ကျနော် ခုတလော
သာရေးနာရေး၊သာသနာရေးပွဲတွေမှာ ရေစက်ချအမျှဝေရင်ကြားနေရတာတခု နားထဲမှာ တမျိုးလေးဖြစ်နေတယ်
။ ( အားလုံး ကြားကြသမျှ ကုသိုလ် အမျှ၊အမျှ၊အမျှ
ယူတော်မူကြပါကုန်လော့ ) တဲ့ ။ ဘယ် ဆရာ စထွင်လိုက်တယ်မသိ ။ အဲဒီအမျှပေးနေသူတွေကို(ကတ်သီးကတ်သတ်လို့ပဲထင်ထင်)မေးကြည့်ပါရစေ
။ ခင်ဗျား တို့ အမျှပေးတဲ့ဟာက ကုသိုလ်မဟုတ်လို့ အခြားဘာများဖြစ်စရာရှိသေးလို့လဲဗျာ
။ ဒါလေးတခုတော့ စိတ်ချယုံကြည်စွာ ရှိစေချင်ပါတယ် ။ စဉ်းစားကြည့်ကြပါ ၊ ဘာပွဲလုပ်လုပ်
- လှုဒါန်းမှု၊ကျွေးမွေးမှု ပါစမြဲ ၊ ဒါနကုသိုလ် ။ ထားပါတော့ဗျာ ၊ ကျွေးနေ၊မွေးနေစဉ်မှာ
စိတ်ကဟိုရောက်ဒီရောက် ၊ အာရုံတွေ အထွေထွေအပြားပြားနဲ့ အကုသိုလ်တွေ ကြားဝင်ဦးမယ် ဆိုတာ
နားလည်နိုင်ပါတယ် ။ အဲ - ဆရာတော်၊သံဃာတော်တွေ ပရိတ်တော်တွေရွတ်ဖတ် ၊ နိဗ္ဗာန်ရောက်ကြောင်းတရား
ဒါမှမဟုတ် ကုသိုလ်နဲ့စပ်သောတရားတွေ ဟောကြားနေချိန် ရိုရိုသေသေထိုင်၊အာရုံလေးစိုက်၊စိတ်ဝင်တစားနားထောင်
နေရုံနဲ့ ဓမ္မသာဝနကုသိုလ်ကြီး စဖြစ်နေပါပြီ ၊ တရားစဉ်လျှောက်နှလုံးသွင်းနိုင်၊ဆင်ခြင်ရှုမှတ်နိုင်မယ်ဆိုရင်
တခါမှမရဘူး တဲ့ အမြတ်ဆုံး လောကုတ္တရာကုသိုလ်တွေတောင် ဖြစ်နိုင်ပါသေးတယ် ။ တရားဆုံးတော့
ရေစက်ချအမျှပေးတယ် ဆိုတာ မိမိနဲ့ထပ်တူ သတ္တ၀ါတွေ ကုသိုလ်ရကြပါစေ ဆိုတဲ့ မေတ္တာကုသိုလ်ကြီးက
အရင်းတည်ပြီးသားပါ ။ ကဲဘယ်မှာလဲဗျာ ၊ အဲအချိန်လေး အကုသိုလ်ဝင်မရှုပ်နိုင်ပါဘူးဗျာ ။
ကုသိုလ်စိတ်ချည်းပဲ အနန္တရပစ္စည်းနဲ့ ဆက်ဖြစ်သွားတာပါ ။ ခုတော့ ဒီမှာ အားလုံးကြားသမျှ
ကုသိုလ် အမျှ ယူကြပါဆိုတော့ မိမိကိုယ်ကို မယုံကြည်ရာရောက်နေပါတယ် ။ မိမိကိုယ်ကိုမှ
မယုံကြည်နိုင်ရင် ရတနာ(၃)ပါးအပေါ် ယုံကြည်တဲ့၊ကြည်ညိုတဲ့ သဒ္ဒါတရားဟာ ဒီခေတ် သူများဘာသာအယူဝါဒတွေ
ကြားမှာ ခါးသီးတဲ့စမ်းသပ်မှုတွေ ခံနေရဦးမှာပါ ။ ကြားတဲ့သူက ဘယ်လို တွေးမိလဲဆိုတော့
သြော် သူ့ခမျာ - -သူ့မှာအကုသိုလ်တွေများလွန်းပြီး မှားပါသွားမှာစိုးလို့ ရှိစုမဲ့စု
ကုသိုလ်လေးထဲ့ဆို အမျှဝေနေရရှာပါလားလို့ ၊ ကဲ ဒီတော့ ကုသိုလ်ရှင်ဟာ မုဒိတာပွားစရာမဖြစ်ရပဲ
ကရုဏာသက်စရာဖြစ်သွားရပါတော့တယ် ။
သင်ပေးတဲ့ ၊ ထွင်ပေးတဲ့ ဆရာတွေကိုလဲ (ပညာရှိ
သတိဖြစ်ခဲ)ဖြစ်မှာစိုးလို့ တခု ထောက်ပြပါရစေ ။ အဲဒါက - ကုသိုလ်တရားဟာ တိုးပွားတဲ့သဘောရှိပြီး အကုသိုလ်တရားဟာ ဆုတ်နစ်တဲ့သဘောရှိတယ်
ဆိုတာပါပဲ ။ ကုသိုလ်ဟာ ၀ိဇ္ဇာဥာဏ်ဦးစီးပြီး(ကာမာဝစရကုသိုလ်တောင် လောကီဝိဇ္ဇာဥာဏ်ဦးဆောင်ပါတယ်)
