ဖခင်ကြီးကွယ်လွန်ပြီးနောက် ဖခင်ကြီးကိုရည်စူး၍ ပစ္စည်းလေးပါး လှုဖွယ်ဝတ္ထုအစုစုနဲ့
ငယ်ဆရာလဲဖြစ် ဥပဇ္ဇယ် ဆရာတော်လဲဖြစ်တဲ့ ဇာတိမြို့လေးက ရိပ်သာကျောင်းဆရာတော်ကြီးဆီ မိသားစုတွေ
သွားရောက်လှုဒါန်းခဲ့ ပါတယ် ။ အဲဒီမှာ ဆရာတော်ကြီးက သေခြင်းတရား ၊ တမလွန်ဘ၀ပြန်ဖြစ်ခြင်းအကြောင်းနဲ့
ပတ်သက်ပြီး မှတ်သားဖွယ်ကောင်းတဲ့ (သေခြင်း၃မျိုးတရားတော်)ကို ဟောကြားတော်မူခဲ့ပါတယ်
။ ဒါကို ပြန်လည်တင်ပြ လိုက်ရပါတယ် ။
လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါအနန္တတို့ မွေးဖွားလာရင်သေမြဲဓမ္မတာဖြစ်သလို
အရဟတ္တမဂ်ဥာဏ်နဲ့ အာသဝေါတရား အကုန်အမြစ်ပြတ်သွားတဲ့ ဘုရား၊ရဟန္တာ မဖြစ်သေးသမျှ ဘ၀သစ်ပြန်ရကြတယ်
။ ဒီလိုသေကြ၊ပြန်ဖြစ်ကြရာ မှာ ပုဂ္ဂိုလ်၊သတ္တ၀ါတို့ရဲ့ ကုသိုလ်၊အကုသိုလ် ၊ စိတ်ဓါတ်အဆင့်အတန်းကိုလိုက်ပြီး
သေခြင်း(၃)မျိုး ကွဲပြားသွား ကြတယ် ။
ပထမ သေခြင်းမျိုးက ပေါက်လွတ်ပဲစားသေခြင်းမျိုးပဲ
။ ပေါက်ပင်ကပေါက်ပွင့်တွေ ကြွေချိန်တန်လို့ဖြစ်ဖြစ် လေတိုက်လို့ဖြစ်ဖြစ် ၊ သစ်ရွက်တွေ
ဝါခြောက်ပြီး ကြွေကျလို့ဖြစ်ဖြစ် သူတို့ဟာ မိမိသွားလိုရာမသွားနိုင်ဘူး ။ လေဝှေ့တိုက်တဲ့အပေါ်မူတည်ပြီး
မျောချင်ရာမျော ၊ ကျချင်ရာကျကြရတယ် ။ လေပြင်းနဲ့တွေ့ရင် ဝေးသထက် ဝေးရာ တောတောင်လျှိုမြောင်ချောက်ကမ်းပါးတွေဆီလွင့်စင်
ကျရသလို ၊ လေပွေလေရူးနဲ့တွေ့ရင်လဲ ကြုံရာ ကျရာ အင်းအိုင်ချောင်းမြောင်းတွေဆီ ကျရောက်ကြရတယ်
။ ဒီလိုပဲ လူသတ္တ၀ါတချို့(အများစု)မှာ မိမိသဏ္ဍာန် မှာရှိတဲ့ ကိလေသာလေပွေမွှေ့သလောက် ရောက်ရာပေါက်ရာဘုံဘ၀တွေဆီ
ရောက်ကြ ဖြစ်ကြရတယ် ။ ဒီလို သေခြင်းမျိုးကို ပေါက်လွတ်ပဲစားသေခြင်း လို့ ဆိုနိုင်တယ်
။ (ဆရာတော်ရည်ညွှန်းတဲ့ ဒီလူသတ္တ၀ါ အမျိုးအစား ကတော့ အ၀ိဇ္ဇာအမှောင်အားကြီးပြီး ကုသိုလ်အနှစ်၊တရားအနှစ်ကင်းမဲ့နေတဲ့
အန္ဓပုထုဇဉ် အန္ဓဗာလပုထုဇဉ်နဲ့ တချို့ အကုသိုလ်များတဲ့ ပုထုဇဉ်တွေကို ရည်ညွှန်းတယ်လို့
သဘောပေါက်မိပါတယ်)
ဒုတိယသေခြင်းမျိုးက
အုန်းသီးတွေကြွေကျသလို အပင်နဲ့အနီးအနားမှာပဲကြွေကျတဲ့သေခြင်းမျိုး ၊ အုန်းသီး၊ ထန်းသီး
စတာတွေ အပင်ကကြွေကျရင် သူတို့မှာ အနှစ် ၊ အလေးချိန်ရှိတော့
လေဝှေ့တိုက်လဲမလွင့်နိုင်ပဲ အနီးအနားမှာပဲ ကျရတယ် ။ ဒီလိုပဲ တချို့
ကုသိုလ်အနှစ်၊တရားအနှစ်သာရ ပြည့်ဝတဲ့လူတွေ သေလွန်တဲ့အခါ ကိလေသာလေပွေက လွင့်အောင်မမွှေတိုက်နိုင်ပဲ
အနီးအပါး သုဂတိဘ၀မှာပဲ ဂတိမြဲကြရတယ် ။ ဒါကို အနှစ် အလေး ရှိတဲ့ အုန်းသီးကြွေသလို သေခြင်းမျိုးလို့
