မာနတ်ဟာ
တရားဟောဆရာယောင်ဆောင်ပြီး
ငါ့ကိုတရားလာပြတယ်
။
ငါသိထားတဲ့တရားတွေနဲ့
ငါ့ကိုပြန်ဟော ၊
အရူးအတွေး
ဝင်္ကပါထဲကနေ မလိမ့်တပတ်ဆွဲခေါ်ရင်း
အဆုံးမဲ့
ချောက်ကမ်းပါးကြီးဆီ ရောက်ခဲ့တယ် ။
သတိလက်လွတ်
ခန္ဓာငါးပါးက
ကီလိုဗို့အားနဲ့
ဓါတ်လိုက်ခံရသလို
တွန့်လိမ်
ရုံ့ရွဲ ၊ တစစီ ပြိုကွဲလို့
ပရမ်းပတာ
လိုက်ပါလာရှာပေါ့ ။
ချောက်ကြီးထဲကို
တွန်းချလုနီးမှ
ပြန်နိုးလာတဲ့
သတိက မာနတ်ကိုမြင်တယ် ။
နောက်ကျသိနဲ့
ဖြစ်မိတဲ့ဒေါသတွေအတွက်
ရှက်ရွံ့စွာ
တာဝန်ယူရမဲ့ သတိဟာ
ဝီရိယ ခလုတ်ကို
အမြင့်ဆုံးဆွဲတင်လိုက်တယ် ။
နောက်ဆုံးမတော့
-
အားကောင်းမောင်းသန်နှလုံးသားက
ပြင်းထန်စွာ
ရှုသွင်း၊ထုတ်လိုက်တဲ့
ဝင်သက်၊ထွက်သက်တွေကြားမှာ
မာနတ်ဟာ
ကစဉ့်ကလျားနဲ့
ရှုံးနိမ့်ထွက်ပြေးသွားတော့တယ်
။
သတိ ကိုတော့
အိပ်မနေဖို့ ဆုံးမရဦးမယ် ။
(21-8-2017)
12:53 AM
No comments:
Post a Comment