Saturday, September 20, 2014

အဓမ္မ ရဟန်းကို သံဃာခေါ်ထိုက်၊မခေါ်ထိုက်



ဟိုတနေ့ကကြားလိုက်ရတဲ့သတင်း နားမချမ်းသာစရာကောင်းလှသည် ။ မိမိမှာ လူပုဂ္ဂိုလ်သာ ဖြစ်သဖြင့် ရေးသင့်၊မရေးသင့် အတော်ကြီးကို ချင့်ချိန်နေရပါသည် ။ သို့သော် ထိုအကြောင်းအရာက ခေါင်းထဲ ဆူးစူးသလို တစစ်စစ်ကိုက်ခဲနေပါ၍ မျက်စိစုံမှိတ်ကာ ရေးချလိုက်ရပါသည် ။ အဂါရဝစကားပါခဲ့ပါက သည်းခံခွင့်လွှတ်ပါရန် အရိယာ၊သမုတိ သံဃာတော်အစစ်တို့ကို ရှိခိုးတောင်းပန်ပါသည်ဘုရား ။
ရန်ကုန်မြို့ တာမွေ၊နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကြီးကို ညကြီးအချိန်မတော် လုံထိန်းကားများဖြင့် ပိတ်ဆို့ကာ ကျောင်းတိုက်တွင်းရှိ သံဃာတော်(၂၀)ပါးခန့်ကိုမှန်လုံကားကြီးများဖြင့် ခေါ်ဆောင်သွားသည့်သတင်းကို ကြားရသည် ။ လူ ပရိတ်သတ်(၃၀)ကျော်ကိုလဲ အတင်းအကြပ်ဖမ်းဆီးသွား ကြောင်းသိရသည် ။ တိုင်းသံဃာ့မဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ တိုင်းသာသနာရေးဦးစီးဌာနမှ ရဲများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဟု သိရသည် ။ ပိုဆိုးသည်မှာ အဆိုပါကျောင်းတိုက်၏ ကျောင်းထိုင်နာယက ဆရာတော်ဖြစ်တော်မူသည့် ပီနန်ဆရာတော်ကြီးမှာ ဂျပန်သို့ သာသနာပြုခရီးသွားနေ၍ မရှိခိုက်တွင် ထိုသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည် ။ အမိန့်တခုက ပါလာပါသည် ။ ပိုင်ဆိုင်မှုအငြင်းပွားနေသော ကျောင်းတိုက်ဖြစ်၍ ချိပ်ပိတ်လိုက်သည် ။ အရှုံးအနိုင်ပေါ်မှ နိုင်သောသူကျောင်းထဲပြန်ဝင်စေ ဟူသတည်း ။
ရာဇ ၊ ဓမ္မ နှစ်ဌာနစလုံး ပါဝင်ပတ်သက်နေရသော အင်မတန်အရေးကြီးသည့် ကိစ္စရပ်ကြီးကို ခုလို အမိန့်ထုတ်လိုက်ပုံက အတော်ပင် ကလေးကလားဆန်လွန်းသည် ။ သာသနာရေးဦးစီးဌာနသည် သာသနာ ရေးဝန်ကြီးဌာန၏လက်အောက်ဖြစ်ပါလျက် ထိုကိစ္စရပ်ကြီးအတွက် အဘယ့်ကြောင့် ဝန်ကြီးခွင့်ပြုမိန့် ယူရ ကောင်းမှန်း မသိသနည်း ။ ယူခဲ့သည်ဆိုလျှင်လဲ နိုင်ငံတော်ဘာသာဖြစ်နေသော ဗုဒ္ဓဘာသာကျောင်းတိုက် ကြီးတခုကို ခုလိုလုပ်မည့်ကိစ္စကြီးသည် နိုင်ငံတော်ပုံရိပ်ကို ထိပါးနိုင်လောက်သည်ဟု တွေးဆလျက် အဘယ့်ကြောင့် နိုင်ငံတော်သမ္မတကြီးသို့ တင်ပြခွင့်တောင်းခြင်း မပြုလုပ်ခဲ့ပါသနည်း ။ အလွန် ချင့်ချင့်ချိန်ချိန် လုပ်သင့်သောကိစ္စကြီးကို လူခြေတိတ်ချိန်ဝယ် အလောတကြီး ၊ ခိုးကြောင်ခိုးဝှက် ဝင်ရောက်စီးနင်းပိတ်ဆို့ ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် (အပြစ်ရှိလို့လုပ်တယ်ဆိုတောင်မှ) ဒီမိုကရေစီနိုင်ငံတခု၏ လုပ်ထုံးလုပ်နည်း မဟုတ် ။ အာဏာရှင်လုပ်ထုံးလုပ်နည်းကြီးပင်တည်း ။ အဆိုးဆုံးမှာ အိမ်ရှင်မရှိခင် ဓါးပြဝင်တိုက်သလို အဖြစ်မျိုး ပြည်သူတွေက မြင်သွားကြမည်ဖြစ်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းအနေနှင့်ရော ၊ ဦးဆောင်သံဃာ အဖွဲ့အစည်းအနေနှင့်ပါ လွန်စွာမှ ရှက်ဖို့ကောင်းလှပေသည် ။
