Friday, April 20, 2018

အမျှ ယူတော် မူကြပါကုန်လော့


( အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ) - - -
ဒါက ကုသိုလ်ကောင်းမှုတခုပြုပြီးရင် သတ္တဝါအားလုံးကို ကုသိုလ်အဖို့ဘာဂ ရနိုင်ကြစေဖို့
ဆိုနေကျ အမျှဝေသံ ။

ဟိုနေ့က အလှုပွဲတခုမှာ တရားနာအပြီး ထုံးစံအတိုင်း အမျှဝေတော့ ကိုယ်လဲ ဆိုနေကျအတိုင်း
( အားလုံးကြားကြသမျှ အမျှ - - - ) စသဖြင့် ဆိုမယ်လုပ်တုန်း သံပြိုင်ရွတ်သံက -
( အားလုံး ကြားကြသမျှ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ) လို့ ဖြစ်လာတယ် ။
အများနည်းတူ လိုက်သာဆိုနေရတယ် - စိတ်မှာတော့ (ကတ်သီးကတ်သတ်)မေးခွန်းလေးတွေ ပလုံစီလို့ ။
ဘယ့်နှယ် - ကုသိုလ်လုပ်နေတဲ့ပွဲမှာ ကုသိုလ်ကို တကူးတက ထဲ့ကြေငြာပေးနေရတာ ဘာကြောင့်ပါလိမ့် ၊
ကုသိုလ်ပွဲမှာ ကုသိုလ်မဟုတ်တဲ့ အခြားအရာတွေ ဝင်စွက်နေလို့များလား ၊ သဘောကတော့
( ဆွမ်းဆန်ထဲ ကြွက်ချေးရောတာများနေလို့ ဒါ ဆွမ်းဆန်ပါဗျို့လို့ သီးခြားခွဲပြနေရသလိုပါပဲ ) ။

မေးခွန်းထုတ်မိသလို အားမလိုအားမရလဲ ဖြစ်မိပါတယ် ။
ကုသိုလ်ကောင်းမှုပြုနေချိန်လေးမှာတောင် ကုသိုလ်စိတ်သန့်သန့်လေး မထားနိုင်ကြတော့ဘူးလား ။
ကိုယ့် ကုသိုလ်စိတ်ကိုတောင် ကိုယ်မယုံတော့ဘူးလား ။ တကယ်တော့ ကုသိုလ်ပြုတယ်၊ တရားနာတယ်ဆိုတာလဲ ဆယ်ခါမှတခါရယ်ပါ ။ ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေမှာ (နေ့စဉ် ဆွမ်း၊ရေချမ်း၊ပန်း ကပ်တဲ့ အာစိန္တကံ ကုသိုလ်ရှင်တွေ ကလွဲရင်) ကျန်လူများစုအတွက် ကောင်းမှုပြုချိန်လေးတွေက  ရှားရှားပါးပါးရယ်ပါ ။ အချိန်အများစုမှာ သားရေး၊သမီးရေး ၊ စီးပွားရေး၊လူမှုရေး ကိစ္စပေါင်းစုံဆောင်ရွက်ရင်း လောဘ၊ဒေါသ၊မောဟ အကုသိုလ်စိတ်ကြီးတွေနဲ့ နေကြရတဲ့အချိန်က များနေရတဲ့အထဲ ရှားရှားပါးပါးတခါတလေပြုတဲ့ ကောင်းမှုပွဲလေးတွေမှာတော့ ကုသိုလ်စိတ် သန့်သန့်လေး ဖြစ်နေစေချင် ပါတယ် ။ ကိုယ့်ကောင်းမှုကုသိုလ်ကို ယုံကြည်စိတ်ချစွာနဲ့ ( သီးသန့်ထဲ့ကြော်ငြာနေစရာ မလိုပဲ ) အားရပါးရ အမျှဝေလိုက် စေချင်ပါတယ် ။ 

