ကျောက်သင်္ဘောဆရာတော်ကြီး၏
မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်
တရားတော်
အပိုင်း - ၁ (ဂ)
ဒါကို ပရိယတ်အားဖြင့် ဟောတယ်လို့ ပြောရ၊ဟောရပြန်တာပဲ ။ ဒေသနာတွေဆိုတာက ပရိယတ်နဲ့ဟောတာပဲ ။ ခန္ဓာဝန် တွေ ချကြဆိုတော့ ခန္ဓာတွေက နဂိုကရှိပြီးသားလို့ ယူကြပြန်ရော ။ နဂိုကတော့ ရှိပြီးသားမဟုတ်ဘူး ၊ ငြိမ်းပြီးသားပဲ ရှိတယ် ။ ရှိလာအောင် အသစ်အသစ်မလုပ်ကြနဲ့ ၊ အသစ်မယူကြနဲ့လို့ ပြောလိုရင်းကို သဘောပေါက်ကြရမယ် ။ အဲဒါကြောင့်မို့လို့ -
( တပါးသောခန္ဓာကို မယူကြနဲ့ ၊ ဆိုလိုတာက တပါးသောကိစ္စတွေကို ထွေလာကေလာတွေးတောစိတ်မကူးကြနဲ့လို့ ပြော တာ ၊ စိတ်ချထားလိုက်ဆိုတာ အလုံးစုံ အကုန် လွှတ်ရမှာပဲ )
ဝေနေယျတွေ တရားမရနိုင်တာ တခုကျန်နေကြလို့ ၊ နိဗ္ဗာန်မရတာ အဲဒါကြောင့်မရကြတာ ။ တခုကျန်နေလို့ပဲ ။ တရားတွေအားထုတ်နေကြပါလျက် နိဗ္ဗာန် ဘာဖြစ်လို့ မရကြတာလဲ ၊ တခုကျန်နေလို့ ၊ စာကတော့ အကုန်စွန့်ရမယ်လို့ ပါတာပါပဲ ။
( သဗ္ဗနညတြ သဗ္ဗနိသဂ္ဂါ ၊ သွတ္ထိံပဿာမိ ပါဏိနံ )
သဗ္ဗနိသဂ္ဂါ - အလုံးစုံသော ဥပဓိတရားတို့အား စွန့်လွှတ်ခြင်းကို ၊ အညတြ - ကြဉ်ထား၍ ၊ ပါဏိနံ - သတ္တ၀ါတို့၏ ၊ သွတ္ထိံ - ချမ်းသာခြင်းကို ၊ န ပဿာမိ - ငါဘုရား မြင်တော်မမူ ။
အလုံးစုံမစွန့်လွှတ်ပဲ သတ္တ၀ါတို့မချမ်းသာဘူး ။ အဲဒီလို အလုံးစုံစွန့်လွှတ်ရမှာ ။ အလုံးစုံစွန့်လွှတ်ရမယ်ဆိုတာ စိတ်မှာဖြစ်လာတဲ့ အညစ်အကြေးတွေသည် ဘာတွေမှကောင်းတယ်လို့မရှိဘူး ။ ဒီလိုဟောတာ ၊ အခုတော့ ဒီလိုမဟုတ်ဘူး ၊ ဒါလေးကတော့ကောင်းတယ်လို့ ချန်ထားကြတယ် ။ ကောင်းတယ်ဆိုတာကလဲ ဖြစ်ပေါ်လာရ တာပဲ ၊ ဖြစ်ပေါ်လာတာဆိုရင် ဇာတိပဲ ၊အလုံးစုံစွန့်တာကို စိတ်တော့ချန်ထားကြတယ် ။အဲဒါကြောင့် တရားတွေ ကိုတော့ အားထုတ်ကြပါရဲ့ ၊ နိဗ္ဗာန်တော့မရခဲ့ကြဘူး ။ ဘာကြောင့်လဲဆိုတော့ တခုထဲလိုနေလို့ ၊ နဲနဲလေးကျန် နေတယ် ။
အားထုတ်တာတွေကလဲမမှားဘူး ၊ မှန်သားပဲ ၊ နဲနဲလေးကျန်နေတယ် ၊ တခုထဲကျန်နေတယ် ။ အဲဒီ အားထုတ် နေတဲ့တခု မသိကြလို့ပဲ ။
သိရမှာက အဲဒီအားထုတ်တော့ အားထုတ်မှုဖြစ်တယ် ၊ ဖြစ်ပြီးတော့ပျက်တယ် ၊ ဒီလိုသိရမှာပေါ့ ။ ဒါဖြင့် အား မထုတ်မီက ဖြစ်နေသလား၊ ဖြစ်ပြီးသားအနေနဲ့ရှိနေပါ့မလား ။ အားမထုတ်မီက အားထုတ်မှုကြီးက ဖြစ်ပြီးသား အနေနဲ့ မရှိဘူး ၊ ဒီလိုသိရမှာ ၊ အဲဒီလိုမဖြစ်တာသိရမှာ ။ သူ့အလိုလိုကတော့ အားထုတ်မှုတွေမဖြစ်နိုင်ဘူး ၊ အဗျာပါရတရား ၊ အဗျာပါရဆိုတာ သူ့အလိုလိုကတော့မဖြစ်နိုင်ဘူး ၊ သူ့အလိုလိုမဖြစ်နိုင်တာ မှန်ပါတယ် ။ အောက်မေ့တော့မှ အောက်မေ့မှုကဖြစ်တယ် ၊ ရှုတော့မှ ရှုမှုတွေကဖြစ်တယ် ၊ မှတ်တော့မှ မှတ်မှုတွေက ဖြစ်ပါတယ် ။
တရားတွေမရှုမီက ၊ မမှတ်မီက ၊ မအောက်မေ့မီက အောက်မေ့မှုတွေမဖြစ်ပါဘူး ။ တခြားတွေကိုလဲဒီလိုပဲ ၊ မအောက်မေ့မီက အောက်မေ့မှုတွေမဖြစ်ပါဘူး ။ ပြုပြင်ပေးတော့မှ ဖြစ်တာ ၊ မပြုမပြင်ပဲ မဖြစ်နိုင်ဘူး ၊ သင်္ခါရ တွေ ဆုံးနေတယ် ။ သူ့အလိုလိုကတော့ အားအစွမ်းမရှိဘူး ၊ အဗျာပါရတရားတွေ ၊ အနတ္တတရားတွေ ၊ အနတ္တတရားဆိုတာ ကိုယ်စွမ်းမရှိတာ ၊ စိတ်ထဲမှာအလိုလိုဖြစ်ခြင်းမရှိတာ ။ အဲဒါ သုညတအနတ္တ ၊ ဖြစ်ခြင်းငှါ မစွမ်းနိုင်ဘူး ။ ဖြစ်ဖို့ရာအကြောင်းတွေကြောင့် ၊ ပတ်ဝန်းကျင်အကြောင်းတွေကြောင့်သာလျှင် ဖြစ်ရတာ ၊ အဲဒါ ကြောင့် လယ်တီဆရာတော်ဘုရားကြီးက ဖြစ်ဖို့ရာအကြောင်းတွေ ပေါင်းဆုံညီညွတ်ပြုပြင်မှသာ ဖြစ်ရပါတယ် လို့ ရေးခဲ့တာ ။
ဆက်လက်ဖော်ပြပါမည် ။
ကူးယူ တင်ပြသူ
( ၀ီမံသာ ) 20-4-2016
No comments:
Post a Comment