Saturday, September 20, 2014

(၂၄)ပစ္စည်း မဟာပဌာန်းတရားတော် (နိဒ္ဒေသ) မြန်မာပြန်



( ရည်ရွယ်ချက် နှင့် ဆန္ဒ )
        ပဌာန်းဟူသည် အမျိုးမျိုးသောအကြောင်းတို့ကို ဟောသောတရားဖြစ်၏။ အကျဉ်းချုပ်ရသော် (၂၄)ပစ္စည်း နည်း (၂၄)မျိုးဟုရ၏။ အကျယ်ချဲ့လျှင်မူကား လူတို့နားနှင့်မဆန့် လူတို့သင်္ချာဖြင့်တွက်ရေမရနိုင်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် နတ်သားဖြစ်နေသောမယ်တော်ကိုအကြောင်းပြု၍ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး မရပ်မနားဟောတော်မူရ၏။ ထိုသို့ မရပ်မနား ရေတံခွန်စီးကျသလို ဟောတော်မူသော အဘိဓမ္မာ(၇)ကျမ်း တရားတော်ထဲမှ နောက်ဆုံးထားဟောရသော အနန္တနရသမန္တ မဟာပဌာန်းကျမ်းတော်ကြီးသည် ဗုဒ္ဓမြတ်စွာ၏ ရွှေဉာဏ်တော်အစုံ ဖြန့်ထွက်ကျက်စားရာဖြစ်သဖြင့် ပထမဆုံးသော ရောင်ခြည်တော်(၆)သွယ် ကွန့်မြူးပေါ်ထွက်တော်မူရသော ဒေသနာတော်လည်း ဖြစ်ပါသည်။ ထိုမျှ ကျယ်ဝန်းနက်နဲလှသော မဟာပဌာန်းကျမ်းတော်ကြီး၏ ဂုဏ်တော်တွေကို ဖွင့်ဆိုပါလျှင် စာရှုသူတို့၏ အချိန်ကိုဖြုန်းရာ ရောက်ပါမည်။ ပဌာန်းတရားကိုနားလည်ခဲ့ပါလျှင် အမြင်မှား(ဒိဋ္ဌိ)နှင့် ယုံမှားသံသယ(ဝိစိကိစ္ဆာ) ကင်းနိုင်၏။ ထို့ကြောင့် အပါယ်လေးပါးမှ လွတ်ရာ၏။ အကျဉ်း(ပစ္စယုဒ္ဒေသ)မျှသာ ပြောပြန်လျှင်မူ ရှင်သာရိပုတြာလို မဟာဥာဏ်ကြီးရှင်မှသာ
ချဲ့ထွင် စဉ်းစား နားလည်နိုင်ပေမည်။ ထို့ကြောင့် မကျဉ်းမကျယ် အလယ်အလတ်(နိဒ္ဒေသ)ပါဠိတော်ကို မှီး၍ ကျွန်ုပ်၏ ဉာဏ်မီသလောက်ဖြင့်သာ လူအများနားနှင့်ဆန့်နိုင်ရန် ပြန်ဆိုပါမည်။ ရည်ရွယ်ချက်ကား အမှန်ကိုမြင်၍ အပါယ်လေးပါး မှ လွတ်စေလိုသော စေတနာသာဖြစ်ပါ၏။ ထိုစေတနာမှန်ဖြင့် ဤဓမ္မဒေသနာ၊ဓမ္မဒါနကောင်းမှုကြီးကို ပြုလုပ်ရသော ကံ အကြောင်းတရားအတွက် တခုကိုသာရလိုပါ၏။ ကျွန်ုပ်သည် ငွေကြေး၊အောင်မြင်ကျော်ကြားမှု၊လူအထင်ကြီးခံရမှုတို့ကို နှမ်းတစေ့မျှမရလိုပါ။ ပဌာန်းဒေသနာတော်ကို