ဘုရားသားတော်အစစ် ဖြစ်တော်မူကြကုန်သော (၁) အရိယာသံဃာတော်အရှင်မြတ်ကြီးများ
၊ (၂) ဘုရားရှင် အဆုံးအမ ၊ ၀ိနည်းတော်တို့ကို ထိန်းသိမ်းစောင့်ရှောက် ဆောက်တည်လျက်
ပရိယတ် ၊ ပဋိပတ် ၊ ပဋိဝေဓ သာသနာ တော် သုံးရပ်ကို ပြန့်ပွားရှင်သန်စေရန် ကြိုးပမ်းအားထုတ်နေသော
၊ ခေတ်ကာလ၏တောင်းဆိုချက်၊လိုအပ်ချက်အရ အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေးကို
ကိုယ်ကျိုးမဖက်ဆောင်ရွက်နေကြသော သမုတိ သံဃာစစ် ၊ သံဃာမှန် အရှင်သူမြတ်အပေါင်းတို့ကို
တပည့်တော် ဤစာစုကိုမရေးမီ တောင်းပန်လျှောက်ထားလိုပါသည်ဘုရား ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သာသနာတော်ကြီးကို သန့်ရှင်းစင်ကြယ်စေလိုသော
တပည့်တော်၏ စေတနာဇောကြောင့် အဂါရ၀ သဘော စာမချောပဲ မနောဘ၀င် မကြည်လင်စေခဲ့မိပါက မေတ္တာ၊ကရုဏာရှေ့ထား၍
နားလည်ခွင့်လွှတ်ပေးတော်မူပါရန် ကြိုတင်ရှိခိုးတောင်းပန်အပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ဘုရား
။
ယနေ့ခေတ်အခါတွင်
လူတချို့တို့သည် လူ့လောကတွင်စီးပွားဥစ္စာရှာမရ ၊ အောက်ကျနုံခြာလူရာမ၀င်ဖြစ်လာ၍ သော်လည်းကောင်း
၊ ရာဇ၀တ်ဘေး၊ဘယာဘေး အန္တရာယ်တစုံတရာမှလွတ်မြောက်လိုပါ၍ သော်လည်းကောင်း ၊ အခြား သော အကြောင်းအမျိုးမျိုးတို့ကြောင့်
ခိုလှုံရာရှာသည့်အနေဖြင့် ဘုရားအရိပ်၊သံဃာအရိပ်ကို ခိုဝင်ကာ ရဟန်းပြုခဲ့ကြ သည်များလဲ
ရှိပါသည်။ ထိုသူတို့အနက် တချို့မှာ တရားတော်၏ ဧမြသောအရိပ်စစ်ကို ခိုလှုံမိကာ သံဝေဂဥာဏ်ပေါက်
၊ နိဗ္ဗာန်ရောက်ကြောင်းတရား ပွားများအားထုတ်လျက် ဘုရားသားတော်အစစ်ဖြစ်သွားသူများစွာ
ရှိသကဲ့သို့ တရားအရိပ်ကို မခိုလှုံမိကြသော သူတချို့လဲ ရှိနေပါသေးသည် ။ ထိုသူတို့မှာ
တရားသဘောကို နားမလည်ကြသောအခါ ရဟန်းပြုရခြင်း ၏ အဓိပ္ပါယ်၊အနှစ်သာရနှင့်တန်ဖိုးကို မသိတတ်ကြတော့ပဲ
တလွဲမြင်၊တလွဲတွေး၊ တလွဲအယူအဆများဖြင့် ဆက်လက် နေထိုင်နေကြပါတော့သည် ။ ဥပမာ - ငါ လူ့ဘ၀တုံးကမှ
အနေအစားမချောင်၊ဒုက္ခရောက်သေးတယ် ၊ ခု ဘုန်းကြီးဝတ် မှ အေးရာအေးကြောင်း စားလိုက်၊အိပ်လိုက်
