အသွင်မတူအိမ်သူမဖြစ်
၊ အသွင်တူမှအိမ်သူဖြစ်ဆိုတာ ကိုးကွယ်ယုံကြည်မှုတူရာ ပေါင်းစည်းကြဖို့သာ ရည်ညွှန်းတဲ့
စကားရပ်ပါ ။ ဒါပေမဲ့ အသွင်တူတဲ့အိမ်ထောင်ရေးတိုင်း သန့်ရှင်းမှန်ကန်တဲ့ အောင်မြင်မှုမျိုး
မရနိုင်ကြပါဘူး ။ ဥပမာ -
လောဘ နဲ့
လောဘခြင်း ပေါင်းစပ်တဲ့အိမ်ထောင်ရေးဟာ မသန့်ရှင်းနိုင်ပါဘူး ။ ကိုလောဘနဲ့ မလောဘတို့
ပေါင်း ၊ လောဘတွေ လျှမ်းလျှမ်းတောက်ပြီး သူ့မိသားစု သူ့အိမ်ထောင်ရေး တဘို့ထဲကြည့်ပြီး
တကိုယ်ကောင်းဆန်စွာ နေထိုင် လှုပ်ရှားတတ်ကြလို့ သူ့ပတ်ဝန်းကျင်ကိုဒုက္ခပေး ၊ မျက်ရည်များစွာကို ရင်းပြီးရလာတဲ့
ချမ်းသာ၊အောင်မြင်မှုမျိုးဟာ အပြစ်မကင်းနိုင်ပါဘူး ။ တဘဝစံအဖြစ်နဲ့ သံသရာမှာ ဒဏ်ခတ်ခံရမှာပါ
။
မာန နဲ့ မာနခြင်း
ပေါင်းစပ်ပြီဆိုရင်တော့ - ကိုမာန နဲ့ မမာနတို့ကို ကလေးမယူကြပါနဲ့လို့ပဲ ပြောလိုက်ပါရစေ
။ ဘာလို့လဲ ဆိုတော့ မာနခြင်းပြိုင်ပြီး အိမ်ထောင်ရေးပြိုကွဲမှုရဲ့ သားကောင်တွေအဖြစ်
အပြစ်မဲ့ကလေးလေးတွေကို လူ့လောကထဲ ခေါ်နှိပ်စက်ရာ ကျမှာစိုးလို့ပါ ။
သဘာဝခြင်းမတူ၊ဆန့်ကျင်ပေမဲ့
ဥာဏ်ပညာ နဲ့ သဒ္ဓါ ပေါင်းစပ်တဲ့ အိမ်ထောင်ရေးကတော့ စစ်မှန်၊မွန်မြတ်တဲ့ အောင်မြင် မှုမျိုးကို
ရနိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ် ။ မိသားစုလေးတခုမှာ အဖေက ဥာဏ်ပညာကြီးမားတယ်
။ အမေ က သဒ္ဓါတရားအားကောင်းတယ် ။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ သေတပန်သက်တဆုံး
တည်မြဲခဲ့ရုံမက အဖေအသက်(၈၀)မှာ ကွယ်လွန်သွားခဲ့ပေမဲ့ သားသမီး(၆)ယောက်ကို အမေအိုကြီးရဲ့
မေတ္တာဖြန့်ကျက်မှုတွေနဲ့ ယနေ့ အထိ ဥမကွဲသိုက်မပျက် စည်းစည်းလုံးလုံးနဲ့ နေထိုင်နိုင်စေခဲ့ပါတယ်
။ ဒါတင်မက မိဘနှစ်ပါးရဲ့ မှန်ကန်တဲ့ဆုံးမမှုတွေ ၊ သူတို့ကိုးကွယ်ရာ ထေရဝါဒဗုဒ္ဓဘာသာတရားရဲ့
စစ်မှန်တဲ့ အဆုံးအမတွေကို ယုံကြည်သက်ဝင်စွာနဲ့ တသက်လုံး လိပ်ပြာသန့်တဲ့ အသက်မွေးမှုမျိုးတွေနဲ့ပဲ
ရှင်သန်နေထိုင်ကြရင်း မျိုးဆက်သစ် သားသမီးလေးတွေကိုပါ လိမ္မာယဉ်ကျေး အောင် ဆုံးမနိုင်တဲ့
ပျော်ရွှင်စရာမိသားစုကြီးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။
ဒီနေ့ ဒီလိုအခြေအနေမျိုး
နေနိုင်ခဲ့ပေမဲ့ အတိတ်တချိန်မှာတော့ လောကဓံတရားရဲ့ ရိုက်ပုတ်မှုအောက်မှာ ၊ လူမဆန်တဲ့
လူတချို့ရဲ့ ရက်စက်မှုတွေအောက်မှာ ဒီမိသားစုကြီးဟာ ပြိုကွဲလုမတတ် ခံစားခဲ့ရပါသေးတယ်
။
ဒါပေမဲ့ ဥာဏ်ပညာကြီးမားတဲ့
အဖေနဲ့ သဒ္ဓါတရားအားကောင်းတဲ့ အမေတို့ဟာ လောကဓံကို အံကြိတ်ခံရင်း သူတို့နှစ်ဦး ရဲ့
အပြန်အလှန်မေတ္တာတွေ ၊ မဖောက်မပြန်ခိုင်မာတဲ့ သစ္စာတရားတွေနဲ့ အိမ်ထောင်ရေးကိုထိန်းကျောင်းပြီး