မျှဝေရင်း၊ဆင်ခြင်သုံးသပ်ရင်းဖြင့် မြတ်စွာဘုရားရှင်၏ သဗ္ဗညုတရွှေဉာဏ် တော်ကြီးသည် ကျွန်ုပ်၏သန္တာန်တွင် အရိပ်အယောင်မျှ ကိန်းဝပ်ကာ သံသရာကို ဖြတ်တတ်သော၊ ကိလေသာကို သတ် တတ်သော မဂ်တရား၊ဖိုလ်တရား၊ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်တို့သာ ဖြစ်ရပါလို၏။ နိဗ္ဗာန်ကိုသာ ဉာဏ်ဖြင့် မျက်မှောက်ပြုရပါ လို၏ ဟု ဆန္ဒပြုအပ်ပါသည် ။     

၁။ ဟေတုပစ္စယ (နိဒ္ဒေသ)
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ ဟေတု ပစ္စယေန ပစ္စယော ။
          ဟေတု ဟူသည် မူလအကြောင်းတရားဖြစ်၏။ အပင်တပင်၏ ရေသောက်မြစ်ကဲ့သို့ ထိုအပင် ပွားစည်ပင်ခြင်းကို
ကျေးဇူးပြုတတ်သည်။ ထိုအကြောင်းတရားကား(၆)ပါးတည်း။ ကုသိုလ်ဟိတ်(၃)ပါး - အလောဘ၊အဒေါသ၊အမောဟ နှင့် အကုသိုလ်ဟိတ်(၃)ပါး လောဘ၊ဒေါသ၊မောဟတို့ ဖြစ်၏။ လောဘသည် လိုချင်တပ်မက်ခြင်း။ ဒေါသသည် အမျက်ထွက် ကြမ်းကြုတ်ဖျက်ဆီးတတ်ခြင်း၊မကျေနပ်ခံပြင်းခြင်း။ မောဟသည် တွေဝေမိုက်မဲခြင်း၊မသိနားမလည်ခြင်းဖြစ်၏။ ကုသိုလ် ဟိတ်(၃)ပါးသည် အကုသိုလ်ဟိတ်(၃)ပါးနှင့် ဆန့်ကျင်ဖက်သဘောရှိသည်။ အလောဘသည် ပေးကမ်းစွန့်ကြဲလိုခြင်း၊ အလိုရမ္မက်နဲပါးခြင်း။ အဒေါသသည် နူးညံ့သိမ်မွေ့ ကောင်းကျိုးဆောင်တတ်ခြင်း၊အကောင်းမြင်တတ်ခြင်း၊(မေတ္တာ)ဓါတ်။ အမောဟသည် အမှား၊အမှန်၊ အကြောင်း၊အကျိုးကို တတ်သိနားလည်ခြင်း၊ ကျွမ်းကျင်လိမ္မာခြင်း(ပညာ)ဓါတ်ဖြစ်၏။ ထိုဟိတ်(၆)ပါးသည် တပါးဖြစ်စေ နှစ်ပါး၊သုံးပါးစုံ၍ဖြစ်စေ မိမိ၏ အတိတ်ဘ၀ကံ အကြောင်းအားလျော်စွာ မိမိသန္တာန်တွင် မွေးကတည်းကပါလာကြ၏။ ကုသိုလ်ဟိတ် တပါးမျှပါမလာသည့် ပုဂ္ဂိုလ်ကို အဟိတ်ပုဂ္ဂိုလ်ဟုခေါ်၏။ တိရိစ္ဆာန်တို့တွင် ကုသိုလ်ဟိတ် တပါးမျှမပါ၊ ထို့ကြောင့် အဟိတ်တိရိစ္ဆာန်ဟုခေါ်ရ၏။ လူသည် တိရိစ္ဆာန်နှင့် ဘာကွာသနည်း၊  စဉ်းစား ဆင်ခြင်ဉာဏ်၊အကြောင်းအကျိုး သိတတ်သောဉာဏ် လူတွင်ရှိ၏။(အမောဟဟိတ်တည်း) စဉ်းစားတတ်သောကြောင့်ပင် လူသည်တိရိစ္ဆာန်ထက် သာလွန်မြင့်မြတ်ခြင်းဖြစ်၏။ ထို့ကြောင့် စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့ကာ တွေဝေမိုက်မဲလွန်းသူ ကို လူ့တိရိစ္ဆာန်ဟု သမုတ်ကြကုန်၏။
