Tuesday, August 8, 2017

သတ္တိရှိရင် ချွတ်ကြည့်လေ



ဘုန်းကြီးကိုလူဝတ်လဲတာက လူတွေလဲလို့ရလား ဆိုရင် လုံးဝမရပါ လို့ပဲ ဖြေရပါမယ် ။
ဗုဒ္ဓဘာသာဆိုရင် လဲတဲ့သူ သာသနာပျက်ပြီ ။ ဘာသာခြားဆိုရင်တော့ အစကတဲက မိစ္ဆာဒိဌိ အပြစ်ကြီးကရှိပြီးသား(ကယ်စရာကုသိုလ်မရှိရင် ငရဲကြီးဆီတန်းလို့) ။ ရဟန်းကတော့ တကိုယ်လုံး ဆွဲချွတ်လဲ ပါရာဇိကမကျသမျှ ရဟန်းပဲ ။ ဆရာတော် ဦးဝိစာရတို့ ၊ ဆရာတော်ဦးဥတ္တမတို့ လဲ ဒီလိုပဲ ။ ရဟန်းဘဝတပြားသားမှ မလျော့ကြပါဘူး ။ လုပ်တဲ့လူတွေ သိပ်ကြောက်ဖို့ကောင်းတဲ့ ဘေးဆိုးကြီး တွေ့ပါလိမ့်မယ် ။

ဆရာတော်ဦးဝိစာရဆိုရင် - နယ်ချဲ့အလိုတော်ရိ ထောင်အာဏာပိုင်က (ဟေ့ - ဘုန်းကြီး ၊ ခင်ဗျားဟာ ခုဆို ထောင်ကျအကျဉ်းသားဖြစ်သွားပြီ ၊ သည်တော့ ထောင်ဝတ်လဲရမယ် ၊ သင်္ကန်းချွတ်ပါ ----- အခု ချွတ်ပါ)လို့ မိုက်ရိုင်းစွာပြောတယ် ။ ဆရာတော်က ( ငါဟာ ဘုရားသားတော်ပဲ ၊ ဘာဖြစ်လို့ သင်္ကန်း ချွတ်ရမှာလဲ ၊ မချွတ်ဘူး ) လို့ တင်းခံနေတယ် ။ ဒီအချိန် အင်္ဂလိပ်လူမျိုး ထောင်အရာရှိ(၄)ကောင် ရောက်လာပြီး အတင်းဆွဲချွတ်တယ် ။ ထောင်ဝတ်စုံ ဝတ်ခိုင်းတယ် ။ ဆရာတော်ဦးဝိစာရကတော့ ထောင်ဝတ်စုံကို လက်နဲ့တောင် တို့မကြည့်ပဲ သင်္ကန်းမရှိ ဗလာကိုယ်ထီးဖြင့်ပဲ သီတင်းသုံးတော်မူခဲ့ ရှာတယ် ။ ( ခင်ဗျားတို့ ငှက်စုတ်တွေ အမေ ခေါ်နေတဲ့ ဘွားတော်ကြီးရဲ့ ယောက်ျား အမျိုးတွေ ဘယ်လောက် ယုတ်မာလဲ ၊ ကြည့်ကြနော် )

ဒုလ္လဘရဟန်းခံဖူးသူတွေ သိကြပါလိမ့်မယ် ။ ရဟန်းဘဝမနေချင်တော့လို့ လူဝတ်လဲတော့မယ် ဆိုရင် ကျောင်းထိုင်ဆရာတော် စတဲ့ ထေရ်ကြီး၊ဝါကြီးတွေက သိက္ခာချပေးရတယ် ။ ဝိနည်းတော်နဲ့အညီ သိက္ခာ(၂)ဆင့် ချပေးရတယ် ။ ပထမဆုံး ရဟန်းဘဝမှ သာမဏေဘဝသို့ သိက္ခာချတယ် ။ နောက် သာမဏေဘဝကနေ လူဘဝကို သိက္ခာချပေးမှ လူ ပြန်ဖြစ်တယ် ။ ဘာ့ကြောင့်ဆို - (၂၂၇)သွယ်သော သိက္ခာပုဒ်တွေဆောင်တဲ့ ရဟန်းရဲ့ (သိက္ခာကျ)ဒဏ်ကို အဆင့်နိမ့် (လူ)က မခံနိုင်လို့ သာမဏေဘဝ တဆင့်ခံပြီးမှ သိက္ခာချပေးရတာ ။

