Sunday, September 21, 2014

၎ ။ အနန္တရ ပစ္စယ (နိဒ္ဒေသ)



စက္ခုဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
သောတ၀ိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ဃာနဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ဇိဝှါဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ကာယဝိဉာဏဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာစဓမ္မာ မနောဝိဉာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ  ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေယေဓမ္မာ ဥပ္ပစ္ဇန္တိ စိတ္တစေတသိကာဓမ္မာ
တေတေဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

အနန္တရ ပစ္စည်း ဆိုတာ အခြားမရှိ ဆက်တိုက်ဖြစ်ခြင်းဖြင့် ကျေးဇူးပြုတတ်တဲ့သဘောပါပဲ။ ဘုရင်သေတာနဲ့ တပြိုင်နက် သားတော်ဘုရင်ဖြစ်သလိုပါပဲဟု ရှေးပညာရှိများဥပမာပြုကြပါသည်။ စိတ်တခုဖြစ် ၊ ဖြစ်ပြီးတာနဲ့ပျက်သည်။ ထိုပျက်သည်၏နောက်မှ ဘဝင်စိတ်ပင်မခြားပဲ နောက်စိတ်တခု ချက်ခြင်းဖြစ်သည်။ ဘဝင်စိတ်ဆိုသည်မှာ အိပ်ပျော်နေ စဉ် ဘာကိုမှ မစဉ်းစား၊အာရုံမပြုသော စိတ်မျိုးကိုခေါ်သည်။ ထိုအခြားမရှိဆက်ကာ၊ဆက်ကာ ဖြစ်ကြသော စိတ်အစဉ်တို့ ၏ ဖြစ်ပျက်ပုံကို အသေးစိတ် ရှင်းလင်းဖော်ပြထားပါသည်။

မြင်စိတ်တခုဖြစ်၏၊ ဖြစ်ပြီးချက်ခြင်းပျက်၊ ပျက်တာနှင့်တပြိုင်နက် မြင်စိတ်ကိုအကြောင်းပြု၍ မြင်သိစိတ်ဆက်ဖြစ် သည်။ ဘဝင်မခြားပါ။ထိုမြင်သိစိတ်ဖြစ်ပြီး ချက်ခြင်းပျက်၊ ပျက်တာနှင့်တပြိုင်နက် ၄င်းကိုအကြောင်းပြု၍ အသိစိတ်လေး ဆက်ကာဖြစ်သည်။ ဘဝင်မခြားပါ။
(အဘိဓမ္မာသည် ပရမတ္ထတရားများ၏ သဘောသဘာဝကို ရှင်းလင်းဖော်ပြသောတရားဖြစ်၍ အလွန်သိမ်မွေ့ နက်နဲပါသည်။ ဤနေရာတွင် ဉာဏ်ကြီးကြီးစိုက်၍ ရှုစေချင်ပါသည်။)

