လူတော်တော်များများ
ပြောလေ့ရှိကြတဲ့ ကဲ့ရဲ့ပြစ်တင်စကားတခွန်းရှိတယ် ။ ( ပါးစပ်ကတော့ ဘုရား၊ဘုရား ၊ လက်က
ကားရား၊ကားရား ) တဲ့ ။ တကယ်တော့ ဒီစကားထွင်တဲ့သူနဲ့ ပြောဆိုသုံးနှုန်းကြတဲ့သူတွေ မသိသေးလို့ပါ
။ အဓိပ္ပါယ်ကိုတော့ တော်တော်များများသိကြမှာပါ ။ ပြောတော့ဘုရားတရားအကြောင်းတွေပြောပြီး
လုပ်တော့ မဟုတ် တာတွေချည်းပဲလုပ်တယ် ဆိုတဲ့သဘောပေါ့ ။ ဒါပေမဲ့ လူတော်တော်များများ မသိကြတာက
အဲဒါကိုက လူ့သဘာဝပါပဲ ။ ဒီနေရာမှာ လူများစုဟာ (ငါစွဲဒိဌိ)မပြုတ်သေးတဲ့ ပုထုဇဉ်တွေချည်းမို့
ပုထုဇဉ်သဘာဝ ၊ လူ့သဘာဝလို့ သုံးလိုက်တာပါ ။
ဆရာတော်တွေဟောလေ့ရှိတဲ့ စကားလေးနဲ့ ဆက်စပ်ပြီးပြောပါ့မယ်
။ တရားသိတယ်၊တရားရှိတယ်ဆိုတာ လောဘဖြစ်စရာ၊ဒေါသဖြစ်စရာ အာရုံတွေနဲ့တွေ့ရင် လောဘမဖြစ်အောင်
၊ ဒေါသမဖြစ်အောင် နေနိုင်တာကို ခေါ်ပါတယ် တဲ့ ။ ဒီတရားစကားလေးမှာကိုက တကယ့်အတွင်းကျကျအဓိပ္ပါယ်အစစ်နဲ့
အများသိသာရုံအပေါ်ယံအဓိပ္ပါယ်လို့ နှစ်မျိုး ထွက်နေပါတယ် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်အလိုကျ
အနှစ်သာရအဓိပ္ပါယ်အစစ်က (လောဘအာရုံနဲ့တွေ့ရင်လောဘမဖြစ် ၊ ဒေါသ အာရုံနဲ့တွေ့ရင်ဒေါသမဖြစ်ပဲ
နေနိုင်တဲ့တရားသိသူဆိုတာ (၁၅၀၀)ကိလေသာတွေကို အကုန်အစင် အကြွင်းမဲ့ ပယ်သတ် တော်မူပြီးသော
ဘုရား၊ရဟန္တာ အရိယာသူတော်စင်အစစ်ကြီးတွေကိုသာ ဆိုလိုတာဖြစ်ပါတယ် ။ ဒိဌိတန်းလန်းနဲ့ ပုထုဇဉ်
တွေမဆိုထားနဲ့ အရိယာအငယ်စားတွေဖြစ်ကြတဲ့ သောတာပန်၊သကဒါဂါမ် ပုဂ္ဂိုလ်ကြီးတွေတောင် လောဘနဲ့
ဒေါသကို အကြွင်းမဲ့မပယ်သတ်နိုင်သေးပါဘူး ။ ဒါကြောင့်လဲ ၀ိသာခါတို့တွေ (၇)နှစ်သမီးနဲ့
သောတာပန်ဖြစ်နေပေမဲ့ ချစ်ခြင်း လောဘကြောင့် လင်ယူသားမွေး မြေး၊မြစ်တွေနဲ့ ပျော်နေသေးတာပေါ့
။ အနာထပိဏ်သောတာပန်သူဌေးကြီး ဆိုလဲ စီးပွားရေးလောဘကြောင့် စီးပွားရှာ ၊ သူဌေးလုပ်နေတာပေါ့
။ ၀ိသာခါရယ် သူ့မြေးမလေးသေတော့ သောကပရိဒေ၀ ဖြစ်ပြီး ငိုကြွေးရသေးတယ် ။ သောကဆိုတာ ဒေါသမူစိတ်တမျိုးပါ
။ တခါ သူ့ထက်ပိုမြင့်တဲ့ အနာဂါမ်ပုဂ္ဂိုလ်တွေမှာ ကျတော့ကာမရာဂကိုပယ်သတ်ပြီးပေမဲ့ ရူပရာဂနဲ့အရူပရာဂ
ဆိုတဲ့ လောဘကိလေသာတွေ မာန(အနုသယ) ကိလေသာ တွေ ရှိနေပါသေးတယ် ။ အနုသယဆိုတာ ထကြွမလာတော့ပေမဲ့
ဖြစ်ဦးမဲ့ သဘောလေးက ကိန်းဝပ်နေသေးတဲ့အဓိပ္ပါယ် ပါ ။ ဘုရား၊ရဟန္တာကြီးတွေမှာတော့ လောဘ၊ဒေါသဖြစ်စရာအာရုံတွေ့တောင်
ဖြစ်မဲ့လောဘ၊ဒေါသကိလေသာတွေ အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်လို့ လောဘစိတ်၊ဒေါသစိတ်တွေ ဖြစ်လာစရာကို