နိစ္စဓူဝ ဘုရားဆွမ်းတော်ကပ် ကောင်းမှုလေးမှာတောင် ကုသိုလ်စိတ်ဖြစ်ပုံလေး နမူနာပြပါ့မယ် ။
စားဦးစားဖျား ဘုရားဆွမ်းတော်တင်လေ့ရှိသူတွေအဖို့ ထမင်း၊ဟင်း စသည် ချက်ပြုတ်၊ပြင်ဆင်နေကတဲက ဘုရားရှင်အတွက် ဆွမ်းတော်ဦး ဆိုတဲ့စိတ်ကလေး စဝင်လို့ ပထမ ပုဗ္ဗစေတနာ(သဒ္ဓါကုသိုလ်ကြီး) ဖြစ်နေပါပြီ ။
တခါ ဆွမ်း၊ခဲဖွယ် ပြင်ဆင် ၊ သောက်တော်ရေချမ်း၊ပန်း၊ဆီမီး စသည်ပြင်ဆင်နေချိန်တလျောက် ဘုရားရှင်ကို ရည်စူးတဲ့ ပုဗ္ဗစေတနာကုသိုလ်စိတ်ဟာ တဖွားဖွားဖြစ်လျက်နေပါတယ် ။ စတင် ဘုရားရှိခိုးပြီ ၊ ဆွမ်းတော်ကပ်ပြီဆိုတာနဲ့ ဖြစ်ဆဲ မုဉ္စစေတနာတွေ ဆက်ခါဆက်ခါ ဖြစ်နေပါတော့တယ် ။ သရဏဂုံဆောက်တည်ခြင်း ၊ သီလဆောက်တည်ခြင်း စတဲ့ ကုသိုလ်တွေက ပံ့ပိုးနေပြန်တော့ အကုသိုလ်ကြားဝင်ချိန်မရအောင် ဖြစ်ဆဲ(ဒါန၊သီလ)ကုသိုလ်စိတ်တွေ တဖွားဖွား ဖြစ်နေတာပါ ။ ဒါကို ထပ်ပြီးအရောင်တင်ပေးလိုက်တာက (ဒါန ၊ သီလ)ထက် ပိုမြတ်တဲ့ (ဘာဝနာ)ကုသိုလ်ပါ ။ ဘုရားဂုဏ်တော်(၉)ပါး ၊ တရားဂုဏ်တော်(၆)ပါး ၊ သံဃာဂုဏ်တော်(၉)ပါး စသည်တို့ကို ရွတ်ပွားပူဇော်နေချိန်မှာ ဂုဏ်တော်တွေကို စိတ်ကအာရုံပြုနေလို့ (ဗုဒ္ဓါနုဿတိ)ဘာဝနာကုသိုလ်ကြီး ၊ မေတ္တာသုတ် စသည်ရွတ်ဖတ်လို့ သတ္တဝါတွေကို မေတ္တာပို့အမျှပေးဝေနေချိန်မှာ ကောင်းကျိုးလိုလားတဲ့စိတ်ကလေးဖြစ်နေလို့ (မေတ္တာ)ဘာဝနာ ကုသိုလ်ကြီး ၊ စတဲ့ ဘာဝနာကုသိုလ်တွေက ထပ်ဆင့်ထောက်ပံပေးလိုက်တော့ အကုသိုလ် ကြားဝင်စရာမရှိအောင် ကုသိုလ်စိတ်ကလေးတွေချည်းပဲ တဖွားဖွားဖြစ်ပေါ်နေတာပါ ။

ဒီလို ကောင်းမှုကုသိုလ်ပြုလုပ်ပြီးတာနဲ့တပြိုင်နက် သတ္တဝါတွေကို အမျှဝေတယ်ဆိုတော့ - ဒီအချိန်မှာ ပေးဝေစရာ (အကုသိုလ်မရှိ) ၊ ကိုယ်ပြုသမျှကောင်းမှုတွေအတွက် အားရကျေနပ်တဲ့ ၊ ထပ်ဆင့်မျှဝေလိုတဲ့ (ဖြစ်ပြီး ပရစေတနာ) ကုသိုလ်တွေချည်းပဲ သီးသန့်ရှိနေတာမို့ (ကုသိုလ်ပါလို့ ကြော်ငြာနေစရာမလိုပဲ) အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ လို့သာ ရဲရဲတင်းတင်း ဝေလိုက်ကြစမ်းပါ ။ ဒီလို ယုံကြည်စိတ်ချစွာ အမျှဝေနိုင်ဖို့အတွက် စတင်ပြုလုပ်ချိန်ကတည်းက ရှေးဦးစေတနာတွေ ထက်သန်စွာနဲ့ ( ငါ့အလှူ မပြီးသမျှ ဘာအကုသိုလ်မှ မဝင်စေရ ၊ ဒါန၊သီလ၊ဘာဝနာ ကုသိုလ် စိတ်တွေနဲ့သာ ငါနေသွားမယ် ) လို့ သံဓိဌာန်ချပြီး လွတ်လပ်စွာ အမျှဝေနိုင်ကြပါစေကုန်သတည်း ။

( ဝီမံသာ ) 21-4-2018

1 comment: