Wednesday, July 22, 2015

၉ ။ ဥပနိဿယ ပစ္စယ (နိဒ္ဒေသ)


ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ  ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ဥတုဘောဇနံပိ ဥပနိဿယ ပစ္စယေနပစ္စယော ။ ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေနပစ္စယော ။
သေနာသနံပိ ဥပနိဿယ ပစ္စယေနပစ္စယော ။

          ဥပနိဿယ ပစ္စယဆိုသည်မှာ အားကြီးသောမှီခိုအားထားရာ အထောက်အပံ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော သဘောကိုခေါ်ပါသည် ။ မိုးကောင်းကင်၏ အားကြီးသောအထောက်အပံ့ကိုရသဖြင့်သာ ရေမြေ၊တောတောင်၊ သက်ရှိ သက်မဲ့ သတ္တဝါခပ်သိမ်းတို့ ရှင်သန်ကြီးထွားရသလိုပင် ကုသိုလ်တရား၊အကုသိုလ်တရား စသည့်တရားတွေ၏ အား ကြီးသော အထောက်အပံ့ပစ္စယကို မှီခို၍သာ နောက်ထပ် ကုသိုလ်၊အကုသိုလ်၊အဗျာကတ တရားတွေ ဆက်လက်ဖြစ် ပေါ်ကြရခြင်းသည် ဥပနိဿယပစ္စည်းက ကျေးဇူးပြုလိုက်တာ ဖြစ်ပါသည် ။

          ဘုရားဂုဏ်တော်(၉)ပါး၊တရားဂုဏ်တော်(၆)ပါး၊သံဃာ့ဂုဏ်တော်(၉)ပါးတို့ကို ယုံကြည်၊လေးမြတ်၊ကြည်ညိုလှ သော သဒ္ဓါတည်းဟူသော ကုသိုလ်တရား၏ အားကြီးသောအထောက်အပံ့ကို အမှီပြု၍ ပေးကမ်းစွန့်ကြဲ၊လှုဒါန်းခြင်း ဒါန ကုသိုလ် ၊ ငါးပါးသီလ၊ဥပုသ်သီလ စသည် ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်းဟူသော သီလကုသိုလ် ၊ ဖြစ်ပျက်ဓမ္မ၊ရုပ်နာမ် သင်္ခါရတို့၏ မမြဲခြင်းသဘော၊ဆင်းရဲခြင်းသဘော၊အစိုးမရခြင်းသဘောတို့ကို ဥာဏ်ဖြင့်ဆင်ခြင်၍ ဖြစ်ပျက်ဆင်းရဲကင်းရာ ချုပ်ငြိမ်းရာ အသင်္ခတဓါတ် မြတ်နိဗ္ဗာန်ကို မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ဖြင့် မျက်မှောက်ပြုနိုင်ရန်အလို့ငှာ ပွားများအားထုတ်သော ဝိပဿနာ ဘာဝနာကုသိုလ် စသည့် ကုသိုလ်တရားများ ဆက်လက်ဖြစ်ပွားရသည်မှာ ငါလုပ်တာမဟုတ် ၊ ဥပနိဿယ ပစ္စယအထောက်အပံ့ဖြင့်သာ ကျေးဇူးပြုခြင်းသဘောဖြစ်သည်ဟု သိမှတ်ရမည်ဖြစ်ပါသည် ။
          ဒီကောင် ငါ့ကိုဆဲတယ်(မကျေနပ်ဘူး)ဟူသောစိတ်သည် ဒေါသနှင့်ယှဉ်သော အကုသိုလ်စိတ်တည်း။ ထိုအကုသိုလ်စိတ်၏ အားကြီးသောအထောက်အပံ့ကြောင့် ငါရိုက်လိုက်ရ သေတော့မယ် ဟု  ဗျာပါဒနှင့်ယှဉ်သော အကုသိုလ်စိတ်တို့ ဆက်လက်ဖြစ်ပွားရသည်မှာလဲ ဥပနိဿယပစ္စယ သတ္တိပင်ဖြစ်ပါသည် ။ ထို အကုသိုလ်တရား၏ အားကြီးသောအထောက်အပံ့ကိုအမှီပြု၍ ရိုက်မည်၊သတ်မည်ဟု တုတ်၊ဓါး၊လက်နက်တို့ကိုကိုင်ဆွဲ၏ ။ ထို တုတ် ၊ ဓါး ၊ လက်နက်တို့သည်၎င်း ၊ ရိုက်သောခန္ဓာကိုယ်သည်၎င်း အဗျာကတဓမ္မ ဖြစ်၏ ။ အကုသိုလ်ထောက်အပံ့ဖြင့် အဗျာကတ တရားများဖြစ်ရခြင်းပင်တည်း ။ ထိုနည်းတူစွာပင် ကြည်ညိုသဒ္ဓါကုသိုလ်စိတ်ကြောင့် ဘုရား၊စေတီ စသည်တို့တွင် ရှိခိုး ပူဇော်ပြု၏ ။ ထို ဘုရား၊စေတီ၊ရုပ်ပွားတော်၊သာသနာ့အထိမ်းအမှတ်အလံ စသည်တို့သည်လဲ ကုသိုလ်အထောက်အပံ့ ဥပနိဿယပစ္စည်းက ကျေးဇူးပြုလိုက်သော အဗျာကတ တရားများပင်ဖြစ်ပါသည် ။ အပြန်အလှန်အားဖြင့် ထိုစေတီ ၊ ရုပ်ပွား အဗျာကတ တရားများကိုမှီ၍ ကြည်ညိုသဒ္ဓါကုသိုလ် ဖြစ်ရသည်ကိုလဲ သိစေချင်ပါသည်။

