ဒီတခါနဲ့ဆိုရင် မြင်နေရတာသုံးခါရှိနေပြီ ။ အရင်အခါတွေတုံးကတော့
ပြောမနေပါဘူးလေ ၊ သူ့ဟာသူ သိသွားလိမ့်မယ် ၊ သူ့ပြောနေကိုယ်အလုပ်ပျက်တယ်ဆိုပြီး နေနေတာ
။ ဒီတခါတော့မဖြစ်တော့ဘူး ၊ ပြောမှသိ မဲ့ မိန်းမကို ပြောမှဖြစ်တော့မယ်လို့ စဉ်းစားလိုက်တာနဲ့
ကျနော့်အလုပ်လဲပျက်သွားပါလေရော ။ ။
ဒီလိုပါ
။ ကျနော်က မနက်အဆာပြေသွားရည်စာစားပြီဆိုရင် မစားခင် ဦးဦးဖျားဖျား ဘုရားကိုဆွမ်းကပ်၊
ဘုရားရှိခိုး ၊ ပဌာန်းနိဒ္ဒေသပူဇော် ၊ မေတ္တာပို့အမျှဝေပြီးမှ ဘုရားဆွမ်းတော်ကို ပြန်စွန့်ပြီး
စားတဲ့ အလေ့အကျင့် လေး မေမေတို့ဆီကရလို့ လုပ်ထားတယ် ။ ထမင်းကြမ်းဆိုရင်တောင် ညကျန်ဖြစ်မှာစိုးလို့
ထမင်းကြော်လေး ကြော်ပြီး ပူပူနွေးနွေး၊အငွေ့တထောင်းထောင်းလေးနဲ့ သေချာပြင်ဆင်ပြီးမှဘုရားကပ်ပါတယ်
။ ဒီ ဝေယျာဝစ္စ တွေကိုတော့ ကျနော့်မိန်းမက လုပ်ပေးပါတယ် ။ အဲဒီမှာ ကျနော်ဘာသွားတွေ့သလဲဆိုတော့
- ကျနော်က ဘုရားရှိခိုး စနေပြီ ၊ မိန်းမက ထမင်းကြော်လေးကြော်ပြီး ပန်းကန်လေးထဲ(တယောက်စာ)ထဲ့
၊ ဇွန်းလေးတပ် ၊ ဘုရားစင်ပေါ်တင် ၊ သူလဲကပ်၊ကိုယ်လဲကပ်ပေါ့ ။ ကျနော့်ဆွမ်းတော်ကပ်က ရိုးရိုးလေးပါ
။
(
ဘုရားတပည့်တော်သည် သံသရာဝဋ်ဆင်းရဲအပေါင်းမှ
လွတ်မြောက်စေရန် နိဗ္ဗာန် ကို ရည်မှန်း၍
ဤ ဆွမ်း၊ခဲဖွယ်ဘောဇဉ်၊ပန်း၊ရေချမ်း၊ဆီမီးတို့ကို ဆက်ကပ်လှုဒါန်းပူဇော်ပါ၏အရှင်ဘုရား
။ ထိုကုသိုလ်အကျိုး အားကြောင့် မဂ်တရား၊ဖိုလ်တရား၊နိဗ္ဗာန်တရားတော်မြတ်
ကို ရပါလို၏အရှင်ဘုရား ။ မဂ်ဥာဏ်၊ဖိုလ်ဥာဏ်၊
နိဗ္ဗာန်ချမ်းသာမြတ် ကို ရောက်ပါစေကြောင်း
အကြောင်းအထောက်အပံ့သည် ဖြစ်ပါစေအရှင်ဘုရား )
ဒါလေးပါပဲ
၊ ရိုးရိုးလေးပါ ။ ထားပါတော့ ၊ ခုနစကားပြန်ကောက်ရရင် အဲလို ကျနော်ဘုရားရှိခိုးနေဆဲ
မိန်းမရောက်လာ၊ဆွမ်းတော်ကပ်ဖို့ပြင်တော့ ကျနော်လဲဆွမ်းတော်ကပ်မယ်လို့ ကြည့်လိုက်တော့
သူက ဆွမ်း နှစ်ပန်းကန်ထဲ့လာတယ် ။ တပန်းကန်ကို ဘုရားရုပ်ပွားတော်ရှေ့ချတယ် ၊ ကျန်တပန်းကန်ကိုတော့