မရှိတော့ပါဘူး ။ ကုသိုလ်စိတ်ဖြစ်ရင်တောင် လူတွေလို ကာမာဝစရကုသိုလ်စိတ်မဟုတ်တော့ပဲ မဟာကြိယာကုသိုလ်စိတ်ပဲ
ရှိပါတော့တယ် ။
ပုထုဇဉ်တွေမှာကတော့
ဒီလိုလုံးဝမဟုတ်နိုင်ကြပါဘူး ။ လောဘအာရုံနဲ့တွေ့လို့ လောဘဖြစ်ပြီးလိုက်တာ ကိုတောင်
မသိနိုင်ပါဘူး ။ နောက်မှလိုက်သိနေရတဲ့အတွက် လောဘစိတ်နဲ့ပြောမိပြုမိတာတွေ ၊ ဒေါသစိတ်နဲ့
ပြောမိပြုမိတာတွေ မရေမတွက်နိုင်အောင်များလှပါတယ် ။ ဒါကြောင့်ငယ်ငယ်ကကြားဖူးတာ ၊ အဘိဓမ္မာအကြောင်း
ဆွေးနွေးနေရင်းနဲ့ အဖိုးကြီးတွေ တရားဝိုင်းမှာတင် ထထိုးကုန်ကြတယ်ဆိုတာ ။ ကျနော်ကိုယ်တိုင်လဲ
(၁၈)နှစ်သား အရွယ်လောက်က ကျောင်းသား သူငယ်ချင်းတွေနဲ့ မေတ္တာတရားအကြောင်းဆွေးနွေးတာ
၂နာရီလောက်လဲကြာရော ဒေါသတွေမာနတွေပါလာ ၊ မင်းနဲ့ငါ အရက်ပြိုင်သောက်မလားဆိုပြီး လ္ဘက်ရည်ဆိုင်ကနေအရက်ဆိုင်ရောက်
၊ အန်သူအန်၊မှောက်သူမှောက် ဖြစ်ခဲ့ရဖူးပါတယ် ။ ဒါကြောင့် ပါးစပ်ကဘုရား လက်ကကားရား ဆိုတာ
ပုထုဇဉ်သဘာဝမို့ ဘယ်သူက ဘယ်သူ့ကိုမှ ကဲ့ရဲ့ပြစ်တင်နေစရာ မလို ။ အားလုံး သူမသာ ၊ ကိုယ်မသာ
ချည်းပါပဲခင်ဗျာ ။
ဒါပေမဲ့
ဒီတရားလေးရဲ့ အားကိုးချင်စရာတချက်က လူအများသိသာနိုင်လောက်တဲ့ အပေါ်ယံအဓိပ္ပါယ်လေးက ရှိနေလို့ပါပဲ
။ အဲဒါက ( ကြမ်းတမ်းတဲ့ ပရိယုဌာန လောဘစိတ်တွေ ၊ ဒေါသစိတ်တွေ ဖြစ်မလာအောင် ကြိုးစားယူလို့
ရတယ် ၊ ဒီလိုကြိုးစားနေနိုင်သူကိုလဲ တရားသိသူ ၊ တရားရှိသူလို့ခေါ်တယ် ) ဆိုတဲ့အဓိပ္ပါယ်ပါပဲ
။ အကောင်းဆုံး ကြိုးစားနည်းကတော့ သတိပဌာန်ပွားများတာပါပဲ ။ လောဘဖြစ်နေစဉ်ခဏ ဖြစ်ဆဲလောဘစိတ်ကလေးကို
သတိကပ်ပြီး သိမှတ်နေလိုက်ရင် ၊ ဒေါသဖြစ်နေစဉ်ခဏ ဖြစ်ဆဲဒေါသစိတ်ကလေးကို သတိကပ်ပြီးသိမှတ်နေလိုက်ရင်
ဖြစ်လာဦးမဲ့ အကုသိုလ်စိတ်တွေနေရာမှာ ရှုမှတ်စိတ်ကလေးတွေပဲ ကြားဝင်ဖြစ်နေလို့ လောဘစိတ်ဖြစ်မရ၊ဒေါသစိတ်ဖြစ်မရ
ကြာတော့ အဲဒီစိတ်ဆိုးတွေ အားကောင်းမလာတော့ပဲ အားလျော့ပျောက်ပြယ်သွားရပါတယ် ။ (အရေးကြီးတာက
ဒီနေရာမှာ အကြောင်းကိုရှာမနေနဲ့နော် ၊ ဥာဏ်ပညာနုံ့နဲတဲ့ပုထုဇဉ်မို့ အာရုံဖက်စိတ်ကပြန်ညွှတ်သွားရင်
ချာလပတ်ရမ်း တတ်ပါတယ် ။)
ဒါကြောင့်မို့
လူ့လောကအလယ်မှာ တရားသိသူ တရားရှိသူဆိုတာ လောဘဖြစ်စရာအာရုံ ၊ ဒေါသဖြစ်စရာအာရုံ တွေနဲ့
တွေ့ရင် အပြင်ကိုပွင့်ထွက်လာအောင်ကြမ်းတမ်းတဲ့ လောဘစိတ်၊ဒေါသစိတ်တွေ အဖြစ်မခံပဲ သတိလေးနဲ့
ရှုမြင် ထိန်းသိမ်းနိုင်တဲ့သူကို တရားသိသူလို့ ခေါ်ဆိုနိုင်ပါကြောင်း ။ ။
( ၀ီမံသာ ) ၁၆-၉-၂၀၁၄
No comments:
Post a Comment