          အချို့သော ဥာဏ်ပညာနုနယ်သည့် ပုထုဇဉ်တို့သည် အလှုပွဲ၊ ပူဇော်ပွဲ စသည့် ကုသိုလ်မှုတို့ကိုပြု၏ ။ ငါ့အလှု ကြီးကျယ်အောင်ဟဲ့ ဟုဆိုကာ တီးမှုတ်၊ကခုန်၊ဇတ်ပွဲ၊ဆိုင်းပွဲငှားကြ၏ ။ အလှုကုသိုလ်ကို အကြောင်းပြုပြီး သောက်စား၊ ပျော်ပါး တဏှာသမုဒယ အကုသိုလ်တွေ ပွားကြကုန်၏ ။ စုဆောင်းထားသမျှ အပိုကုန်များလှသဖြင့် ကိုယ်စိတ်ပင်ပမ်း သောက၊ဒေါမနဿ အကုသိုလ်တွေ ပွားကြရပြန်၏ ။ ဤကား ပညာ မယှဉ်သော ဒါနကုသိုလ်၏ ဥပနိဿယ ပစ္စယ ကြောင့် အကုသိုလ်တွေ ဖြစ်ကြရပုံတည်း ။ တို့မြန်မာတွေ ဆင်ခြင်အပ်လှပါသည် ။
အခါတပါး၌ ရဟန်းသည် ဝိပဿနာဘာဝနာကို ပွားများအားထုတ်၏ ။ ထိုရဟန်းအား ပြင်ပ ပယောဂတစုံတရာ ကြောင့် အနာရောဂါသော်လည်းကောင်း ၊ ဘေးရန်အန္တရာယ်တို့သော်လည်းကောင်း ကျရောက်၏ ။ ကြီးစွာသော အနာ ရောဂါ ၊ ဒဏ်ရာနှိပ်စက်၍ ခန္ဓာကိုယ်ဆင်းရဲပင်ပမ်းခြင်းဖြစ်၏ ။ ထို ကာယိကဒုက္ခသည် အဗျာကတ ဓမ္မပင်ဖြစ်၏ ။ ထို အဗျာကတ တရား၏ အားကြီးသောအကြောင်းအထောက်အပံ့ကိုမှီ၍ မခံမရပ်နိုင်ခြင်း ဒေါမနဿဝေဒနာ အကုသိုလ် တရားဖြစ်ပေါ်၏ ။ အဗျာကတာ ဓမ္မာ အကုသလာနံဓမ္မာနံ ဥပနိဿယ ပစ္စယပင်တည်း ။ ထိုအခိုက်ဝယ် သတိ၊သမာဓိ၊ ပညာဖြင့် ပြည့်စုံသော အကြင်ရဟန်းသည် ထိုဒေါမနဿဝေဒနာ၏ ဖြစ်မှု၊ပျက်မှုတို့ကို ဥာဏ်ဖြင့်ထင်အောင်ရှုပွား၍ ဒုက္ခ အရိယသစ္စာကို ပိုင်းခြားသိမြင်မှု မဂ်ကုသိုလ်သည်ဖြစ်၏ ။ ထို ဖြစ်ပျက် ဒုက္ခအရိယသစ္စာ၏ ကင်းရာ၊ကုန်ရာ၊ချုပ်ငြိမ်းရာ
အသင်္ခတနိဗ္ဗာန်ကို မဂ်ဥာဏ်ဖြင့်မျက်မှောက်ပြုပြီးသည်နှင့် တပြိုင်နက် နိရောဓသစ္စာအမှန် မြတ်နိဗ္ဗာန်၏ သန္တိသုခ ငြိမ်း အေးရာကြီးတွင် ခိုဝင်စံစားသော ဖိုလ်ကုသိုလ်သည်ဖြစ်ပါလေ၏ ။ ဤအခြင်းအရာသည်ကား အိနြေ္ဒငါးပါး၊ဗိုလ်ငါးပါးနှင့် ပြည့်စုံသော ၊ ဝိပဿနာဘာဝနာ၊အနုပဿနာဘာဝနာတို့ဖြင့် လွှမ်းခြုံလေ့ကျက်အပ်သော အချို့သော ယောဂီ ၊ ရဟန်း တို့တွင် အကုသိုလ်တရား၏ ဥပနိဿယ ပစ္စယကိုမှီ၍ ကုသိုလ်တရားများ ဖြစ်ပွားရခြင်းသဘောပင်တည်း ။