မောင်နှမ (၆)ယောက်ကို လူလားမြောက်တဲ့အထိ ၊ လောကအလယ်မှာ မှန်ကန်စွာရပ်တည်နိုင်တဲ့အထိ
ပြုစုပျိုးထောင်ပေးနိုင် ခဲ့ပါတယ် ။
သူတို့ကိုယ်တိုင်လဲ
(အများပြောကြတဲ့) အိုဇာတာကောင်းမွန်မှုမျိုးနဲ့ သားသမီးတွေရဲ့ ကျေးဇူးတုံ့ပြန်မေတ္တာတွေကို
ကျေနပ်စွာခံစား ၊ အဖေဆိုရင် တရားတော်နဲ့အညီ နေထိုင်ခဲ့ပြီး လူ့လောကထဲကနေ တည်ငြိမ်အေးချမ်းစွာ
ထွက်ခွာ သွားခဲ့ပါပြီ ။ အမေဆိုရင်လဲ ခင်ပွန်းသည်ရဲ့ ကောင်းရာသုဂတိဘုံဘဝကို မျှော်မှန်းရင်း
၊ သားသမီး၊မြေးလေးတွေကို မေတ္တာနဲ့စောင့်ရှောက်ရင်း သားသမီး၊မြေးတွေရဲ့ ကုသိုလ်ကောင်းမှုပြုရာ
လယ်ယာမြေကောင်းသဖွယ်နေထိုင်ရင်း သံသရာခရီးအတွက် ပြုံးသေ သေနိုင်ဖို့ ပြင်ဆင်နေပါပြီ
။
ဒါကြောင့်မို့
မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အိမ်ထောင်ပြုတော့မယ်ဆိုရင် မိမိနှလုံးသားက အချစ်ကို အဖျက်စွမ်းအား
အဖြစ် မရောက်စေပဲ မိမိဘဝအဆင့် မြှင့်တင်ပေးနိုင်မဲ့ အထက်ကအိမ်ထောင်ရေးလို အတွဲအစပ်ကောင်းလေးတွေကို
ရှာဖွေ၊ရွေးခြယ်နိုင်ကြဖို့အတွက် ( ဥာဏ်မျက်စိကို ဖွင့်ပြီးချစ်ကြပါ ) လို့ တိုက်တွန်းချင်ပါတယ်
။
(မျက်ကန်းအချစ်)ကတော့
ဘဝကိုပါ ကန်းစေတာမို့ အဲဒီလိုအချစ်မျိုးကို မယုံစားကြပါနဲ့လို့လဲ သတိပေးချင်ပါတယ် ။
ဘဝကိုအောင်မြင်စေမဲ့
ကောင်းနိုးရာရာ အိမ်ထောင်ရေးအတွဲအစပ်လေးတချို့ကို တင်ပြပေးလိုက်ပါတယ် ။
(၁) သဒ္ဓါ
နဲ့ ဥာဏ်ပညာ အတွဲ
မိမိက သဒ္ဓါကောင်းသူဆိုရင်
သဒ္ဓါလွန်ပြီးတဏှာကျွန်မဖြစ်ရအောင် ထိန်းကျောင်းပေးနိုင်တဲ့ ဥာဏ်ပညာကြီးမားသူကို ရွေးခြယ်သင့်ပါတယ်
။
(၂) ဝီရိယ
နဲ့ တည်ငြိမ်မှု(သမာဓိ) အတွဲ
မိမိက ဝီရိယကောင်းသူဆိုရင်
ဝီရိယလွန်ကဲပြီး ပျံ့လွင့်တုံလှုပ်မှုမျိုးမဖြစ်အောင် ထိန်းချုပ်ပေးနိုင်တဲ့ တည်ငြိမ်သူကို
ရွေးခြယ်သင့်ပါတယ် ။
(၃) စေတနာ
နဲ့ ကရုဏာ အတွဲ
မိမိက စေတနာကောင်းသူဆိုရင်
မိမိစေတနာတွေ အလဟဿမဖြစ်ရလေအောင် သနားကြင်နာတတ်သူကို ရွေးခြယ်သင့်ပါတယ် ။
(၄) ဥာဏ်ပညာ
နဲ့ ဥာဏ်ပညာ အတွဲ
လောကမှာ အမြတ်ဆုံးစုံတွဲပါ
။ ပညာပေါ်ပညာဆင့်လို့ ကြီးမားတဲ့မေတ္တာတရားတွေနဲ့ လောကကောင်းကျိုးကို အမြင့်မားဆုံးသယ်ပိုးနိုင်တဲ့
( မဟော်သဓာ နဲ့ အမရာဒေဝီ ) လို တော်ဝင်၊စံပြ အိမ်ထောင်ရေးတခု ဖြစ်လာမှာ အသေအချာပါပဲ
။
အိမ်ထောင်မြင့်မှ
မျိုးဆက်မြင့်၊တင့်တယ်မယ် ။ မျိုးဆက်မြင့်မှ နိုင်ငံမြင့်မားမယ် ။ ဒီသဘောတရားကို ယုံကြည်စွာနဲ့
စစ်မှန်၊မွန်မြတ်တဲ့ အိမ်ထောင်ရေးဘဝတွေကို ထူထောင်ပြီး ၊ မိမိတို့မျိုးဆက်ကို မြှင့်တင်ရင်းနဲ့
နိုင်ငံ၊လူမျိုးကိုပါ မြှင့်တင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။
(
ဝီမံသာ ) 1-4-2018
No comments:
Post a Comment