ကျနော်ဒီနေ့ သူ့ကိုပြောခဲ့တယ် ၊ မယားမြတ်(၄)ပါး နဲ့
မယားယုတ်(၃)ပါး ၊ သိသလောက်လေးပေါ့ ။
မယားမြတ်(၄)ပါး
၁ ။ မိခင်နှင့်တူသောမယား ။ ။ သူမဟာ ကိုယ့်ခင်ပွန်းဒုက္ခရောက်နေချိန် ၊ ၀မ်းနဲနေချိန်တွေမှာ သူ့ဘက်ကရပ်တည် ၊ သူနဲ့အတူဆင်းရဲခံပြီး သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားတယ် ။ တလောကလုံးက ပစ်ပယ်လိုက်ပေမဲ့ အမေတွေဟာ သူ့သားကို ဘယ်တော့မှမပစ်ပယ်ဘူး၊ရင်ဝယ်ထွေးပိုက်ထားကြတယ် ၊ အဲလိုပဲ မဒ္ဒီဒေ၀ီ နဲ့ သမ္ဗူလ တို့ဟာ ချစ်လင်ဘုရားအလောင်းကို တတိုင်းပြည်လုံးက ပစ်ပယ်တောင် ချစ်လင် ဘက်ကလိုက်ခဲ့ ၊ ဆင်းရဲဒုက္ခ ခံခဲ့တယ် ။ ၂ ။ နှမနှင့်တူသောမယား ။ ။ အကိုတွေမောင်တွေနဲ့ လူရှေ့သူရှေ့မှာ သိမ်မွေ့လုံခြုံစွာ အရှက်သိက္ခာ ထိန်းသိမ်းသလို နှမနဲ့တူသောမယားမြတ်ဟာ ချစ်လင်ရှေ့မှာ ထာဝရလုံခြုံ၊တန်ဖိုးတက်နေတယ် ၊ အမရာ တို့လိုပေါ့ ။ ၃ ။ မိတ်ဆွေနှင့်တူသောမယား ။ ။ မိမိချစ်လင်ရဲ့အခက်အခဲကို အတူတကွပါဝင်ဖြေရှင်းပေးတယ် ။ မိမိ ချစ်လင် ကောင်းရာကောင်းကျိုးအတွက် အမြဲကြံဆနေတတ်တယ် ။ မဟောသဓာကို ပညာရှိအမတ်(အတု) တွေ ၀ိုင်းချောက်တွန်းလို့ အိမ်နိမ့်စံ(အိုးသည်ဘ၀)နဲ့ တိမ်းရှောင်နေရတုန်းက မိမိတတ်သမျှပညာ(မိန်းမမာယာ) ကိုပါ အသုံးချလို့ အမရာဒေ၀ီဟာ ရန်သူတွေကိုနှိမ်နင်းရုံမက ချစ်လင်မဟောသဓာအပေါ် မင်းကြီးရဲ့သံသယ တွေလဲ ပြေပျောက်စေခဲ့တယ် ။ ၄ ။ ပြည့်တန်ဆာနှင့်တူသောမယား ။ ။ လန့်မသွားပါနဲ့ ၊ မိန်းမမြတ်တွေဟာ မိမိချစ်လင်က တခြားမိန်းမကို ယောင်လို့မှ မကြည့်ဖြစ်အောင် ကာမဂုဏ်ကိစ္စတွေမှာလဲ ပြည့်တန်ဆာလိုတာဝန်ကျေကြပါတယ် ။ အမ္ဗပါလီ ရဲ့ သစ္စာရှိခြင်းမျိုး ၊ စန္ဒကိန္ဒရီ ရဲ့သစ္စာရှိခြင်းမျိုးတွေနဲ့လဲ ပြည့်စုံကြပါတယ် ။
မယားယုတ်(၃)ပါး
၁ ။ လူသတ်သမားနှင့်တူသောမယား ။ ။ သူတို့ဟာ ကိုယ့်လင်ကို လူသတ်သမားဖြစ်အောင် အမြဲကြံဆောင် နေတတ်တယ် ၊ ဒါမှမဟုတ် ကိုယ်က တပါးယောက်ျားနဲ့ဖောက်ပြန်ချင်တာနဲ့ မိမိလင်ကိုသတ်ဖို့ အမြဲကြံစည် နေတတ်တယ် ။ ဘုရားကလွဲရင် တန်ခိုးအကြီးဆုံး ရှင်မောဂ္ဂလာန် ရဟန္တာမြတ်ကြီးကို နောက်ဆုံးဘ၀အထိ ခိုးသားငါးရာအသတ်ခံရတဲ့ ၀ဋ်ကြွေးကြမ္မာဖြစ်စေခဲ့တာ အဲလိုမိန်းမမျိုးပါ ။ ၂ ။ သခင်နှင့်တူသောမယား ။ ။ ကျနော် သိသလောက်သမိုင်းမှာ အဲလိုမိန်းမတွေအများကြီးရှိခဲ့တယ် ။ ပြောရင်ရှည်မှာစိုးလို့ တိုတိုပဲ ပုံခိုင်းပြောပါတော့မယ် ။ ( မိန်းမဖျက်လို့ ပြည်ပျက်တယ် ) ဆိုတာ အဲလို သခင်နဲ့ တူသောမယား(၀ါ) ယောက်ျားကိုနိုင်စားသော မိန်းမတွေကို ဆိုလိုပါသည်ခင်ဗျာ ။ ၃ ။ ကျွန်နှင့်တူသောမယား ။ ။ လင့်မျက်နှာတရွာထင် ၊ ဒါကလွဲလို့ဘာမှမမြင် ၊ အဲလိုတော်တော်ညံ့တဲ့ မိန်းမတွေလဲရှိရဲ့ ။ ရှေ့ရေးနောက်ရေးဘာမှမသိ ၊ အကုန် လင့်တာဝန်၊သခင့်တာဝန်လို့ ပုံချထားလိုက်တော့ - - သခင်သေရင် အဲဒီကျွန်မ အခြားသခင်ဆီရောက်ရသလို လင်သေတာနဲ့ လင့်ပစ္စည်း၊အဆွယ်အပွား သားသမီးပါ မကျန် ပထွေးအဖေခေါ်ရ ၊ ကျွန်သဘောက်ဘ၀ရောက်ရမှာ ဒီမိန်းမညံ့တွေကြောင့်ပေါ့ဗျာ ။
ကဲ - ကျနော်သိသလောက်ပြောပြီးပါပြီ ။ အဲဒီမယားနှစ်မျိုး ဘယ်ကံကြောင့် ဘယ်ကိုဒိုးရမည်ုဆိုသည်ကိုတော့ ညည်းတို့မယုံရင်စမ်းကြည့်ပေါ့ဟု မပြောရက်ပါပြီ ။ ဥာဏ်နှင့်ယှဉ်ကာ ပြုပြင်နိုင်ကြပါစေသတည်း ။
( ၀ီမံသာ )

No comments:
Post a Comment