မြင်စိတ်(စက္ခုဝိဉာဏဓာတု)သည် မျက်စိအကြည်ရုပ်ရှိရာ နေရာတွင်ပင် ဖြစ်ပြီးနောက်ပျက်ပါသည်။ အခြားကို မကူးနိုင်ပါ။(ထိုစိတ် ဖြစ်တိုင်းတွင်လည်း ယှဉ်တွဲဘက်ဖြစ်သော ဝေဒနာ၊သညာ၊မနသိကာရ စသည့် စေတသိက်(၇)ခုတို့ အတူဖြစ်၍အတူပျက်ကြပါသည်)။  ကပ်လျက်ဆက်တိုက်ဖြစ်သော မြင်သိစိတ်(မနောဓာတု) သည် နှလုံးအိမ်၌ ဖြစ်ပြီး နောက်ပျက်ပါသည်။ ထိုစိတ်နှင့်ယှဉ်လျက် ဝိတက်၊ဝိစာရ၊အဓိမောက္ခအပါအဝင် စေတသိက်(၁၀)ခုတို့ အတူဖြစ်၊အတူ ပျက်ကြပါသည်။ ထိုစိတ်၏နောက် အခြားမရှိ ဆက်ကာဆက်ကာဖြစ်သောအားဖြင့် ကျေးဇူးပြုလိုက်သော အသိစိတ် (မနောဝိဉာဏဓာတု)တွင်မူ ဆုံးဖြတ်ခြင်းသဘော(အဓိမောက္ခ)အပြင် နှစ်သက်ခြင်းသဘော ပီတီစေတသိက်ပါ ထပ်မံ၍ ယှဉ်တွဲပါဝင်လာကာ အတူဖြစ်၍ အတူပျက်ကြရပါသည် ။
          ဤနည်းအားဖြင့် မြင်စိတ်၊ကြားစိတ်၊နံစိတ်၊စားစိတ်၊ထိစိတ်တို့သည် မျက်တောင်တခတ်၊ လျှပ်တပြက်အတွင်း ကုဋေတသိန်းမျှသောအမြန်နှုံးဖြင့် ဘဝင်အပိုင်းအခြားမရှိ ဆက်ကာဆက်ကာဖြစ်ကြပြီး ဘာကိုမြင်တယ်၊ ဘာကိုကြား တယ်၊ ဘာနံ့နံတယ်၊ ဘာကိုစားတယ်၊ ဘာကိုထိတွေ့တယ်လို့ သိတဲ့စိတ်တွေဖြစ်ကြရတာ အနန္တရပစ္စည်းက ကျေးဇူး ပြုလိုက်တာပါပဲ။ ထိုသို့သိလိုက်ရသဖြင့် ငါမြင်တယ်၊ငါကြားတယ်၊ငါပူတယ်၊အိုက်တယ်၊သူပြောတယ်၊ငါကြားတယ်၊သူထိုး တယ်၊ငါနာတယ် စသည် စသည် သိသမျှသောအရာတို့သည် စိတ်တွေ အကြားအလပ်မရှိ ဆက်တိုက်ဖြစ်၊ပျက်နေသော
သဘောမျှသာဖြစ်၍  ပုဂ္ဂိုလ်၊သတ္တဝါ၊ငါ၊သူတပါး၊ယောက်ျား၊မိန်းမဆိုတာ ခေါ်စရာပညတ်မျှသာဖြစ်တယ် ။ တကယ်အရှိ မဟုတ်လို့ ပိုင်းခြားသိလိုက်ရင် အတ္တအယူ သက္ကာယဒိဋ္ဌိ ကွာပါသည်။ စိတ်တခုသည် ဖြစ်ပြီးနောက်တည်မနေ၊ချက်ခြင်း ပျက်သွားသည့်သဘောကိုသိလိုက်ရသဖြင့် အမြဲတည်သည်ဟူသောအယူ ဿဿတဒိဋ္ဌိ ပြုတ်ပါသည်။ ပျက်စိတ်၏ နောက် ဘဝင်မခြား ဆက်ကာဆက်ကာဖြစ်သည်ဟု သိလိုက်ရသဖြင့် ဘဝပြတ်အယူ ဥစ္ဆေဒ ဒိဋ္ဌိ ပြုတ်ပါသည်။

          ခက်ခဲရှုပ်ထွေးလှသော စိတ်အစဉ်၏ ဖြစ်မှုပျက်မှုတို့တွင်သာ အနန္တရ ပစ္စည်း၏ ကျေးဇူးပြုတတ်ကြောင်း ရှိသည် မဟုတ်။ လူတို့ စဉ်းစားဆင်ခြင်နားလည်နိုင်သော ကောင်းမှု၊မကောင်းမှု ကုသိုလ်၊အကုသိုလ်ကိစ္စများတွင်လည်း အနန္တရ ပစ္စယသတ္တိ ရှိကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရှင်းလင်းဟောကြားတော်မူခဲ့ပါသည်။

          ဘုရားရုပ်ပွားတော်ကို ဖူးမြင်ရ၍ ကြည်ညိုလိုက်တာဟု စိတ်တွင်ဖြစ်သည်။ ထိုစိတ်သည် သဒ္ဓါ၊ ပီတိ တို့နှင့်ယှဉ် သော ကုသိုလ်စိတ်ဖြစ်သည်။ ထိုကြည်ညိုစိတ်ကိုအကြောင်းပြု၍ ဘုရားပန်းကပ်ချင်လိုက်တာဟု စိတ်တွင်ဆက်ကာဖြစ် သည်။ ထိုစိတ်သည် အလောဘစေတနာနှင့်ယှဉ်၍ဖြစ်သော ဒါနကုသိုလ်စိတ်ဖြစ်သည်။ ကုသိုလ်တရားတခုမှ နောက် ကုသိုလ်တရားတခုသို့ အခြားမရှိဆက်ကာဖြစ်ခြင်းသဘောသည် အနန္တရ ပစ္စည်း အထောက်အပံ့ပင်တည်း။
          ဘုရားပန်းကပ်မည် ဟူသော ကုသိုလ်စိတ်ဖြင့် ပန်းကိုယူသည်။ ကပ်လှုသည်။ ပန်းသည် ရုပ် အဗျာကတဖြစ်၏။ ယူခြင်းအမူအရာ၊ကပ်လှုခြင်းအမူအရာတို့သည်လည်း သဏ္ဍာန်ရုပ် အဗျာကတဖြစ်၏။ ကုသိုလ်တရားတခုမှ အဗျာကတ တရားတခုသို့ ဆက်ကာဖြစ်ခြင်းသဘောပင်။