အချိန်တန် ထွက်အလှုခံလိုက် တယ်ဟန်ကျတာပဲ ဆိုတာမျိုး ၊ ဒီကောင်တွေ ငါ လူဝတ်နဲ့တုန်းက
ဆေးဖော်ကြောဖက်တောင်မလုပ် ၊ ငါ့တွေ့ရင်ပိုက်ဆံချေးမှာကြောက်လို့ ထွက်ပြေးခဲ့၊ငြင်းလွှတ်ခဲ့တဲ့
ကောင်တွေ - ခု ဘာတတ်နိုင်သေးလဲ ၊ ငါလာတာနဲ့ တန်းရှိခိုးကြ ၊ ငါအလှုခံတာနဲ့ မငြင်းရဲဘူး
ရှိတာလေးတွေ ထုတ်လှု ကြ နဲ့ တယ်ဟုတ်တဲ့ ဘုန်းကြီးဘ၀ပါလား ဆိုတာမျိုး - - အဲလိုတွေ ထင်သွားတတ်ကြပါတယ်
။
ဒီနေရာမှာ
အလျဉ်းသင့်လို့ ဆရာကြီးဦးသုခရဲ့ (ရဟန်းစားသောဆွမ်းတနပ်) ပညာပေးအနုပညာလေးကို သတိရ မိပါတယ်
။ ကျနော် အဲဒီရုပ်ရှင် သေချာမကြည့်လိုက်ရပေမဲ့ ဆရာကြီးဦးသုခရဲ့ ဆိုလိုရင်းအနှစ်သာရကို
စမ်းဝါးမိပါတယ် ။ ရဟန်းတော်ရဲ့ တထပ်တည်းစားရသောဆွမ်းဟာ ဆင်ခြင်မှုနဲ့ပညာကပ်လို့စားမယ်ဆိုရင်
နတ်သုဓ္ဓါထက်ပိုမွန်မြတ် ၊ လှုဒါန်းသူရော စားသူပါ နိဗ္ဗာနပစ္စယ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်း
ဖြစ်နိုင်ပါတယ် ။ ဒီဆွမ်းကိုပဲ မဆင်မခြင်စားမိရင်တော့ - သံတွေခဲထက်ပိုပူလောင် ၊ လှုဒါန်းသူကို
သဒ္ဓါတရားမတိုးပွားပဲ ဆုတ်ယုတ်သွားစေတာ ၊ မိမိ မှာ ဒီဆွမ်းကိုစား နိဗ္ဗာန်အတွက်အားမဖြစ်ပဲ
ကာမ အား ၊ တဏှာအားတွေ ပွားလာရင်တော့ အပါယ်လေးပါးစာ ဖြစ်သွား နိုင်ပါတယ် လို့ သတိပေးလိုတာပါ
။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက
သူ့တပည့်စာသင်သားတွေကို ပြောသတဲ့ ။ မောင်ပဉ္စင်းတို့
ဘာလို့စာသင် ကြသလဲ တဲ့ ။ (ငါ စာတတ်လာလို့ ဓမ္မာစရိယဖြစ်လာရင် ဆိုင်းဘုတ်ကြီးတွေထောင်လို့
တရားဟောစားမယ် ၊ တရားသား တပုဒ်ကောင်းကောင်းဟောနိုင်ရင် နာမည်ကြီးမှာပဲ) အဲလို လာဘ်လာဘ
၊ ထင်ပေါ်ကျော်ကြားမှုအတွက်ဆိုရင်တော့ စာသင်မနေပါနဲ့ ၊ အိပ်နေတာက ပိုမြတ်သေးတယ် လို့
သင်ကြားသတိပေးတော်မူခဲ့ပါတယ် ။ မှန်လိုက်တာ ၊ ပရိယတ္တိဓမ္မ ဆိုတာ အလွန့်အလွန်သိမ်မွေ့နက်နဲခက်ခဲလွန်းတဲ့
မြတ်ဗုဒ္ဓရဲ့ မဂ်၊ဖိုလ်၊နိဗ္ဗာန် လောကုတ္တရာတရားကိုးပါးကို မိမိဥာဏ်မှာ ထိုးထွင်းသိမြင်နိုင်ဖို့
