( သတိ ၊သမာဓိ )ကို ခိုင်မာအားကောင်းစွာ
ထူထောင်နိုင်သူဟာ ကိုယ်ပိုင်ဆေးရုံတခု တည်ထားနိုင်သလိုပါပဲ ။
အရေးကြုံလာ၊ဝေဒနာသည်းထန်လာချိန်မှာ
အဆုံးစွန်ထိကြောက်ရွံ့ခြင်းဖြစ်တယ် ။ ဒါတောင် သွေးပျက်မသွားပဲ တရားကိုသာအားကိုးရာလို့
အောက်မေ့တဲ့သတိ ၊ တနည်း (သတိပဌာန်…)တရားအားထုတ်ဖို့ မမေ့တဲ့သတိ ၊
ပြင်းစွာသောဝီရီယနဲ့
သမာဓိထူထောင်လိုက်ပြီဆိုတာနဲ့ စက္ကန့်ပိုင်း၊မိနစ်ပိုင်းမှာတင် သမာဓိရလောက်အောင် အားကောင်း
တဲ့ သမာဓိ ၊
အဲလို ခိုင်မာတဲ့သတိနဲ့
၊ အားကောင်းတဲ့သမာဓိ ပိုင်ဆိုင်ထားပြီ ၊ အဲဒီအထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီဆိုရင်
ဘယ်လို အနာရောဂါမျိုးမဆို ကုသပျောက်ကင်းနိုင်တဲ့ ကိုယ်ပိုင်ဆေးရုံကြီးတခု ရလိုက်တာပါပဲ
။
ကျနော် မနေ့က
မနက် နိုးချိန်ကစပြီး ညာဘက်လက်မောင်းရင်းနဲ့ ညာဘက်နံရိုးကြား ထိုးထိုးအောင့်နေတာ သားကို
အားပေးဖို့တောင် လိုက်မသွားနိုင်ခဲ့ဘူး ။ အသက်ဝအောင်ရှုတာနဲ့ ထိုးအောင့်တော့တာပဲ ။ မနက်ပိုင်းဒီလိုနဲ့နေ
၊ အစာ ကြေဆေးလေးလောက် သောက်ရင်းပြီးသွား ။ နေမြင့်လာတော့ ပူပြီး နဲနဲသက်သာလာတယ်လေ ။
တဖက်မှာလဲ တီဗီဇတ်လမ်းနဲ့ အာရုံပြောင်းထားတာကိုး ။ ဒါပေမဲ့ ညနေစောင်း(၄/၅)နာရီလောက်ကျ
မနေနိုင်အောင်ထိုးအောင့်တော့ တာ ။ ဘုရားရှိခိုးတောင် (ပဌာန်း-နိဒ္ဒေသ)ဆုံးအောင်မပူဇော်နိုင်တော့ဘူး
။ ဒါနဲ့ ဆေးခန်းပြေးတော့ ဆရာဝန်က Ultra Song ရိုက်ရမယ်တဲ့ ။ သူညွှန်တဲ့ကိုယ်ပိုင်ဆေးရုံကြီးရောက်သွားတော့
အာလ်ထရာဆောင်း ရိုက်မဲ့သူ ပြန်သွားပြီတဲ့ ၊ ညမှ ပြန်လာပါ တဲ့ ။ ဒါနဲ့ ဟိုဆေးခန်းပြန်ပြေး
၊ (ဆရာမရယ် ၊ အာထရာဆောင်းကတော့ ခုရိုက်လို့မရသေးဘူး ၊ ဒါပေမဲ့ လောလောဆယ် နာနေတဲ့အနာ
သက်သာအောင် သောက်ဆေးလေးနဲနဲဖြစ်ဖြစ် ပေးလို့မရဘူးလားဟင်) လို့ အသနားခံ ကြည့်မိတယ် ။
တော်တော်နာတာဗျ ၊ ၁၀စက္ကန့် ၊ ၁၅စက္ကန့် တကြိမ်လောက် ထိုးထိုးအောင့်လိုက်ရင် ခါးကို ညွှတ်သွား