          ဒီကောင် ငါ့ကိုဆဲတယ်(မကျေနပ်ဘူး)ဟူသောစိတ်သည် ဒေါသနှင့်ယှဉ်သော အကုသိုလ်စိတ်တည်း။ ငါရိုက် လိုက်ရ သေတော့မယ် ဟူသောစိတ်သည် ဗျာပါဒနှင့်ယှဉ်သော အကုသိုလ်စိတ်ပင်။ အကုသိုလ်တရားမှ နောက်ထပ် အကုသိုလ်တရားသို့ ဆက်ကာဖြစ်ခြင်းသဘော ဖြစ်၏။ ဒီကောင့်ကိုရိုက်မယ်ဟု တုတ်လှမ်းဆွဲခြင်း ၊ ရိုက်ခြင်းသည် အကုသိုလ်တရားမှ အဗျာကတတရားသို့ အနန္တရ ပစ္စည်းဖြင့် ကျေးဇူးပြုခြင်းမည်၏။ (ရိုက်မယ်ကြံခြင်း၊ရိုက်မှုပြုခြင်း တို့သည် အကုသိုလ်၊ တုတ်၊ ဆွဲဟန်၊ရိုက်ဟန် တို့သည် အဗျာကတဟု ခွဲခြားပါ)

          ဤနေရာတွင် အဗျာကတအကြောင်းကို အနဲငယ်ရှင်းလိုပါသည်။ အဗျာကတသည် ကုသိုလ်မဟုတ်၊အကုသိုလ် မဟုတ်၊ သို့သော် ကုသိုလ်၊အကုသိုလ်တို့ကို ကျေးဇူးပြုနိုင်သည်။ ရုပ်ဝတ္ထုပစ္စည်း၊လူကိုယ်၊နွားကိုယ်၊နတ်ကိုယ် စသည့် ရုပ်သက်သက်သည် စိတ်ခိုင်းစေခြင်းမပါဝင်က အသေအတိုင်းပင်၊ထို့ကြောင့် ကုသိုလ်၊အကုသိုလ်မဟုတ်၊အဗျာကတသာ ဖြစ်၏။ စိတ်တွင်လည်း ကုသိုလ်၊အကုသိုလ်စေတသိက်များ ပူးယှဉ်ခြင်းမရှိသော မြင်ရုံမျှ၊ကြားရုံမျှ၊သွားရုံမျှ၊အသက်ရှုရုံမျှ (ပကတိသင်္ခါရ)စိတ်တို့ သည် ကုသိုလ်၊အကုသိုလ်မဟုတ်သေး၊ အဗျာကတစိတ်ပင်ဖြစ်ပါ၏။ ဥပမာ လူတိုင်းအသက်ရှု၏။ အမှုမဲ့အမှတ်မဲ့ပင်။ အကြင်ယောဂီပုဂ္ဂိုလ်သည် ရှုခြင်းကိုသိမှတ်၍သတိပြု၍နေလျှင် ပညာ၊သတိ ကုသိုလ်ဖြစ်၏။ တချို့က ငါအသက်ရှုသည်ဟု အမှတ်ပြု၏ ။ အမြင်မှားခြင်း(မောဟ)အကုသိုလ်တည်း ။ ကျန်လူတို့သည် အမှတ်မပြုပဲလဲ အသက် ရှုနေကြ၏ ။ ကုသိုလ်မဖြစ်၊သို့သော်အကုသိုလ်လဲမဖြစ်ပါ။ အဗျာကတသာဖြစ်၏။