ဘုရားစင် ညာဖက်ထောင့်နား ဘုရားရုပ်ပွားတော်အောက် တပေခွဲလောက်နိမ့်တဲ့အရပ်မှာ တင်ထားတဲ့
ဘိုးတော်ရုပ်တု ရှေ့နား သွားချတယ် ။ ဆိုလိုတာက တလက်စတည်း ဘုရားလဲဆွမ်းကပ် ၊ ဘိုးတော်လဲဆွမ်းကပ်
၊ အဲလိုဖြစ်နေ တာပေါ့ ။ စကားစပ်မိလို့ ဒီ ဘိုးတော်အကြောင်းနဲနဲပြောရဦးမယ် ။ တကယ်တော့
ဒီဘိုးတော်က ကျနော့်ကို စောင့်ရှောက်နေတယ်လို့ မိန်းမကိုဗေဒင်ဆရာကဟောလိုက်လို့ ကျနော့်အတွက်
သူက ဘိုးတော်ရုပ်တုလေး ၀ယ်ပြီး အိမ်တွင်းဖခင်ကြီး(ကိုးမြို့ရှင်)ရိုးရာနတ်ကို ပူဇော်သလို
ပူဇော်ထားတာပါ ။ အားလုံးသိပြီးသားဖြစ်တဲ့ ဘိုးတော်ကြီးပါ ။ (အဘ ဘိုးမင်းခေါင် လေ)
ကျနော်က
ဂန္ဓာရီကျင့်စဉ်၊၀ိဇ္ဇာဓိုရ်တွေအကြောင်းလဲ နဲနဲပါးပါးစပ်စုထားတော့ သူတို့ရည်ရွယ်ချက်ကို
သိပါတယ် ။ သူတို့က ဒီဘ၀၊ဒီခန္ဓာကိုယ်နဲ့ကိုပဲ နောင်ပွင့်မဲ့ အရိမေတ္တေယျ မြတ်စွာဘုရားရှင်ကို ဖူးမြင်ချင်တယ် လေ ။ ဒါကြောင့် အသက်တမ်းကိုဆွဲဆန့်ထားလို့ရတဲ့
သမထ ကျင့်စဉ်တွေကို ပြင်းပြင်းထန်ထန်အားထုတ်ပြီး
ပေါက်မြောက်ထားတဲ့ပုဂ္ဂိုလ်တွေပါ ။ သမထအစွမ်းကြောင့် တန်ခိုးသိဒ္ဓိတစုံတရာ ရှိကြတယ် ။
ဒါပေမဲ့ တရား စစ်၊တရားမှန်မရသေးလို့ ၊ အရိယာသူတော်စင်တွေမဟုတ်သေးပါဘူး
။ ဘုရားရှင်ကိုအင်မတန်ကြည်ညိုပြီး ကိုယ်တိုင်ဖူးမြင် ကျွတ်တမ်းဝင်ချင်တဲ့အာသီသနဲ့ သာသနာပြုနေ
၊ သာသနာပြုသူတွေကို စောင့်ရှောက် နေတဲ့ အနရိယာ
ပုဂ္ဂိုလ်တွေပါ ။ ( အမှန်အတိုင်းပြောရရင် ကျနော့်ကို ပုဂ္ဂိုလ်တပါး စောင့်ရှောက်နေတယ်ဆိုတာ
ငယ် စဉ် (လူပျိုပေါက်) အရွယ်ထဲက ရိပ်မိပါတယ် ။ ညသန်းခေါင်ကျော် လူပြတ်တဲ့နေရာတွေ ၊
သင်္ချိုင်းကုန်းတွေ နားက ဖြတ်လျှောက်သွားရင် ၀တ်ဖြူစင်ကြယ်ပုဂ္ဂိုလ်တဦးဦး နောက်ကလိုက်လာနေသလို
ခံစားရဖူးပါတယ် ။ မေမေတို့ကလဲ နင့်နောက်က အဲလိုလိုက်လာသလိုလို မြင်ဖူးတယ်တဲ့ ။) ထားပါတော့လေ
။
ခုနလို