၊ ကျင့်ကြံအားထုတ်တဲ့နေရာမှာ မတိမ်းမစောင်း လမ်းကြောင်းတည့်မှန်ဖို့ အထောက်အကူပြုတဲ့
အနေနဲ့သင်ကြားရတာတကြောင်း ၊ မိမိ သိရှိ / စမ်းဝါးမိတဲ့ သစ္စာလေးပါးအမှန်တရားကို လောကသတ္တ၀ါတွေ
သိရှိ နားလည်စေခြင်းငှါ တဆင့်ပြန်ဟောကြားနိုင်ဖို့အတွက် သင်ကြားရတာတကြောင်း ၊ ဒီလိုရည်ရွယ်ချက်ကောင်းတွေသာ
ထားရှိအပ်ပါတယ် ။
အထက်ဖော်ပြပါ
အချက်(၂)ချက်ကိုကြည့်ရုံနဲ့ ရတနာ(၃)ပါးထိုက်တဲ့ ရဟန်းသံဃာတော်အဖြစ် ၊ ရဟန်းသံဃာ တော်
ဘ၀ဟာ တယ်ဟန်ကျပါလားလို့ တချို့ထင်သလို လွယ်ပါ့မလားဗျာ ။ ဒီလို လွယ်လွယ်အတွေးနဲ့ ရဟန်းဝတ်ခဲ့ရင်
တော့ သင်္ဃန်းတော်တွေ ပူလောင်မှာ စိုးမိပါတယ်ဗျာ ။ (ဗုဒ္ဓ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင်
လေးအသင်္ချေ နဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရာမှာ ရဟန်းဘ၀ ၉ ဘ၀ပဲ ရခဲ့ပါသတဲ့) ဒီလိုရခဲလှတဲ့
မြတ်သောရဟန်းဘ၀ကို မိမိရဲ့ တရား မရှာ ၊ တရားမသိ ၊ ၀ိနည်းမလိုက်နာတဲ့ အမှုမဲ့အမှတ်မဲ့
ကိလေသာအပူတွေ မဟပ်မိပါစေနဲ့ဗျာ ။
ဗုဒ္ဓမြတ်စွာဟာ
သားရဟန်းတွေကို (၂၂၇)သွယ်သော သိက္ခာပုဒ်တွေ ပညတ်ခဲ့တာဟာ ဘယ်လောက် အဓိပ္ပါယ် ရှိလိုက်သလဲဆိုရင်
ထိုသိက္ခာပုဒ်နှင့်အညီနေထိုင်ကျင့်ကြံသော ရဟန်းတော်၏ သင်္ဃန်းတော်ရောင်ဝါကို လှမ်းမြှော်ဖူးမြင်
လိုက်ရရုံနဲ့ လူသတ္တ၀ါတွေမှာ သဒ္ဓါ၊ကြည်ညိုကုသိုလ်စိတ်တွေ တဖိတ်ဖိတ်လျှံတက်လို့ မရှိခိုးရမနေနိုင်၊မလှုဒါန်းရမနေနိုင်
အောင်ကို ဖြစ်လာရပါတယ် တဲ့ ။ သံဃာဟာ ရတနာထိုက်တယ်ဆိုတာ ဒီလိုထိုက်တာပါ ။ လောကလူသတ္တ၀ါအပေါင်း
တို့အတွက် ကုသိုလ်တရားပွားများရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော သံဃာရတနာပါ ။ ဒီလိုမှမဟုတ်ပဲ
- ကိုယ့်ရွာကဆရာတော်လေး ရန်ကုန်မှာကျောင်းထိုင်နေတာ ရောက်တုန်းရောက်ခိုက် သင်္ဃန်းလေးလှုလိုက်မဟဲ့လို့
သွား တာ ကိုယ်တော်က တီဗီရှေ့မှာ မိုက်ကယ်ဂျက်ဆင်သီချင်းနဲ့ ဒူးလေးတနှံ့နှံ့ ၊ ဘေးခန်းမှာဒကာမ(၂)ယောက်တင်ထား
တဟီးဟီးတဟားဟားနဲ့ ၊ (ဒီကလူမှာ မကောင်းတတ်လို့သင်္ဃန်းထားခဲ့ရတယ်)ဖြစ်ကုန်ရော ။ ရှိပြီးကုသိုလ်တရားလေး