ခေါ်နိုင်တယ် ။ ( ဒီလူသတ္တ၀ါအမျိုးအစားကတော့ ကုသိုလ် အနှစ် ၊ တရားအနှစ်ပြည့်ဝ ၊ အနဲဆုံး
ကမ္မဿကတ သမ္မာဒိဌိဥာဏ်အမြင် ၊ ဒီထက်ပိုလို့ နာမ၊ရူပ ပရိစ္ဆေဒ ဥာဏ်အမြင် နှင့် အထက်(လောကီဥာဏ်)
တွေ ရရှိပြီးသူ ကလျာဏပုထုဇဉ်နဲ့ စူဠသောတာပန်ပုဂ္ဂိုလ်တို့ကို
ဆရာတော်ရည်ညွှန်းတယ်လို့ သဘောပေါက် မိပါတယ် )နောက်ဆုံးသေခြင်းမျိုးက ငှက်တွေ လိုရာပျံသန်းသွားသလို သေခြင်းမျိုးပဲ ။ ငှက်တွေမှာ အတောင်ပံပါတော့ မိမိအတောင်စုံကိုဖြန့်လို့ မိမိအလိုရှိရာနေရာဌာနကို ပျံသန်းသွားနိုင်တယ် ။ လေဟုန်ကိုစီး ၊ လေပြင်းကိုကျော် လို့ အလိုရှိရာ ပျံသန်းသွားနိုင်ကြတယ် ။ ဒီလိုပဲ တချို့ အနဲငယ်သော ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ သစ္စာလေးပါး အမှန်တရားကို သိမြင် ၊ နိဗ္ဗာန်ကိုတဒင်္ဂမျက်မှောက်ပြုနိုင်တဲ့ မဂ်ဥာဏ် အတောင်တွေပေါက်လာပြီး ဆိုင်ရာ ကိလေသာ လေပွေအဆင့်ဆင့်ကို ပယ်ရှားအောင်နိုင်ခဲ့ကြလို့ မိမိတို့အလိုရှိရာ သုဂတိဘုံဘ၀၊ဘုံဌာနတွေဆီ ရွေးချယ်ဖြစ်ခွင့်ရှိခဲ့ ၊ မလိုချင်တဲ့ အပါယ်တံခါး ပိတ်ပြီးဖြစ်တဲ့ သေခြင်းမျိုးကို ရရှိကြတယ် ။ ဒါကို အတောင်ပံ ပါတဲ့ ငှက်တွေ အလိုရှိရာကို ရွေးချယ်ပျံသန်းသွားတဲ့ သေခြင်းမျိုးလို့ ခေါ်တယ် ။ ( ဒီလိုပုဂ္ဂိုလ်တွေကတော့ သောတာပန် ၊ သကဒါဂမ် ပုဂ္ဂိုလ်တွေဟာ လူနတ်ဗြဟ္မာဆိုတဲ့ သုဂတိဘ၀ အများဆုံးမှ (၇)ဘ၀ပဲ ဖြစ်ပြီးရင် နောက်ထပ်ဘ၀သစ်တဖန်ပြန်မဖြစ်တော့တဲ့ အသင်္ခတဓါတ် မြတ်နိဗ္ဗာန်ဆီ ၀င်စံရမှာပါ ၊ အနာဂါမ်ပုဂ္ဂိုလ်တွေ ကတော့ ဗြဟ္မာဘုံမှာ တကြိမ်ပဲဖြစ်ပြီး အဲဒီကနေ တိုက်ရိုက် ခန္ဓပရိနိဗ္ဗာန် ၀င်စံကြရမှာပါ ။ ဒါဟာ ရွေးချယ် နိုင်စွမ်းရှိတဲ့ အရိယာတို့ရဲ့ မြတ်သောသေခြင်းဖြစ်လို့ ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းအပ်သော သေခြင်းမျိုး ဖြစ်တယ်ဟု ဆရာတော်ကြီး ဆိုလိုဟန်ရှိပါတယ် )
ချစ်စွာသော စာရှုသူ - သင်ရော ကျနော်ပါ ပေါက်လွတ်ပဲစားသေခြင်းမျိုးတော့ အလိုရှိကြမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဘယ်အချိန်လာမယ်မှန်းမသိတဲ့ သေမင်းလာမခေါ်ခင် အခိုက်အတန့်ကလေးမှာ မေ့လျော့ပျော်ပါး ခြင်းတွေ တတ်နိုင်သလောက်လျှော့လို့ ကုသိုလ်အနှစ် ၊ တရားအနှစ်ရှိတဲ့ သူမျိုးဖြစ်အောင်တော့ အနဲဆုံးထား ကြိုးစားသင့်ကြပါကြောင်း ။
ကျေးဇူးရှင် ဥပဇ္ဇယ်ဆရာတော်ကြီးအား အစဉ်ဦးခိုက်ရှိခိုးလျက် -
(
ဝီမံသာ )
No comments:
Post a Comment