ကျမတို့ကိုတခါဆုပ်ကိုင်မိတဲ့ သူတို့ရဲ့လက်တွေ ဘယ်တော့မှ ပြန်လွှတ်မပေးချင် ကြတဲ့ သံယောဇဉ်တွေ ၊ ကျမတို့ အောင်မြင်ကျော်ကြားမှုတွေနဲ့ ယစ်မူးအလုပ်ရှုပ်ရင်း မမြင်မိခဲ့တဲ့ သူတို့လေးတွေရဲ့ လိုအပ်ချက်တွေ - ဒါတွေအများကြီး သိခဲ့ရပါတယ် တဲ့ ။
ကျနော် ငိုမိပါတယ် ၊ မေတ္တာဖြန့်ဝေဖို့သွားတဲ့ မေတ္တာရှင် အကျော်အမော်လေးတွေ - သူတို့ကို ပြန်လည်တုန့်ပြန်လိုက်တဲ့ လူ့လောကရဲ့ အပယ်ခံ ကလေးတွေရဲ့ မေတ္တာ လှိုင်းတံပိုး ဒဏ်ကို သူတို့ရောကျနော်ပါ မခံနိုင် - (ခု မျက်ရည်ကြားကရေးနေတာပါ)
ကျနော်တို့ဆီက အနုပညာရှင်တွေ ၊ ဒါမျိုးလေးတွေ လုပ်စေချင်ပါတယ် ။ (မင်းထင်ကိုကိုကြီး)တို့လဲ အသုံးချခံအနုပညာတွေလုပ်မဲ့အစား (၁၃၅)မျိုးသော ကျနော်တို့ သွေးချင်း၊တိုင်းရင်းသားကလေးငယ်လေးတွေဆီ သွားပြီးတော့ မေတ္တာခရီးစဉ်တွေ ဖန်တီးစေချင်ပါတယ် ။ ကျနော် ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးအတွက် ပီတိမျက်ရည် ကျချင်ပါတယ်ဗျာ ။
(အဖော်မဲ့ငှက်ကလေး) fb

1 comment:

  1. ဒါမျိုးလေးတွေလဲ ရှိစေချင်ပါတယ် ။

    ReplyDelete