ထိုကိစ္စကြီးကို ညွှန်ကြားခဲ့သော ဦးဆောင်သံဃာအဖွဲ့(တိုင်းသံဃာ့မဟာနာယက)ကို တပည့်တော် အနဲငယ်မေးလျှောက်ပါရစေ ။                                                                                         - အရှင်ဘုရားတို့ ဓမ္မဝိနယခုံရုံး ဖွဲ့၍ ဝိနည်းတော်နဲ့အညီ စစ်ဆေး၊စုံစမ်း ပြီးပြီလား ဘုရား ။ (အရှုံးအနိုင်မပေါ်သေးဟုဆိုထားသည့်တွက်) ဓမ္မဝိနယနဲ့အညီ ဆုံးဖြတ်ခြင်းမျိုးမရှိသေးကြောင်း ပေါ်လွင်နေပါသည်။                                                                                                 
  -       အရှင်ဘုရားတို့ သံဃာ့ဝိနိစ္စယအမှု ၊ သံဃပကာသနိယကံများရော အဆိုပါကျောင်းတိုက်အပေါ် ပြုပြီးပြီလားဘုရား ။ မြတ်စွာဘုရားရှင်သော်မှ သံဃာသင်းခွဲသော ရှင်ဒေဝဒတ်ကို သံဃာ့ပကာသနိယ ကံပြုပြီးမှ ကျောင်းတိုက်မှနှင်ထုတ်ခွင့်ရှိသည်ကို အရှင်ဘုရားတို့ အသိဆုံး ဖြစ်မှာပါဘုရား ။ (ယခုမူ ဝိနည်းနှင့်အညီမဆုံးဖြတ်ရသေး ၊ ဓမ္မဝိနစ္စယအမှု မပြုလုပ်ရသေး ၊ သံဃာ့ပကာသနိယကံ မဆောင်ရသေးပဲနှင့်) သိမ်သမုတ်ထားသော ကျောင်းတိုက်ကြီးတခုတွင် သီတင်းသုံးနေတော်မူသော အရိယာ/သမုတိ သံဃာတော်တို့ကို မင်းမှုထမ်း ၊ လက်နက်ကိုင် များကို အသုံးချလျက် အဘယ့်ကြောင့် အတင်းအကြပ် ဆွဲချခြင်းအမှု ပြုနိုင်ကြ ပါသလဲ အရှင်ဘုရား ။
နောက်ထပ်သတင်းတပုဒ်အရ ထိုကျောင်းတိုက်တွင်လက်ရှိသီတင်းသုံးနေသော သံဃာတော်များသည် ကျူးကျော်များဖြစ်သဖြင့် ခုလိုချိပ်ပိတ်၊နှင်ထုတ်ရကြောင်း တာဝန်ရှိသူတဦးမှ ပြောခဲ့ပါသည် ။ လူပုဂ္ဂိုလ် ကျူးကျော်တဲကို အတင်းဆွဲချရင်တောင် အများပြည်သူအမြင် မသင့်တော်သေးတာ ဘုန်းကြီးကို ကျူးကျော်မို့ဆွဲချတယ်ဆိုတာ တော်တော်လူကြားမကောင်းပါဘူး ။ ပြန်စဉ်းစားကြပါဦး ။ ကောင်းမွန်သောအစိုးရတခုရဲ့
ပုံရိပ်တွေ ထိခိုက်ပျက်စီးစေနိုင်ပါတယ် ။
မည်သည့်ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်စေ ယခုပြုမူလိုက်သောအမှုကိစ္စကြီးကတော့ ညွှန်ကြားသူ သံဃမဟာနာယကအဖွဲ့ဆိုသူများ အနေဖြင့် ဓမ္မဝိနယနှင့် မညီသောကြောင့် အဓမ္မ သာ ဖြစ်၏ဟု ဘုရားသားတော်အစစ် ၊ အရိယာသံဃာတော် များကတော့ ရှုမြင်ကြလိမ့်မည်ဖြစ်ပေသည် ။ ဘုရားရှင်အလုပ်အကျွေးအစစ် အရိယာပုဂ္ဂိုလ် ဥပါသကာ ၊ ဥပါသိကာမ များကတော့ အကြည်ညို ပျက်ကြပေလိမ့်မည် ။ ထိုပြုခဲ့သော အဓမ္မ အကုသိုလ်ကံတို့၏ အကျိုးဆက်ကို သံသရာတွင် နင့်သီးစွာ ပေးဆပ်ကြရပေဦးမည်မှာ ရင်လေးစရာကောင်းလှပါသည် ။ ယခု ပစ္စုပ္ပန်တွင် ဝိနယဓမ္မကိုမဆောင် ၊ ဥစ္စာ ၊ အာဏာ အားကိုးနှင့် အဓမ္မကိုဆောင်ကြသော ရဟန်းတို့အား သံဃာ ဟု ခေါ်ထိုက်၊မခေါ်ထိုက် ဆိုသည်ကို ဘုရားရှင်သာသနာကို စောင့်ရှောက်တော်မူကြသော ဘုရားသားတော်အစစ် အရိယာ၊သမုတိ သံဃာတော်အရှင်သူမြတ်အပေါင်းတို့က အသေအချာ သုံးသပ်၊ဆုံးဖြတ် ပေးတော် မူကြပါရန် တပည့်တော် ရိုသေ၊ဦးခိုက် လျှောက်ထားလိုက်ပါသည် အရှင်သူမြတ်များဘုရား ။

                                                                             ( ဝီမံသာ )

No comments:

Post a Comment