မြတ်ဗုဒ္ဓအဆူဆူပွင့်တော်မမူသည့်
ကြားကာလ သာသနာပအခါတွင်လဲ လောကီဆင်းရဲအပေါင်းမှ လွတ်မြောက် လိုသောဆန္ဒဖြင့် တရားအားထုတ်ကြတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီးတွေ ရှိကြပါတယ် ။ ကမ္မဌာန်း(၄၀)မှ မိမိနှစ်သက်ရာ ကမ္မဌာန်းတခုခုဖြင့်
ကျင့်ကြံအားထုတ်နေတဲ့ ရသေ့၊တပသီ၊သူတော်စင်ဂုရုကြီးတွေ စသူတို့ရဲ့အကျင့်ကို အတ္တကိလမထ
နုယောဂ ကျင့်စဉ်လို့ ခေါ်ကြပါတယ် ။ ငါးဦးစုဖွဲ့ကျင့်ကြံတဲ့ ပရိဗိုဇ်ရသေ့သူတော်စင်ကြီးတွေကို
ပဉ္စ၀ဂ္ဂီလို့ခေါ်တာဖြစ်ပါ တယ် ။ ပွင့်တော်မူကြတဲ့ မြတ်ဗုဒ္ဓအဆူဆူတို့သည် မိမိတို့နှင့်
ပါရမီပဌာန်းဆက်ရှိကြကုန်သော ပဉ္စ၀ဂ္ဂီပရိဗိုဇ်ရသေ့ကြီး တို့အား ဦးစွာပထမ တရားဦးဟောပြ
ချေချွတ်တော်မူကြရတာလဲ ဗုဒ္ဓနိယာမအစဉ်အလာကြီးတခုဖြစ်ပါတယ် ။ - -
သဗ္ဗညုတဥာဏ်တော်သခင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်သည်လဲ မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်တော်မြတ်ကို ရလွယ် ရောက်လွယ်
မျက်မှောက်ပြုလွယ်တဲ့ တရားဆိုတာ သိတော်မူကြပါတယ် ။ ထို့အတူ ပဌာန်းဒေသနာတော်မြတ်ကြီး
၊ သတိပဌာန်သုတ္တံတရားတော်မြတ် ၊ ဓမ္မစကြာသုတ္တံဒေသနာ ၊ အနတ္တလက္ခဏာ သုတ္တံဒေသနာ တော်တို့လဲ
မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်တော်မြတ်ကို ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ်တဲ့ တရား တွေပဲဆိုတာ
သိတော်မူကြပါတယ် ။ - - - မြတ်ဗုဒ္ဓအဆူဆူတို့သည် မိမိတို့ ဆိုင်ရာဆိုင်ရာ ပဉ္စ၀ဂ္ဂီ(၅)ဦးတို့အား
တရားဦး ဟောကြားကြရာတွင် အခြားအခြားသော တရားဒေသနာတို့ကို အမျိုးမျိုးစီ အဦးအစထားပြီး
ဟောကြားတော်မမူကြပဲ ဓမ္မစကြာဒေသနာတော်ကိုသာ အဦးအစထားပြီး အဘယ့်ကြောင့်ဟောတော်မူကြပါသနည်း
။ ဒါ စဉ်းစားစရာ ပေါ်လာ တယ် နော် ။ မြတ်ဗုဒ္ဓဘုရားရှင်တို့သည် မိမိတို့အရင် ရှေ့ကပွင့်တော်မူသွားကြတဲ့
မြတ်ဗုဒ္ဓဘုရားရှင်တို့ကို အလွန် ကြည်ညို မြတ်နိုးတော်မူကြပါတယ် ။ ရိုသေလေးစားတော်မူကြပါတယ်
။ ပုဗ္ဗေနိဝါသဥာဏ်တော် ၊ သဗ္ဗညုတဥာဏ်တော် ကြီးတွေနဲ့ ရှေ့က နောင်တော် မြတ်ဗုဒ္ဓတို့ကို
လှမ်းမျှော်ကြည့်ရှုဆင်ခြင်တော်မူတဲ့အခါ ဓမ္မစကြာဒေသနာကို တရားဦး အဖြစ် အဦးအစထား ဟောကြပြီး
ထိုနောက်မှ အနတ္တလက္ခဏသုတ္တံဒေသနာကို ဟောကြားသွားတာတွေ့ရတော့ အလွန် ကြည်ညိုမြတ်နိုး၊နှစ်သက်တော်မူပြီး
ရှေ့နောင်တော်တို့ ဟောစဉ်ဟောဆက် နည်းနိသျ ဓမ္မလမ်းစဉ်ချပြသွားသည့်အတိုင်း စွန့်ပယ်တော်မမူပဲ
လိုက်နာဟောကြားခြင်း ၊ ဆောင်ရွက်ခြင်းသည် ဗုဒ္ဓအ၀ိဇဟိတ ဖြစ်ပါတယ် ။ - - -
ထို ဓမ္မလမ်းစဉ်