ဘုရားနဲ့ဘိုးတော် တပြိုင်နက်ဆွမ်းကပ်နေတဲ့ပုံစံကြီးကြည့်ပြီး ကျနော့်စိတ်ထဲတမျိုးကြီးဖြစ်နေ
တာ ၊ ခုမနက်တော့ မနေနိုင်တော့ဘူး ၊ မိန်းမကိုပြောမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့
ဘုရားရှိခိုး ခဏ
ရပ်သွားတယ် ။ စိတ်ကိုမနဲပြန်ထိန်း ၊
ပြီးမှ အေးဆေးပြောပြမယ်ဆိုပြီး ဘုရားကိုပြီးအောင်ရှိခိုးလိုက်ပါတယ် ။
ပြီးတော့ ကျနော့်ထုံးစံအတိုင်း ဘုရားဆွမ်းတော်စွန့်တော်မူပါဘုရားလို့
စိတ်ကဆိုပြီး အဲဒီပန်းကန်ဘေးချထား ၊ ဘိုးတော်ကြီးရှေ့က ပန်းကန်လေးအသာကိုင်ပြီး ( သာသနာပြု
ဝိဇ္ဇာဓိုရ် ဘိုးတော်ကြီးကိုလဲ ဆွမ်းကပ်လှုပါ တယ် ။ သာသနာလဲပြုပါ ၊ သာသနာပြုသူ၊သာသနာကိုကာကွယ်စောင့်ရှောက်သူများကိုလဲ
စောင့်ရှောက်ပါ ၊ စောင့်ရှောက်နိုင်ပါတယ် ) လို့ စိတ်က ရိုရိုသေသေဆိုပြီး ဆွမ်းကပ်လှုလိုက်ပါတယ်
။ ပြီးမှ မိန်းမကို ဒီလိုမျိုး အေးအေးဆေးဆေး ရှင်းပြတယ် ။
ငါ
နင့်ကို ဥပမာတခုပြောပြမယ် ။ ဆိုပါစို့ - ငါတို့လင်မယား ဘုန်းကြီးဆွမ်းကပ်မယ် ။ ဆွမ်းတော်ပွဲ
အကျအနပြင် ၊ ယူလာ ၊ ဘုန်းကြီးဆွမ်းစားပွဲပေါ်တင် ၊အဲဒီမှာ နင်ရောငါရောရိုသေတဲ့ ကျောင်းဆရာ(တို့ဆရာ)
ဆိုပါတော့ဟာ ၊ ဆရာလဲလာ တခါတည်းစားပါဆိုပြီး ဆရာ့အတွက်ထမင်းပွဲကို ဘုန်းကြီးဝိုင်းမှာတခါထဲတင်ပြီး
ကျွေးမယ်ဆိုရင် နင့်ဆရာရောစားရဲပါ့မလား ။ ဆရာတော်ကတရားရှိသူမို့ သည်းခံမယ်ဆိုတောင်
တင့်တယ်ပါ့ မလား ။ အောက်က ဘုန်းကြီးဆွမ်းကပ်ဖို့ လက်တပြင်ပြင်ရှိနေတဲ့ နင့်ယောက်ျားရော
ဘာဆက်လုပ်ရမှာလဲ ။ အေး - အဲလို ဘုန်းကြီးဝိုင်းမှာ လူကိုတခါတည်းရောမကပ်နိုင်ဘူးဆိုရင်
၊ ကုန်ကုန်ပြောမယ်ဟာ ။ ဒီနိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ သမ္မတတောင် ဘုန်းကြီးနဲ့တ၀ိုင်းထဲဝင်မစားရဲဘူးဆိုရင်
ဘုန်းကြီးတွေ(သံဃာ)ရဲ့ ဖခင်ဖြစ်တဲ့ (သံဃာဟာ ဘုရားသားတော်ဖြစ်တယ်ဆိုတာအမှတ်ရနော်) မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့
