Friday, April 27, 2018

ဒိဌိခွါမှ ဝိပဿနာဖြစ်မယ်


ဒီနေ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတပုဒ်ကို နာခဲ့ရလို့ ဓမ္မမိတ်ဆွေတွေကို လိုတိုရှင်း ပြန်လည်မျှဝေ လိုက်ပါတယ် ။

ဖြစ်ပျက်ရှုတဲ့ ၊ ဝိပဿနာတရားအားထုတ်တဲ့နေရာမှာ ဒိဌိ ခွါနိုင်မှ နိဗ္ဗာန်ကိုရမယ် ။ ဘယ်ဒိဌိတွေလဲဆိုတော့ -          (၁) ဿဿတဒိဌိ (အစွန်း) ၊ 
(၂) ဥစ္ဆေဒဒိဌိ (အစွန်း) 
ဒီအစွန်း(၂)ပါးကို ခွါပြီး ရှုနိုင်မှ မဂ်ဥာဏ်ရပါမယ် ။

ဿဿတဒိဌိဆိုတာ (မြဲတယ်ထင်လို့ ဘဝကိုခင်တွယ်တာ) လောဘ အရင်းခံပါတယ် ။ ပုထုဇဉ်အများစုမှာ ဒီ ဒိဌိ ရှိပါတယ် ။ သူက အပြစ်သေးပေမဲ့ ကျွတ်ခဲပါတယ် ။ ဘဝကိုခင်တွယ်လို့ နိဗ္ဗာန်တရားမှ ရှောင်ပြေးနေတတ်လို့ပါ ။
ဥစ္ဆေဒဒိဌိကတော့ (ပြတ်တယ်ထင်လို့ဘဝကိုမခင်တွယ်တာ) ဒေါသ အရင်းခံပါတယ် ။ (သေရင်အေးတာပဲ၊ပြတ်တာပဲ) ဆိုတာ ဥစ္ဆေဒ ပါ ။ သူက အပြစ်ကြီးပါတယ် ။ ချွတ်နိုင်သူရှိရင်တော့ ကျွတ်လွယ်ပါတယ် ။

ဘယ်လိုဖြစ်ဖြစ် ဒီ ဒိဌိအစွန်း(၂)ခုဟာ မဂ်ဥာဏ်ကိုတားတဲ့အတွက် နိဗ္ဗာန်လိုချင်လို့ ဖြစ်ပျက်ရှုသူအဖို့ မဖြစ်မနေ ခွါရမဲ့ တရားတွေဖြစ်ပါတယ် ။ ခွါဖို့နည်းကတော့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင်လုပ်ခြင်းပါပဲ ။
အလွယ်သိအောင် နေ့စဉ်ဘဝထဲက စိတ်အစဉ်ဖြစ်၊ပျက်နေမှုလေးတွေနဲ့ ရှင်းပြထားပါတယ် ။

မြင်စိတ်ကလေးဖြစ်တယ်(ဝိဥာဉ် - သဠာယတန) ၊ ဖြစ်ပြီး-ပျက် ၊ ပျက်ပြီးနောက် တွေ့ချင်စိတ်(ဖဿ)ဖြစ်တယ် ။ အဲဒါပြီးနောက် မြင်ရတွေ့ရတာကိုပျော်မွေ့နေတဲ့ ဝေဒနာစိတ်ဖြစ်တယ် ။ (ချစ်သူကိုချစ်စိတ်နဲ့မြင်ချင်သလို ၊ မုန်းသူကိုလဲ မုန်းစိတ်နဲ့မြင်ချင်သေးတယ်နော်) ။ ဝေဒနာဖြစ်ပြီးနောက် ဆက်ခါမြင်ချင်လို့ နေပါဦး ဖြစ်လာတဲ့ တဏှာလေးလာတယ် ၊ မပြန်ရအောင်ဆွဲထားတဲ့ ဥပါဒါန်လေးဖြစ်တယ် ၊ အဲဒီနောက် -  မတွေ့ရတာကြာပြီ ၊ မပြန်ပါနဲ့ဦး စားစရာ၊သောက်စရာ လေး လုပ်လိုက်ဦးမယ် ဆိုတဲ့ ကာယကံ၊ဝစီကံ ကမ္မဘဝတွေဖြစ်လာတယ် ။ ဒါ ခန္ဒာပဋိစ္စသမုပ္ပါဒ်အစဉ် ပါပဲ ။ 

အဲဒီ စိတ်အစဉ် ဖြစ်ရပ်တခုတိုင်း တခုတိုင်းမှာ ဖြစ်ပြီးပျက် တဲ့ သဘောလေးတွေပါနေပါတယ် ။

 တွေ့ချင်စိတ် (ဖဿ) လေး ဖြစ်တယ် ။ ဖြစ်ပြီးတာနဲ့ ချက်ခြင်း(ပျက်)တာပါပဲ ။ ဒီပျက်တာကို ရှုရင်းဆင်ခြင်လိုက်ရင် (မြဲတယ်လို့မရှိပါလား) လို့ (သိ)တော့ ဘဝခင်တွယ်တဲ့ ဿဿတဒိဌိ ကွာပါတယ် ။

တခါ ဒီ ဖဿလေးက ပျက်ပြီး ပြီးမသွားပဲ ဝေဒနာ ပေါ်အောင် (ပစ္စယ) ကျေးဇူးပြုလိုက်တော့ ဝေဒနာ ဆက်ဖြစ်တယ် ။ ဒီလို အကြောင်းခံလို့ (ဖြစ်)လာတာကို (သိ)တော့ - ( ပြတ်တယ် ၊ ပြီးရင်ပြီးတာပဲ )လို့ တလွဲစွဲတဲ့ ဥစ္ဆေဒဒိဌိ ကွာပါတယ် ။ (သေချာ စဉ်းစားပါ)

(ပျက်)တာကို (သိ)ရင် (မြဲတယ်ထင်တာ) ပျောက်တယ် ။ ဆက်ဖြစ်ဖို့ (ကျေးဇူးပြု)တာ/(ဖြစ်)တာကို (သိ)ရင် (ပြတ်တယ်ထင်တာ) ပျောက်တယ် ။

ဒီ ဒိဌိ အစွန်း(၂)ပါး ခွါနိုင်ပြီဆိုတာနဲ့ ( သမ္မာဒိဌိ ၊ သမ္မာသင်္ကပ္ပ ၊ သမ္မာဝါယမ ၊ သမ္မာသတိ ၊ သမ္မာသမာဓိ ) ဆိုတဲ့ ဝိပဿနာ မဂ္ဂင်(၅)ပါး ဖြစ်လာပါပြီ ။ ဝိပဿနာဥာဏ် ပြည့်စုံရင့်သန်လာတာနဲ့တပြိုင်နက် လောကုတ္တရာမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကို စတင်ရရှိလို့ နိဗ္ဗာန်ကို ဥာဏ်နဲ့ မျက်မှောက်ပြုနိုင်ပါပြီ ။

ဒါကြောင့်မို့ နိဗ္ဗာန်လိုချင်လို့ ဖြစ်ပျက်ရှုတော့မယ်ဆိုရင် ( ဿဿတ နဲ့ ဥစ္ဆေဒ ) ဒိဌိအစွန်းနှစ်ပါးကို ခွါထားခဲ့ဖို့ အဓိက လိုအပ်ကြောင်း (မေတ္တာဖြင့်) ဓမ္မဒါန မျှဝေလိုက်ပါသည် ။

ဝီမံသာ (28-4-2018)
Ref; - မိုးကုတ်တရားတော် အသံဖိုင် ( M-G 168 )

No comments:

Post a Comment