စကားစပ်မိလို့ ရဟန်း နဲ့ လူ အဆင့်ချင်း ၊ တန်ဖိုးချင်း ဘယ်လောက်ကွာတယ်ဆိုတာ သာဓကတခု ပြရဦးမယ် ။ လူဝတ်ကြောင်(လူအဖြစ်နဲ့) တရားအားထုတ်ရင်း အရိယာမဂ်ဥာဏ်တွေတဆင့်ချင်းတက် လာရင် အနာဂါမ်အဆင့်အထိပဲ လူဝတ်နဲ့နေလို့ရတယ် ။ အနာဂါမ်ကနေတဆင့်တက်လို့ အရဟတ္တမဂ် ဥာဏ်ကိုရတာနဲ့တပြိုင်နက် အဲဒီ လူပုဂ္ဂိုလ်ကို (ဧဟိဘိက္ခူ)ခေါ်ပြီး ရဟန်းအသွင်ယူစေရတယ် ။ အင်္ဂုလိမာလ လူဆိုးကြီးဘဝကနေ မြတ်စွာဘုရားတရားဟောတာကို ရပ်ပြီးနာရင်း အရဟတ္တမဂ်ဥာဏ် ရပြီ ဆိုတာ ဘုရားရှင်သိတာနဲ့ (ဧဟိဘိက္ခူ) ခေါ်လိုက်တယ် ။ (ဧဟိဘိက္ခူ) ဆိုတာ (ချစ်သား လာလှဲ့ ၊ မြတ်သော သာသနာ့ဘောင်သို့ ဝင်လှဲ့) လို့ ဆိုလိုတာ ။ အဲလို (ဧဟိဘိက္ခူ) ခေါ်လိုက်တာနဲ့ တပြိုင်နက် ပရိက္ခရာရှစ်ပါးအစုံနဲ့ ရဟန္တာမထေရ်မြတ်ကြီးအသွင် ပေါ်လာတာပဲ ။ ဒါက အဂုင်္လိမာလ အရှင်မြတ်ကြီး အတိတ်ဘဝတွေက ပရိက္ခရာရှစ်ပါး (သင်္ကန်းစသည်) လှုခဲ့ဖူးတဲ့ ကုသိုလ်အရှိန်ရယ် ၊ အရဟတ္တ မဂ်ကုသိုလ်ကြီးရဲ့အရှိန်ရယ် ပေါင်းစပ်ပြီး ဘွားခနဲဖြစ်ရတာ ။ အဲဒီ သင်္ကန်းအလှုကုသိုလ် မျိုး တခါမှ မရှိဘူးတဲ့ သန္တတိအမတ်ကြီးကျတော့ - စစ်ပွဲအောင်လို့ ဘုရင်ကမင်းစည်းစိမ် တပတ် ပေး ခံစားစေတာ ၊သူကြိုက်တဲ့ ကချေသည်လေး ကခိုင်းရင်း မူးရူးနေရာက ကချေသည်လေး လဲသေတာ မြင်လိုက်ရ ၊ ပူဆွေးသောက ၊ သံဝေဂဥာဏ်ရောက် အမူးပျောက်ပြီး ဘုရားရှင်တရားတော်နာလိုက်ရ တာမှာ ဝိပဿနာဥာဏ်စဉ် အဆင့်ဆင့်တက် ၊ အရဟတ္တမဂ်ဥာဏ်အထိ တရှိန်ထိုးရောက်သွားတယ် ။ ဒါပေမဲ့ သူ့မှာ သံသရာက ပရိက္ခရာအလှုကုသိုလ် ပါမလာတော့ ဧဟိဘိက္ခူ ခေါ်လို့မရတော့ပဲ နေရာ မှာတင် လဲကျသေဆုံး(ပရိနိဗ္ဗာန်ပြု) သွားရတယ် ။ အမြတ်ဆုံး အန္တိမဘဝဖြစ်စေတဲ့ အရဟတ္တမဂ် (ရဟန္တာ) ဥာဏ်တော်ကြီးရဲ့ ဂုဏ်ကို ယုတ်ညံ့တဲ့ လူ ခန္ဓာကိုယ်က မထမ်းဆောင်နိုင်လို့ တခါတည်း ပရိနိဗ္ဗာန်ပြုရတာ ဖြစ်တယ် ။ ရဟန်း နဲ့ လူ ဘယ်လောက်ကွာတယ်ဆိုတာ သိလောက်ပါပြီ ။

အဲဒီလောက် မြတ်တဲ့ ရဟန်းကို လူ က သင်္ကန်းဆွဲချွတ်ပြီဆိုရင်တော့ - သာသနာပျက်သွားပြီမို့ အဲဒီလူ သေရင် သရဏဂုံတင်ပေးလို့တောင် မရတော့ပါဘူး ။ ငရဲအိုး ဇောက်ထိုးကျတော့မှာပါ ။ ငရဲမှလွတ်လာပြန်ရင်တောင် ဘဝပေါင်း သောင်းချီပြီး သာသနာပ ဘဝ (ရတနာသုံပါးမရှိတဲ့ ၊ သစ္စာလေးပါးမသိနိုင်တဲ့ဘဝမျိုး)မှာပဲ နေရပါတော့မယ် ။ နိယတမိစ္ဆာဒိဌိအယူကြီး (ကံ၊ကံ၏အကျိုး ကို ပစ်ပယ်သောအယူ) စွဲမိပြီဆိုရင်တော့ ကမ္ဘာတွေပျက်တောင် မပျက်နိုင်သေးတဲ့ လောကန္တရိတ် ငရဲကြီးမှာ ခံရပါလိမ့်မယ် ။ ဒါတွေခံနိုင်တယ်ကွလို့ သတ္တိရှိရင်တော့ ချွတ်ကြည့်ကြပေါ့လေ ။

( ဝီမံသာ )

No comments:

Post a Comment