ကျောက်သင်္ဘောဆရာတော်ကြီး၏
မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်
တရားတော်
အပိုင်း - ၁ (ခ)
မဂ် ဖြစ်တယ်ဆိုတာ ဘယ်လိုဖြစ်တာလဲ ၊ ကိလေသာ ခန္ဓာတို့ရဲ့
ကင်းရာ၊ကုန်ရာ၊ချုပ်ရာ၊ငြိမ်းရာကို သိမြင်တဲ့ဥာဏ် ဖြစ်၍ လာတာ ။ ကိလေသာနဲ့တကွဖြစ်တဲ့
ခန္ဓာတို့ရဲ့ ချုပ်ရာ၊ငြိမ်းရာကို သိတဲ့အသိဥာဏ် မဖြစ်ရင်တော့ သမုဒယဆိုတဲ့ တဏှာ လောဘ
ဖြစ်နေကြတယ် ။ အဲဒီသမုဒယသစ္စာဖြစ်တဲ့ တဏှာလောဘက ခန္ဓာအိမ်ကို ဆောက်ဆောက်နေတယ် ။
ခန္ဓာအိမ်ဆောက်တယ်ဆိုတာ ဘယ်လိုခန္ဓာအိမ်လဲ ၊ ယခု ၀ိပဿနာဥာဏ်ဖြင့်
သိဖို့က မနောကဖြစ်တဲ့ ခန္ဓာငါးပါး ၊ မနောကဖြစ်တဲ့ခန္ဓာငါးပါးဆိုတာ (စိတ်ကတွေးပေးလို့ဖြစ်လာတာ)
။ ပူစရာတွေတွေးလို့ ပူစိတ်ဖြစ်လာတာ ၊ လိုချင်စရာ တွေ တွေးလို့ လိုချင်စိတ်တွေဖြစ်လာတာ
၊ မခံချင်စရာတွေတွေးလို့ မခံချင်စိတ်တွေဖြစ်လာတာ ။ အဲဒါကို ခန္ဓာအိမ်တွေ ဆောက်လုပ်နေကြတယ်လို့
ခေါ်တယ် ။
လွယ်လွယ်သိထားကြဖို့က စိတ်ကိစ္စ၊စိတ်အကြံ၊စိတ်အတွေး၊စိတ်အမှုတွေ
၊ စိတ်ပြုပြင်ပေးမှုတွေ ၊ စိတ်အလုပ်ပေးမှုတွေ ၊ အဲဒါတွေဟာ ခန္ဓာအိမ်ဆောက်လုပ်တာပဲ ။ အဲဒီ
မနောကဖြစ်တဲ့ ခန္ဓာငါးပါး (တနည်း) ကိလေသာနှင့်တကွဖြစ်တဲ့ ဥပါဒါ နက္ခန္ဓာ ငါးပါး ၊ အဲဒီခန္ဓာအိမ်တွေကို
မဆောက်လုပ်ကြနဲ့ ၊ အဲဒီခန္ဓာအိမ်တွေ ဖြစ်ပေါ်၍ ဖြစ်ပေါ်၍ လာတာ ဒုက္ခတဲ့ ။
ဥပမာအားဖြင့် အိမ်တွေဆောက်လုပ်ကြသလိုပေါ့ ။ မိမိတို့နေထိုင်ကြရန်
အိမ်တွေအိမ်တွေ အသစ်အသစ်ဆောက်လုပ် ကြသလို ၊ မြို့ရွာတွေ အသစ်အသစ်တည်ကြသလို ၊ မိမိတို့အိမ်တွေ
အသစ်အသစ်ဆောက်တော့ နေစရာအိမ်တွေ အသစ်အသစ်ဖြစ်လာတာပဲ ။ အသစ်အသစ်ဖြစ်လာရင် ဒီအိမ်ဟာမမြဲဘူး
၊ တနေ့ပျက်ရမယ် ၊ ဆွေးမြေ့ရမယ် ၊ ပျောက် ပျက်ရမယ် ၊ မမြဲပါဘူး ။ အကြိမ်ကြိမ်ဆောက်တော့
အကြိမ်ကြိမ်ဖြစ်ပြီး အကြိမ်ကြိမ်ပျက်ကြရမယ် ။