          အတိတ်ကံပါရမီပြည့်စုံသဖြင့် ကုသိုလ်ဟိတ်(၃)ပါးစလုံးပါလာခဲ့သူကို တိဟိတ်ပုဂ္ဂိုလ်ဟုခေါ်သည်။ ထိုသူသည် နူးညံ့သိမ်မွေ့ပြီး သနားကြင်နာတတ်၏၊မေတ္တာဓါတ်ကြီးမား၍ အများကောင်းကျိုးဆောင်လို၏၊အလိုရမ္မက်မကြီး၊ ပေးချင်၊ ကမ်းချင်၊လှုချင်၊တန်းချင်တတ်၏။ဉာဏ်ပညာ၊အမြော်အမြင်နှင့် ပြည့်စုံသူဖြစ်သည်။သင်ကြားတတ်မြောက်လွယ်သူ၊ဆုံးမ နာယူလွယ်သူဖြစ်သည်။ အဆိုပါ တိဟိတ်ပုဂ္ဂိုလ်များသည် ယခုဘဝတွင်ပင် သူတော်ကောင်းတရားနာကြားရပါက နိဗ္ဗာန် ကို မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ဖြင့် မျက်မှောက်ပြုနိုင်ကာ အရိယာသူတော်စင်များ ဖြစ်နိုင်ပါသည်။ သို့ပါ၍ မိမိတွင်ကုသိုလ်ဟိတ် (၃)ပါးစလုံးမပါလာစေကာမူ လူအဖြစ်ကိုရရှိပြီးဖြစ်၍ အနဲဆုံး အမောဟ ဟိတ်ကလေးတော့ပါလာပါသည်။ 
ထိုသို့သော စဉ်းစားဆင်ခြင်ဉာဏ်လေးကို အသုံးပြုကာ တိဟိတ်ပုဂ္ဂိုလ်တို့ကို အားကျအတုယူပြီး ကုသိုလ်တရားပွားများ ကြပါက လူမှန်လျှင် စူဠသောတာပန် အရိယာအငယ်စားကလေးတော့ ဖြစ်နိုင်ပါသေးသည်ဟု အားတက်ဖွယ်သတင်း စကား ပြောကြားရပါ၏။  ထိုသို့မှမဟုတ် တိရိစ္ဆာန်စရိုက်တွေ အားကြီးပြီး ကြီးနိုင်ငယ်ညှင်း၊ ဘနဖူးသိုက်တူး၊ ဘယ်သူ သေသေ ငတေမာပြီးရော စိတ်မျိုးဖြင့် ဆိုးချင်တိုင်းဆိုးကြပါလျှင်မူကား - - အကုသိုလ်ဟိတ်(၃)ပါး၏ လားရာကိုပြလို ပါ၏။    လောဘဟိတ်အကြောင်းအထောက်အပံ့ဖြင့် လောဘစိတ်နှင့်သေလျှင် ပြိတ္တာဖြစ်ရမည်။ ဒေါသဟိတ်အကြောင်း အထောက်အပံ့ဖြင့် ဒေါသစိတ်နှင့်သေလျှင် ငရဲကျရမည်။ မောဟဟိတ်အကြောင်းအထောက်အပံ့ဖြင့် မောဟစိတ်နှင့်သေ လျှင် တိရိစ္ဆာန်ဖြစ်ရမည် ။ ဤကား အကုသိုလ်ဟိတ်၏ အကျိုးဆက်ပင်တည်း။