          ထို့ကြောင့် အဆင်းရူပါရုံ အဗျာကတကို မြင်၍ အမှုမဲ့အမှတ်မဲ့ ဆက်လျှောက်သွား၏။ ထိုမြင်ရုံမျှသဘောသည်လဲ အဗျာကတသာဖြစ်၍ အဗျာကတာဓမ္မာ - အဗျာကတာနံဓမ္မာနံ အနန္တရ ပစ္စယ သဘောဖြစ်ပါသည်။ ဘုရားရုပ်ပွားတော်၊ ပန်း စသည့် အဗျာကတကို အာရုံပြု၍ ကြည်ညိုစိတ်၊ ကပ်လှုပူဇော်လိုစိတ် စသည့် ကုသိုလ်တရားတို့သည် အနန္တရပစ္စယ အထောက်အပံ့ဖြင့် အဗျာကတာဓမ္မာ - ကုသလာနံဓမ္မာနံ ဖြစ်ပါ၏။ မိန်းမလှရုပ် အဗျာကတကို အာရုံပြု၍ လိုချင်တပ်မက် စိတ် အကုသိုလ်၊ တုတ်၊ဓါး၊လက်နက် အဗျာကတ အားကိုးဖြင့် သတ်ဖြတ်၊ညှင်းဆဲ၊အနိုင်ကျင့်လိုစိတ် အကုသိုလ်များ ဖြစ် ပေါ်လာရခြင်းသည် အခြားမရှိဆက်ကာဖြစ်ခြင်းအားဖြင့် အဗျာကတာဓမ္မာ - အကုသလာနံဓမ္မာနံ ဖြစ်ပါသည်။
ချစ်စွာသောစာရှုသူ - - ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့နှင့် ကောင်းမှု၊မကောင်းမှုအစုစုတို့၏ ဖြစ်ခြင်း၊ပျက်ခြင်းတရား ခပ်သိမ်းတို့သည် မိမိသန္တာန်တွင်သာ ဆက်ကာဆက်ကာ ဖြစ်နေ၊ပျက်နေသည့်သဘောကို ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်၍ ကြည့်ပါကုန်။ မြင်မှု၊ကြားမှု၊နံမှု၊စားမှု၊ထိမှု၊သိမှု၊ရှုမှု၊ရှိုက်မှု အစုစုတို့ကို ငါမြင်၊ငါကြား၊ ငါထိ၊ငါသိ၊ ငါရှု၊ငါရှိုက်ဟု ထင်နေရ ခြင်းသည် သညာဝိပ္ပလ္လာသ (မှတ်သားမှုဖုံးကွယ်နေခြင်း) သာဖြစ်၍ တကယ့်သဘာဝအမှန်မှာမူ စိတ်တခုပျက်၊ နောက် စိတ်တခုဆက်ဖြစ် ဟူသည့်အစဉ်အတိုင်း အကြားအလပ်မရှိ ဆက်ကာဆက်ကာဖြစ်ပျက်နေခြင်း အနန္တရ ပစ္စယသတ္တိ အကြောင်းအထောက်အပံ့သာရှိ၏ဟု အမှန်မြင်ပါလျှင် သက္ကာယဒိဋ္ဌိပျောက်ပါသည်။ အကြောင်းရှိသ၍ ဖြစ်ဦးမည်ကို သိပါက ဘဝပြတ်အယူ ဥစ္ဆေဒ ဒိဋ္ဌိ ငြိမ်းပါသည်။ ဖြစ်ပြီးသမျှ ပျက်ရ ဓမ္မတာနှင့် အကြောင်းမဲ့မဖြစ်တတ်သောသဘောကို သိမြင်ပါက မြဲသည်တည်သည်ဟူသောအယူ ဿဿတဒိဋ္ဌိ ပြုတ်ပါသည်။
ထိုနည်းတူစွာ ဒါန၊သီလ၊ဘာဝနာ ကုသိုလ် တရားအစုစုတို့ကို ငါ့ဒါန၊ ငါ့သီလ၊ ငါ့ဘာဝနာဟူ၍လည်းကောင်း၊  လောဘ၊ဒေါသ၊မောဟ အကုသိုလ်တရားအစုစုတို့ကို  ငါ့လောဘ၊ ငါ့ဒေါသ၊ ငါ့မောဟဟူ၍လည်းကောင်း ထင်မြင်ယူဆ နေကြခြင်းသည် အမှန်မဟုတ်။
ကုသိုလ်တရားမှ ကုသိုလ်တရားဆက်ကာဖြစ်ခြင်း၊ အကုသိုလ်တရားမှ အကုသိုလ်တရားဆက်ကာဖြစ်ခြင်း၊ အဗျာကတတရားမှ ကုသိုလ်တရား/အကုသိုလ်တရား ဆက်ကာဖြစ်ခြင်း စသဖြင့် အနန္တရပစ္စည်း အကြောင်း အထောက် အပံ့ ကြောင့်သာဖြစ်ကြရကုန်၏ဟု အမှန်မြင်ပါလျှင် သက္ကာယဒိဋ္ဌိပျောက်ပါသည်။ ငါစွဲပြုတ်သည်နှင့် မြဲသည်/ပြတ်သည် ဟူသောအယူအလွဲများလည်း ကင်းစင်ပါတော့သည်။  ဒိဋ္ဌိပြုတ်၍ ဟုတ်နိုးနိုးသံသယရှင်းကာ ယုံကြည်မှုအားခိုင်မာစွာဖြင့် ဆင်ခြင်သုံးသပ်ပွားများအားထုတ်သွားမည်ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် စသည်ဖြစ်နိုင်၍  တိဟိတ်ပုဂ္ဂိုလ် မဟုတ်သေးပါကလည်း ပါရမီအဆင့်ဆင့် ရင့်ကျက်၊မြင့်တက်ကာ ကလျာဏ ပုထုဇဉ်၊ စူဠသောတာပန်အဖြစ်တို့ကိုရနိုင်၍ ဒုက္ခလေးရွာ၊အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်စခန်းအလှမ်းမဝေးတော့ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။        


                                                                              ဝီမံသာ
(၂၂-၈-၂၀၁၃)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည် ။ (စာရေးသူ)

No comments:

Post a Comment