အဲဒီဥပမာလိုပဲ ၊ မိမိတို့မနောမှာ ခန္ဓာအိမ်တွေ အကြိမ်ကြိမ်ဆောက်လုပ်လို့
အကြိမ်ကြိမ်ဖြစ်နေကြတာပဲ ၊ အကြိမ်ကြိမ် ဖြစ်ပြီး အကြိမ်ကြိမ်ပျက်ကြရတယ် ။ ဒီလို အကြိမ်ကြိမ်
ဖြစ်ပြီး အကြိမ်ကြိမ်ပျက်တာကိုပဲ ( ဒုက္ခဇာတိ ပုနပ္ပုနံ ) လို့ ဆိုတာ ။ ၀ိပဿနာဥာဏ်ဖြစ်ရေးမှာတော့
ဒီလိုမြင်ကြရမယ် ။ လူ့ဘ၀တခါဖြစ်တာမျိုး ၊ ဘ၀အကြိမ်ကြိမ်ဖြစ်တာမျိုးကို မြင်ရမှာမဟုတ်ဘူး
။ လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ လူ့ဘ၀တခါဖြစ်လိုက် ၊ နတ်ဘ၀တကြိမ်ဖြစ်လိုက် ၊ အဲဒီလို
တဘ၀ ပြီး တဘ၀ ဖြစ်တာကို ၀ိပဿနာဥာဏ်က မြင်ရမှာမဟုတ်ဘူး ။
ဝိပဿနာဥာဏ်ဆိုတာ မိမိမနောကဖြစ်တဲ့ ခန္ဓာငါးပါးတွေ ၊ ယခုတွေးလို့
ယခုဖြစ်တာ ၊ ယခုအောက်မေ့လို့ ယခုဖြစ်တာ ၊ ယခုကြံစည်လို့ ယခုဖြစ်တာ ၊ အဖန်တလဲလဲတွေးကြံနေလို့
အဖန်တလဲလဲဖြစ်နေတဲ့ ဒုက္ခ ၊ အဲဒါကို ဇာတိဒုက္ခလို့လဲ ခေါ်တယ် ။ အဲဒီ ဇာတိဒုက္ခကို သိကြရမယ်
။ သတ္တ၀ါတွေ တဘ၀မှာတခါ ပဋိသန္ဓေတည်နေရတဲ့ ဇာတိကို သိမြင်နေကြ ရုံနဲ့ ဘယ်လိုလုပ်ပြီး ၀ိပဿနာဥာဏ်
ဖြစ်နိုင်မှာလဲ ။ စိတ်အသစ်အသစ် ဖြစ်ဖြစ်နေတဲ့ ခန္ဓာငါးပါး ၊ အဲဒီခန္ဓာ ဖြစ်ပေါ် ဖြစ်ပေါ်လာတဲ့
ဇာတိဒုက္ခကိုသိမှ ၀ိပဿနာဥာဏ်ဖြစ်ကြမယ် ။
အဲဒီလိုဖြစ်နေတာတွေကို ဖြစ်လိုင်းရယ်လို့ တမျိုးခေါ်တာ ။
အဲဒီလိုဖြစ်နေတာတွေကလဲ မှန်တယ် ။ ဘာဖြစ်လို့ဖြစ်ရတာ လဲ ၊ မသိလို့ ဖြစ်တာ ။ ဘာကိုမသိလို့လဲ
၊ ဤခန္ဓာအိမ်ဆိုတာ ပြုမှဖြစ်မှာ ၊ မပြုရင် မဖြစ်ဘူး ။ နေစရာအိမ်က ဆောက် လုပ်မှ အိမ်ကြီးပေါ်လာတာ
၊ မဆောက်လုပ်ခင်က အိမ်မရှိဘူး ၊ အိမ်မရှိပေမဲ့ အိမ်ရာကြီးကတော့ ရှိတယ် ။ ဒီမှာလဲပဲ
ခန္ဓာတွေမဆောက်လုပ်ခင်က ခန္ဓာတွေမရှိဘူး ၊ ခန္ဓာတွေရဲ့ ချုပ်ရာကြီးရှိတယ် ။ ခန္ဓာတွေရဲ့
ကင်းရာ၊ကုန်ခန်းရာ၊ချုပ်ရာ ငြိမ်းရာ ဆိုတာက (နိဗ္ဗာန်) ၊ အဲဒီ ခန္ဓာတွေရဲ့ ငြိမ်းရာနိဗ္ဗာန်ကို