          အမှန်တရားကိုသိမြင်လို၍ ကောင်းမှုမြတ်နိုးကောင်းအောင်ကျိုးပမ်းလိုသည့် ချစ်စွာသောစာရှုသူ - - - မိမိကိုယ် မိမိ ဉာဏ်ဖြင့်ဆင်ခြင်ကြည့်ပါလေ။ ဖြစ်လာရသမျှသော ကောင်းမှု၊မကောင်းမှု၊ ကောင်းကျိုး၊မကောင်းကျိုးတို့သည် ပုဂ္ဂိုလ် သတ္တ၀ါ၊ငါသူတပါး၊အတ္တကလုပ်လို့ဖြစ်သလော။ ဖြစ်စရာအကြောင်းတရား ဟိတ်(၆)ပါးကြောင့်ဖြစ်သလော။ ထိုမေးခွန်း ကို ဖြေနိုင်ပါက ငါဟုစွဲယူစရာ ဘာမှမရှိသည့်သဘောကို ကောင်းစွာနားလည်ကာ သက္ကာယဒိဋ္ဌိ ပြုတ်ပါ၏။ ဖြစ်ဦးမည့် သဘော အကြောင်းတရားဟိတ်(၆)ပါးရှိနေသ၍ ကောင်းမှု၊မကောင်းမှုတွေ ဆက်ဖြစ်နေဦးမည်ကို ကောင်းစွာမြင်ပါက
ဘ၀ပြတ်၏ဟူသောအယူ ဥစ္ဆေဒ ဒိဋ္ဌိ ကင်းပါ၏။ ဟိတ်(၆)ပါးအကြောင်းတရားတို့သည် ယှဉ်တွဲဖြစ်စရာတရားတို့ဖြင့်သာ အတူယှဉ်တွဲဖြစ်လေ့ရှိပြီး အကြောင်းမဲ့ထမဖြစ်တတ်သော သဘောကို နားလည်ပါလျှင် အမြဲရှိနေသည်ဟု ယူစွဲသော  ဿဿတဒိဋ္ဌိ ပြုတ်ပါသည်။ အမြင်မှားခြင်းမရှိတော့သူသည် မိမိခန္ဓာတွင် ဉာဏ်ဖြင့်ဆင်ခြင်၍ ရလာသောအသိအပေါ် သို့လောသို့လော မဆုံးဖြတ်နိုင်သော သံသယကင်းရှင်းလျက် ယုံကြည်မှုသဒ္ဓါ ခိုင်မာအားကောင်းခဲ့ပါလျှင် တိဟိတ်ပုဂ္ဂိုလ် မှန်ပါက ယခုဘ၀တွင်ပင် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာပြုတ်၍ ဖြစ်ခြင်း၊ပျက်ခြင်း ကင်းရာအမှန် မြတ်နိဗ္ဗာန်ကို ပထမသောတာပတ္တိမဂ် ဉာဏ်ဖြင့် မျက်မှောက်ပြုနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ဟေတုပစ္စယကို အန္တရာယ်ကင်းရွတ်ဖတ်ရုံမျှမကပဲ ထိုဟိတ်(၆)ပါး အကြောင်းတရားတို့၏ သဘောအမှန်ကို မိမိခန္ဓာနှင့်နှိုင်းယှဉ်ကာ ဉာဏ်ဖြင့်ဆင်ခြင်ပွားများအားထုတ်ပါက မဂ်ဉာဏ်၊ဖိုလ် ဥာဏ်၊နိဗ္ဗာန်အသင်္ခတဓါတ်ကို အရှင်လတ်လတ် မျက်မှောက်ပြုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ။           




                                                                              ဝီမံသာ
(၁၈-၈-၂၀၁၃)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည် ။ (စာရေးသူ)

No comments:

Post a Comment