(ဘယ်လို ပဲ တန်ခိုးရှင်ဖြစ်ပါစေ အရိယာတောင်မဟုတ်သေးတဲ့ အနရိယာ လူပုဂ္ဂိုလ်) ဘိုးတော်တပါးနဲ့
တတန်းထဲထား ပြီးတော့ ဆွမ်းတော်ကပ်သင့်ပါရဲ့လား ။ လူမဟုတ်တဲ့ တန်ခိုးရှိနတ်ဆိုပေမဲ့
အသူရကာယ်ဘုံသား အစောင့် အရှောက်နတ်တွေကိုရော ဘုရားနဲ့တတန်းထဲထား ကပ်လှုသင့်ပါရဲ့လား
။ တန်ခိုးအရာမှာ ဗြဟ္မာတွေတောင် မနိုင်ဘူးဆိုတဲ့ ၊ ဘုရားရှင်ကို အမြဲနှောင့်ယှက်ခဲ့တဲ့
မာရ်နတ်ကြီးဟာ ရှင်ဥပဂုတ္တရဟန္တာကြီးကိုတော့မနိုင်ဘူး ။ သူရှုံးတော့ ရှင်ဥပဂုတ္တမထေရ်ကြီးခိုင်းတာလုပ်ရတယ်
။ မထေရ်ကြီးက မာရ်နတ် သင်က ဘုရားကိုမြင်ဖူးခဲ့ တော့ ငါ့ကို ဘုရားရှင်ပုံဖန်ဆင်းပြစမ်းပါ
၊ ငါမြင်ဖူးချင်လို့ဆိုတော့ မာရ်နတ်ကြီးက ဖန်ဆင်းပြရတယ် ။ မထေရ် မြတ်ကြီးဟာ မာရ်နတ်ကြီးဖန်ဆင်းပြတဲ့
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တုနှိုင်းမဲ့အသရေတော်ကို မြင် လိုက်ရတဲ့အခါ မာရ်နတ်ကြီးကိုမေ့ပြီး
ဘုရားအမှတ်နဲ့ရှိခိုးလိုက်မိတယ် ။ မာရ်နတ်ကြီးလဲတွေ့ရော လန့်ဖြတ်ပြီး ဘုရားအသွင်ပျောက်
၊ စကြ၀ဠာတံတိုင်းထိအောင် လွင့်စင်ထွက်သွားတော့တယ် ။ (ဒါကြောင့် သူသေချာမှာခဲ့ တာ ၊
အရှင်ဘုရား တပည့်တော်ကိုမရှိခိုးနဲ့နော်လို့ ၊) ဒီလောက်တန်ခိုးကြီးတဲ့ မာရ်နတ်ကြီးတောင်
ဘုရားသား တော် ရဟန္တာကြီးရဲ့ ဘုရားအမှတ်နဲ့ရှိခိုးတာကိုတောင် ထိတ်လန့်တုံလှုပ်သေးရင်
သူတို့တွေခမျာ(အောက်ဆင့် အစောင့်နတ်တွေနဲ့ ဘိုးတော်တွေ) ဘုရားနဲ့တတန်းထဲထားပူဇော်တာကို
ခံယူရဲပါ့မလား ။ နင်တို့ ကိုးကွယ်ပုံ မှားယွင်းနေသေးတယ် ။ တကယ်ဆို ဖြစ်သင့်တာက ဘုရားကိုဆွမ်းတော်တင်
၊ ဘုရားရှိခိုးပြီးမှ ပြန်စွန့်တဲ့ဆွမ်း၊ သို့မဟုတ် အခြားဆွမ်းတခုခုကို ကိုယ့်အပေါ်စောင့်ရှောက်လိုသူတွေအတွက်
ကျေးဇူးသိတတ်သောအားဖြင့် ရိုသေလေးစားစိတ်နဲ့ လှုဒါန်းခြင်း၊မေတ္တာပို့ခြင်းမျိုးသာ ပြုအပ်ပါတယ်
။ ဒါဆို သူတို့လဲအနေမခက် ၊ အမြင်လဲ တင့်တယ် ၊ ကုသိုလ်လဲရ ၊ ကိုယ်အလိုရှိရာတွေလဲ အောင်မြင်နိုင်မှာပါ