ဟောကြားမှုအရိုးအစဉ်ကို ဂေါတမမြတ်ဗုဒ္ဓသည် သဗ္ဗညုတဥာဏ်တော်မြတ်နှင့် သုံသပ်ဆင်ခြင် တော်မူတဲ့အခါ
လောကီဘုံသား ပုထုဇဉ် ပုဂ္ဂိုလ်သတ္တ၀ါများတို့သည် အ၀ိဇ္ဇာ၊တဏှာ၊လောဘ၊အာသ၀တရားတို့ ရစ်ပတ်
နှောင်ဖွဲ့မှု အမှောင်ထုကြီးပိတ်ကာဆီးထားသည့်အတွက် အမှန်ဖြစ်သော သစ္စာလေးပါးမြတ်တရားတို့ကို
မသိမမြင်နိုင် ခြင်း ၊ မဂ်(၄)ပါး၊ဖိုလ်(၄)ပါး၊နိဗ္ဗာန် - (၉)ပါးသော လောကုတ္တရာတရားတွေကို
မရရှိခြင်းတို့ကြောင့် ဒုက္ခသံသရာရေယာဉ် ကြောမှာ နစ်မြောနေကြရတာဖြစ်တယ် ။ မိမိတို့ရရှိသိမြင်တော်မူတဲ့
တရားတော်မြတ်သည် အနုသုခုမ - အလွန်နူးညံ့ သိမ်မွေ့တယ် ၊ အတိသုခုမ - အလွန့်အလွန် နူးညံ့သိမ်မွေ့နေတယ်
၊ အတိဂမ္ဘီရ - အလွန့်အလွန် ခက်ခဲနက်နဲတယ် ။ ထို အလွန့်အလွန် သိမ်မွေ့နူးညံ့၊နက်နဲခက်ခဲတဲ့
တရားတော်တို့သည် - အ၀ိဇ္ဇာ၊အာသ၀၊တဏှာ၊လောဘတရားတွေ ရစ်ပတ် နှောင်ဖွဲ့ပြီး အမှတ်မှား(သညာဝိပ္ပလာသ)
၊ အသိမှား(စိတ္တာဝိပ္ပလာသ) ၊ အယူမှား(ဒိဌိဝိပ္ပလာသ) တရားတို့ ကာကွယ် ပိတ်ဆီးခံထားရတဲ့
လောကီပုဂ္ဂိုလ်သတ္တ၀ါတို့၏ နားတွေနဲ့ မဆန့်နိုင် ၊ နားမလည်နိုင်၊လက်မခံနိုင် ဖြစ်နေလိမ့်မယ်
။ ထို့ကြောင့် ရှေ့နောင်တော်ဘုရားရှင်တို့သည် အဆစ်အကန့် ပိုင်းခြားခွဲထားကာ အသိအမြင်တွေမှန်ကန်စေခြင်းငှါ၎င်း
၊ အကြံအစည်၊အတွေးအခေါ်တွေ မှန်ကန်စေခြင်းငှါ၎င်း ၊ အယူအဆတွေ တည့်မတ်မှန်ကန်စေခြင်းငှါ၎င်း
တရားဦး ဓမ္မစကြာဒေသနာတော်ကို အဦးအစထား ဟောကြားကြပြီး အနတ္တလက္ခဏသုတ္တံဒေသနာတော်ကို နောက်မှဟောကြား
ခဲ့ကြတာဖြစ်တယ်လို့ ဂေါတမဗုဒ္ဓ ဥာဏ်တော်မြတ်ကြီး ၌ ထင်ရှားစွာ သိမြင်တော်မူသွားပါတယ် ။ - - - -
သဲစုအမျှ
ပွင့်တော်မူသွားကြတဲ့ ဗုဒ္ဓသယမ္ဘူ မြတ်ဘုရားရှင်အဆူဆူတို့ စိတ်တူညီမျှ ဟောပြောခဲ့ကြတဲ့
အဦးအစ ကျမ်းမြတ်ရွှေကြာ ဓမ္မစကြာဒေသနာသည် ပိဋကတ်(၃)သွယ်
၊ နိကာယ်(၅)ဖြာ ၊ အင်္ဂါ(၉)တန် ဓမ္မက္ခန္ဓာပေါင်းများစွာတို့ ၏ ရှေ့ဆောင်လမ်းညွှန် ၊ အဆီအနှစ်
၊ တရားဦးခေါင်းသဖွယ်လဲ ဖြစ်ပါတယ် ။
- - - - ထိုသို့ မှတ်သားမှုမှန်ကန်ရေး ၊ အသိအမြင်မှန်ကန်ရေး
၊ အယူအဆမှန်ကန်ရေးအတွက် မြတ်ဗုဒ္ဓအဆူဆူ တို့ အဦးဆုံးထား ဟောကြားတော်မူခဲ့တဲ့ ကျမ်းမြတ်ရွှေကြာ
ဓမ္မစကြာဒေသနာတော်၏ အနက်အဓိပ္ပါယ် သဘောတရား တို့ကို ယထာဘူတ သဘာဝကျကျ ထိုးထွင်း၍ သိမြင်နိုင်
၊ နားလည်သဘောပေါက် ဥာဏ်ရောက်နိုင်ကြစေခြင်းငှါ ဓမ္မစကြာ သဘာဝတ္ထ နည်းနာ နိသျကို ရေးပြဖွင့်ဆိုပါအံ့
။
( နေမျိုးသောင်း
)
( ဆောင်းပါးပုံစံဖြင့် ဖော်ပြရသည်ဖြစ်၍ အပိုင်းငယ်များခွဲကာ
ဆက်လက်ဖော်ပြပါမည် ။ ၀ီမံသာ )
No comments:
Post a Comment