မြင်တာက မဂ်ဥာဏ်ပဲ ။
အဲဒီ နိဗ္ဗာန်ကို မသိမြင်လို့ ၊ နိဗ္ဗာန်ကို မသိမမြင်တာက
အ၀ိဇ္ဇာပဲ ။ အဲဒီအ၀ိဇ္ဇာက ရှိနေမှတော့ ယူချင်၊ရချင် ၊ ဟိုလိုချင်၊ ဒီလိုချင် ၊ ဟိုလိုဖြစ်ချင်၊ဒီလိုဖြစ်ချင်
အစရှိသဖြင့် အမျိုးမျိုးတွေ လိုချင်၊ရချင်လာတာပေါ့ ။ ချင်ခြင်းတွေတပ်လာတယ် ဆိုပါတော့
၊ အဲဒါ တဏှာပေါ့ ၊ လိုချင်တယ်ဆိုတာ မသိလို့ လိုချင်လာတာပဲ ။
မသိလို့ လိုချင် ၊ လိုချင်တော့ ပြုလုပ် ၊ ပြုလုပ်တော့ ရရှိ
၊
အဲဒီလို ပြုလုပ်တာ ပြုပြင်တာကို သင်္ခါရလို့ ခေါ်တယ် ။ စာလိုကတော့
-
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ၊ သင်္ခါရ ပစ္စယာ ၀ိဥာဏံ - - -
အစရှိသဖြင့် ပဋိစ္စသမုပ္ပါဒ် ဖြစ်လိုင်းကြီး လည်ပတ်တာပဲ ။
ဖြစ်လိုင်းဆိုတာ မသိလို့သာ ၊ ဗမာလိုရှင်းရှင်းပြောတော့ -
( မသိလို့ လိုချင် ၊ လိုချင်တော့ ပြုလုပ် ၊ ပြုလုပ်တော့
ရရှိကြ )
ရရှိကြမှတော့ ညည်းညည်းငြူငြူလုပ်မနေကြနဲ့တော့ ၊ ကြိုးစား၍သာခံကြပေတော့
။ ရရှိလာရင်တော့ အိုမှာပဲ ၊ နာမှာပဲ ၊ သေမှာပဲ ၊ အဲဒါ မသိတာက စထားတော့ ဖြစ်ပျက်ကုန်ကြတာပေါ့
။ အဲဒါ ခန္ဓာဖြစ်ရေး ၊ ဖြစ်တဲ့လိုင်း ၊ အဲဒီခန္ဓာတွေ အသစ်အသစ်ဖြစ်အောင် မလုပ်ကြနဲ့ ၊
ခန္ဓာဝန်ကို ချကြ ၊ ခန္ဓာဆိုတာ အလွန်တရာမှ ၀န်လေးတယ် ။
အစရှိသဖြင့် ဟောခဲ့တယ် ။ ခန္ဓာဝန်ကိုစွန့်ကြ ၊ ခန္ဓာဆိုတာ
ဘယ်လိုဘယ်လို ဖြစ်လာတာလဲ ၊ သိမြင်အောင် ထပ်ပြော ရဦးမယ် ။ ခန္ဓာတွေဖြစ်တယ်ဆိုတာ စိတ်ကူးကောင်းမှ
၊ စိတ်ကူးကောင်း၊စိတ်အကြံကောင်း၊စိတ်အတွေးကောင်းတာတွေ ပဲ ။ စိတ်ပြုပြင်လို့ ဖြစ်လာတဲ့သဘောတွေကို
ခန္ဓာလို့ခေါ်တယ် ။ အဲဒီခန္ဓာတွေကို စွန့်ကြ ၊ ခန္ဓာဝန်လေးတယ် ၊ ခန္ဓာဝန် ချကြ ။
- - - - - - - - - - - - -
ဆက်လက်ဖော်ပြပါမည် ။
ကူးယူ တင်ပြသူ
( ၀ီမံသာ ) 18-4-2016
No comments:
Post a Comment