ကိုယ့်ဟာကိုယ်ပြုတ်မကျအောင် မနဲထိန်းလို့ ကာယကံမြောက်အောင်လှုပြီးပြန်ခဲ့ရတယ် ။ ကုန်ပါပြီ
ပရစေတနာလေး ။ ဘုရားရှင်က မပင့်ဖိတ်သောအိမ်သို့ မ၀င်ကောင်း၊အလှုမခံကောင်း လို့ ပညတ်တော်မူထားတာ
- လူ့ဘ၀သူငယ်ချင်း ဖြစ် ခဲ့တဲ့ ကိုယ်တော် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး တကာကြီး ငါဒီညလာအိပ်မလို့
၊ တကာကြီး ငါဘယ်နေ့လာခဲ့မယ် ၊ တကာကြီး ဦးဉ္စင်းချဲပေါက်တဲ့တသိန်းခွဲ (၂)ရက်ဘုရားဖူးသွားလိုက်တာ
ကုန်သွားလို့ ရန်ကုန်ပြန်စရိတ်လေး ချေးပါဦး ။ ကဲ - မခက် လား ။ ဒီကိုယ်တော်ကိုတော့
အရင်သူငယ်ချင်းသံယောဇဉ်ကြောင့် အားမနာတမ်းပြောဖြစ်တယ် ၊ ကိုယ်တော် ရဟန်းဝါ (၃)၀ါတောင်ရနေပြီ
၊ ၀ိနည်းသင်တော့ ၊ ကိုယ်တော် တနေရာမှာအထိုင်ချပြီး တရားအားထုတ်တော့ ၊ လူ့ဘ၀ လူ့ သံယောဇဉ်တွေ
ဖြတ်တော့ ၊ ကိုယ်တော် တပည့်တော်တို့အနားနေတာ လူစော်မနံဘူးလား ၊ စသဖြင့် သတိပေးပါတယ်။
တော်သေးတာက ဒီကိုယ်တော် ကြည်ညိုဖွယ်အသွင် တဖြေးဖြေးရလာတယ် ၊ မိုးကုတ်ဝိပဿနာတရားတွေလဲ
လေ့လာ အားထုတ်လာတယ် ၊ သူ့မှာ သူငယ်ချင်းများခဲ့တော့ သံယောဇဉ်မကုန်ပဲ လျှောက်သွားနေတာလေးတခု
ခက်နေတာ ။
တချို့ပိုဆိုးတာက
တချိန်က ကိုယ်အလုပ်လုပ်ခဲ့ဖူးတဲ့ အလုပ်နေရာ၊ရုံးတကာလိုက်အလှုခံ ၊ လူကြီးအခန်းထဲ စွတ်ဝင်
လူကြီးခမျာ ပြောရအခက် ၊ ဘာပုဗ္ဗစေတနာမှ မစလိုက်ရပဲ ရှိတာလေးပါသွား ၊ ကုသိုလ်မပေါက် ၊
ဒေါသဖောက် ၊ အောက်ကရုံးစောင့် အငေါက်ခံရတာ အဖတ်တင်တော့တယ် ။
(တပည့်တော်
ဒါတွေပြောနေရတာ သံဃာစစ် တွေကို အားနာလှပါတယ်ဘုရား ။) သို့သော် ထိုပုဂ္ဂိုလ်တို့ကို စေတနာဇောဖြင့်ပြောလိုသည်မှာ
ဘုရားအရိပ်ကိုခိုလှုံပြီး မြင့်မြတ်သော၊ရခဲလှသော ရဟန်းဘ၀ရပြီးကာမှ တရား အရသာ မတွေ့ရပါလျှင်
၊ ဘုရားရှင်အဆုံးအမ မတည်ခဲ့ကြပါလျှင် ၊ ဘုရားအရိပ်ခိုပါလျက် ပူကျက်သော သံဝတ်ရုံ ခြုံထားမိသလို
အပြစ်တို့ဖြင့်အပူကြီးပူလောင်ကာ မြတ်သောသင်္ဃန်းတော် အပူလောင်မှာစိုးမိပါကြောင်း ကရုဏာ
ရေအေး လောင်းလိုက်မိပါသည် ။
( ၀ီ မံ သာ )
No comments:
Post a Comment