။ နင်ခုနလုပ်ပုံမျိုးနဲ့တော့ ဘိုးတော်ကြီး မှာ မာရ်နတ်ကြီးနဲ့ရှင်ဥပဂုတ်ဖြစ်သလို စိတ်ဆိုးရအခက်၊ငိုရအခက်ဖြစ်နေပါဦးမယ် လို့ ရှင်းပြလိုက်ရပါတယ် ။
ဒီလောက်ဆိုရင်တော့
မိန်းမလဲ သဘောပေါက်လောက်ပြီထင်ပါတယ် ။ နောင် ဒီလိုအပြုအမူမျိုးမှာ သတိထားဆင်ခြင်သွားနိုင်လိမ့်မယ်
ထင်ပါတယ် ။ ဒါတောင် မိန်းမတို့သဘာဝ မပြောသာပြောသာ ဆင်ခြေကန် လိုက်သေးတယ် ။ ( ကျမလဲ
စိတ်ထဲကနေ ဘုရားအရင်ကပ်ပြီးမှ ဘိုးတော်ကိုကပ်တာပါ ) တဲ့ ။ သြော် - - -
ကျနော် ပြုံးမိမလိုလို ဖြစ်သွားရပါတယ်
။ ရုတ်တရက်ပဲ ကဗျာချိုးလေးတခု စိတ်ထဲ ကောက်ပေါ်လာ၊ကောက် စပ်လိုက်မိပါတော့တယ် ။ ကဗျာ
နာမည်က မိန်းမဆွမ်းကပ် ယောက်ျားဘုရားရှိခိုး
တဲ့ ။ ဒီကဗျာလေးကို ရေး မပြခင် မြင်သာအောင်လို့ နောက်ခံအခင်းအကျင်းလေးကို နဲနဲခင်းပြပါဦးမယ်
။
ကျနော်တို့ဘုရားခန်းက
ဘုရားစင်(ဆွမ်း၊ပန်း၊ရေချမ်း)တင်တဲ့နေရာက လူရဲ့ ရင်ဘတ်သာသာလောက် (အမြင့် လေးပေခွဲခန့်)မှာရှိတယ်
။ အဲဒီစင်နဲ့ တတန်းထဲ ညာဖက်ခြမ်းမှာ ဘိုးတော်(ဘိုးမင်းခေါင်)ရုပ်တု တင် ထားတယ် ။ ဘုရားရှင်ရုပ်ပွားတော်
စံပယ်တဲ့ ဘုရားကျောင်းဆောင်လေး(ပလ္လင်တော်နှင့်တကွ)က လူတရပ် သာသာ (အမြင့် ခြောက်ပေကျော်လောက်)
အလယ်ခေါင်တည့်တည့်မှာ ရှိတယ် ။ ကျနော်က ဘုရားရှင်ကို မြင် သာတဲ့ အောက်ကြမ်းခင်းမှာ
ကျုံ့ကျုံ့ထိုင်ဘုရားရှိခိုးနေတယ် ။ မိန်းမက ပန်းကန်လေးနှစ်ချပ်ယူလာ ။ ဘယ် လက်က ပန်းကန်ကို
ဘုရားရှေ့တည့်တည့် စင်ပေါ်ချ ၊ ညာလက်က ပန်းကန်ကို ဘိုးတော်ရုပ်တုရှေ့နား ကပ်ချ ကဲ -
ဒီလောက်ဆို မြင်ယောင်မိပြီထင်ပါတယ် ။ ကျနော့်ကဗျာလေး ဖတ်ကြည့်ကြပါကုန် ။
မိန်းမဆွမ်းကပ် ယောက်ျားဘုရားရှိခိုး
ဘယ်လက်က
အရင်ပို့
အဲဒါ
ဘုရားဖို့ ။
ညာလက်က
နောက်မှထား
ဘိုးတော်
နောက်မှစား ။
အောက်ကယောက်ျား
ဒုက္ခများ
ကန်တော့ပါသေးရဲ့ ဘုရား ။ ။
ဝီ မံ သာ
( 14-3-2014 )
No comments:
Post a Comment