အကုသိုလ်ဟာ အ၀ိဇ္ဇာဥာဏ်ဦးစီး ပါတယ် ။ အ၀ိဇ္ဇာ(အမှန်မသိခြင်း)ဟာ အမှောင်သဘောရှိပြီး ၀ိဇ္ဇာ(အမှန်သိခြင်း)ဟာ
အလင်းသဘောရှိပါတယ် ။ အလင်းရောင်ဟာ တိုးပွားတဲ့သဘောရှိပြီး အမှောင်ကတော့ဆုတ်နစ်တဲ့သဘောရှိပါတယ်
။ အလင်းမရောက်ခင်သာ အမှောင်တွင်ကျယ်နိုင်ပြီး ဒီအမှောင်ထုကြီးဟာလဲ တိုးပွားသထက်တိုးပွားလာရိုး
ထုံးစံမရှိပါဘူး ၊ အလင်းရောက်ရင် တော့ အမှောင်ထုဟာ မနေနိုင် ၊ ပြိုကွဲ ပျောက်ကွယ်ရပါတယ်
။ နေထွက်ချိန်ကိုကြည့်ပါ ။ အလင်းတွေတစတစတိုးပွား လာတာနဲ့အမျှ အမှောင်ထုကြီး တစတစဆုတ်နစ်ပျောက်ကွယ်သွားတာ
တွေ့မှာပါ ။ ပိုပြီးရှင်းအောင် မေးခွန်းလေးတခု မိတ်ဆွေတို့ကိုမေးချင်ပါတယ် ။ ခင်ဗျားတို့
ဆီမီးတိုင်အလင်းကိုသယ်ဆောင်ပြီး တတိုင်ပြီးတတိုင် မျှဝေထွန်းညှိ အလင်း တွေတိုးပွားအောင်လုပ်လို့ရသလို
အမှောင်ထုကြီးကိုသယ်ဆောင်ပြီး တထုပြီးတထု တိုးပွားမှောင်မိုက်အောင် လုပ်လို့ရပါ သလားခင်ဗျာ
။ ဒါဟာ အဘိဓမ္မာသဘောနဲ့ ပြောရမယ်ဆို ကုသိုလ်စိတ်ကလေးဖြစ်နေချိန်မှာ ပီတိ၊သုခ စေတသိက်တွေ
သောမနဿဝေဒနာစေတသိက်တွေ တိုးပွားများပြားလာလေ့ရှိပြီး
အကုသိုလ်စိတ်ကလေးဖြစ်နေချိန်မှာ ကုက္ကူစ ၊ ဗျာပါဒ တွေ ၊ ဒေါမနဿဝေဒနာစေတသိက်တွေ ယှဉ်လာလို့
ရှေ့မတိုးပဲ ဆုတ်နစ်သွားတတ်ကြတာပါ ။ ကုန်ကုန်ပြောရရင် လောဘတဏှာ အကုသိုလ်ကြောင့် ပီတိ၊သုခ
ဖြစ်ရတယ်ဆိုတောင် ပမာဏတခုလောက်အလိုပြည့်ချိန် ပီတိ၊သုခလဲ ရပ် သွားပြီး ကုက္ကူစ ၊ ဗျာပါဒ
ပြန်ဝင်တတ်ပါတယ် ။ ဥပမာ ရိုင်းရိုင်း(ထင်ရှားအောင်) ပြရရင် (လင်မယားတွေ သံဝါသမှု၊ မေထုန်မှု)
ပြုနေချိန်နဲ့ အလိုပြည့်၊ပြီးသွားချိန် ဖြစ်တဲ့စိတ်တွေ ယှဉ်ကြည့်ရင် သိနိုင်ပါတယ် ။
တချို့ သတိပဌာန် အကျင့် ရှိသူများမှာ အဲဒီကိစ္စပြီးချိန်မှာ သံဝေဂဥာဏ်တောင် တန်းဖြစ်တတ်ပါသေးတယ်
။
ဒါကြောင့်မို့ ကုသိုလ်ရှင်အပေါင်းကို အလေးအနက်၊စေတနာရှေ့ထားမှာကြားလိုတာကတော့
ကုသိုလ်အမှုပြု နေချိန် ၊ အရေးအကြီးဆုံး တရားနာနေချိန်မှာ တရိုတသေ ၊ အာရုံစူးစိုက်ပြီး
နာကြားရင်းဆင်ခြင် ဒီလိုနေနိုင်ကြမယ်ဆိုရင် ဘာအကုသိုလ်မှ ဖြတ်ဝင်နိုင်စရာမရှိလို့ အမျှပေးရင်လဲ
(ထဲ့မပြောလဲ) ကြားရသူတွေက ကုသိုလ်ချည်းပဲ ရသွားကြမှာပါ ။ ဒါလေးတခုတော့ စိတ်ချယုံကြည်စွာ
( အားလုံး ကြားကြသမျှ အမျှ၊အမျှ၊အမျှ ယူတော်မူကြပါကုန်လော့ ) လို့ ဆိုနိုင်ကြပါ စေကြောင်း
ကုသိုလ်ရှင်အပေါင်းတို့ခင်ဗျာ ။
( ၀ီမံသာ )
No comments:
Post a Comment