          ကျွန်တော်တို့ ရုပ်နာမ်ခန္ဓာအစုစုတို့သည် ယခုကဲ့သို့သွားလာလှုပ်ရှား၍ ကောင်းမှု၊မကောင်းမှု အမျိုးမျိုးတို့ကို မရိုး ရအောင် ပြုလုပ်နေနိုင်ခြင်းသည် ကျွန်တော်တို့ ရှင်သန်နေသေး၍ဖြစ်ပါ၏ ။ ထိုသို့ရှင်သန်နိုင်အောင် ကံ၊စိတ် တည်းဟူ သော ကုသိုလ်၊အကုသိုလ်တရားများကြောင့်အပြင် ဥတု၊အာဟာရ တည်းဟူသော အကြောင်းတရားတို့ကလဲ အင်အား ကြီးမားစွာ အထောက်အပံ့ပြုနေကြသည်ကို မြင်ကြပါကုန် ။ တဖန် ကျွန်တော်တို့ ယခုလို လောကသဘာဝ ယထာဘူတ ဥာဏ်အမြင်ကို ရရှိ၍ သံသရာလွတ်လမ်း မျှော်မှန်းနိုင်သည်မှာ ဗုဒ္ဓ တည်းဟူသော မဟာပူရိသပုဂ္ဂိုလ်မြတ် ၊ တရားတော် များကို အသက်နှင့်ရင်း၍ ထိန်းသိမ်းစောင့်ရှောက် သင်ကြားပေးတော်မူကြသည့် သံဃာ တည်းဟူသော မဟာပူရိသ ပုဂ္ဂိုလ်မြတ်တို့၏ မိုးကောင်းကင်ပမာ အားကြီးလှစွာသော အကြောင်းအထောက်အပံ့ကို အမှီပြု၍သာ ရနိုင်၊သိနိုင်ကြ သည်ကို ကျေးဇူးတတင် သိမြင်ကြပါကုန် ။ ပစ္စန္တရာဇ် အရပ် ကင်းလွတ်၍ မြတ်ဗုဒ္ဓသာသနာ ရောင်ဝါထိန်လင်းသည့် သည်မြေ၊သည်နိုင်ငံ၊သည်ကျောင်းကန်ဇရပ် သေနာသနံပိ အမှီကြီးကိုရ၍လဲ သည်နိဗ္ဗာန်တရား၊ကုသိုလ်တရားတွေ ရနိုင်ပေ၏ ဟု ဥပနိဿယ ပစ္စယ ကျေးဇူးကြီးကိုလဲ မမေ့ကြပါစေကုန်သတည်း ။
ချစ်စွာသောစာရှုသူ - - ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့နှင့် ကောင်းမှု၊မကောင်းမှုအစုစုတို့၏ ဖြစ်ခြင်း၊ပျက်ခြင်းတရား ခပ်သိမ်းတို့သည် ဥပနိဿယပစ္စည်း၏ အားကြီးသောအထောက်အပံ့ကြောင့်သာ ဖြစ်နေ၊ပျက်နေရသည့်သဘောကို မိမိ ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်၍ ကြည့်ပါကုန်။ ဘယ်မှာ မာန်ဝင် မောက်မာချင်၍ ဖြစ်မည်နည်း ။ ဘယ်မှာ ငါပဲ အတ္တစွဲ၍ ရ မည်နည်း ။ ထို ယထာဘူတသဘာဝကို ပစ္စယ ၊ ပစ္စယုပ္ပန်ဟု အမှန်မြင်ပါလျှင် သက္ကာယဒိဋ္ဌိပျောက်ပါသည်။ အကြောင်း ရှိသ၍ ဖြစ်ဦးမည်ကို သိပါက ဘဝပြတ်အယူ ဥစ္ဆေဒ ဒိဋ္ဌိ ငြိမ်းပါသည်။ ဖြစ်ပြီးသမျှ ပျက်ရ ဓမ္မတာနှင့် အကြောင်းမဲ့ထပြီး မဖြစ်တတ်သောသဘောကို သိမြင်ပါက မြဲသည်တည်သည်ဟူသောအယူ ဿဿတဒိဋ္ဌိ ပြုတ်ပါသည်။
ဒိဋ္ဌိပြုတ်၍ ဟုတ်နိုးနိုးသံသယရှင်းကာ ယုံကြည်မှုအားခိုင်မာစွာဖြင့် ဆင်ခြင်သုံးသပ်ပွားများအားထုတ်သွားမည် ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင် သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် စသည်ဖြစ်နိုင်၍  တိဟိတ်ပုဂ္ဂိုလ် မဟုတ်သေးပါကလည်း ပါရမီအဆင့်ဆင့် ရင့်ကျက်၊မြင့်တက်ကာ ကလျာဏ ပုထုဇဉ်၊ စူဠသောတာပန်အဖြစ်တို့ကိုရနိုင်၍ ဒုက္ခလေးရွာ၊အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်စခန်းအလှမ်းမဝေးတော့ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ။ 




                                                                              ဝီမံသာ
(၉-၁၀-၂၀၁၃)


မှတ်ချက် ။           ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့် ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည် ။ (စာရေးသူ)

No comments:

Post a Comment