၊ ကုန်း/ကော့သွား အောင် ခံရတာ ။ ဆိုင်ကယ်ပေါ်ကပြုတ်မကျအောင် မနဲသတိထားနေရတာ ။ ဆရာဝန်မလေးကတော့
- ဘာရောဂါမှန်းမသိပဲ ရမ်းပြီးဆေးပေးလို့မရပါဘူးတဲ့ ၊ မှားသွားရင်အန္တရာယ်ရှိပါတယ်တဲ့
။ (ဒါလဲ ဟုတ်မှာပါပဲလေ)
ဒီလိုနဲ့
စိတ်ပျက်လက်ပျက် အိမ်ပြန်လာခဲ့ ၊ ကယ်ရီသမားလေးလဲပြောတယ် ၊ အကို့ဟာ လေထိုး၊လေအောင့်တာဖြစ်မယ်
တဲ့ ။ နံရိုးကြား ဆောင့်ဆောင့်ထိုးသလိုဖြစ်တာဆိုရင် အဲဒါ ဟုတ်တယ်၊လေတံစို့ထိုးတာတဲ့
။ ကျနော်လဲ အဲလိုထင်လို့ အစာကြေ၊လေနိုင်ဆေးတွေဝယ်ပြီး ဆေးသောက်လိုက် ၊ လမ်းလျှောက်လိုက်နဲ့
ဝေဒနာကိုအံကြိတ်ခံနေရတာပေါ့ဗျာ ။ ညရောက်တော့ နဲနဲသက်သာသလိုရှိတာနဲ့ ဆေးရုံထပ်မသွားတော့ပဲ
နေလိုက်တော့တယ် ။ တကိုယ်လုံးနွေးထွေးအောင် လုပ် ၊ လိမ်းဆေးအပူတွေလိမ်းပြီး အသက်သာဆုံးပုံစံနဲ့
တစောင်းလေးစောင်ခြုံအိပ်လိုက်ရတယ် ။ အသက်ပြင်းပြင်းလဲ မရှုရဲဘူး (အောင့်မှာစိုးလို့)
။ သိပ်မအိပ်လိုက်ရပါဘူး ၊ ညတနာရီလောက်ကစပြီး အေးလာတော့ ပြန်အောင့်လာတာ လှဲနေလို့မရတော့
ထလမ်းလျှောက်လိုက် ၊ ဆေးသောက်လိုက် ၊(ရေသောက်၊သေးပေါက်လုပ်လိုက်) ။ နဲနဲသက်သာ ပြန်အိပ်
၊ တော်ကြာနာလို့ပြန်ထ ၊ ဒီလိုနဲ့ တညလုံး ခံနေရတာ - မနက်(၄)နာရီခွဲလောက်ရောက်တော့ တိုက်စစ်က
အမြင့်ဆုံးကိုရောက်လာတယ် ။ သုံးလေးစက္ကန့်တကြိမ် မနားတမ်းဆက်တိုက် နာတာ ။ အတွင်းထဲက
အကောင်ကြီး တကောင်က ကိုယ့်ကလီဇာတွေကို တဇတ်ဇတ်ကိုက်နေသလိုမျိုးခံစားရတယ် ။ ရပ်တာတောင်
မတ်မတ်မရပ်နိုင် ၊ ကုန်းခံနေရတယ် ။ အဲဒီလိုကြီးနာရီဝက်၊တနာရီနီးပါး လျှောက်လိုက်၊ရပ်လိုက်၊ကုန်းလိုက်နဲ့
၊ ဘုရားစာတွေရွတ်တာလဲ ကပေါက်တိ ကပေါက်ချာတွေ ဖြစ်လာ ၊ သွေးပျက်ချင်လောက်အောင် အကြောက်ရွံ့ဆုံးအချိန်တခုရောက်လာတယ်
။
ငါ ဆေးရုံပြန်မသွားမိတာမှားပြီ ၊ ခုမှ ဘယ်လိုလုပ်ရပါ့မလဲ
၊ မိန်းမလဲ မအိပ်နိုင် ၊ ဒီအချိန်ဖွင့်တဲ့ဆေးခန်းပြေးရအောင် ၊ သွားရောဘာထူးမှာလဲ ၊
နာနေတာ ချက်ခြင်းပျောက်မှာမှမဟုတ်တာ ၊ ဘုရားဘုရား ၊ ရိုးရိုးလေအောင့်တာမဟုတ်ပဲ ကင်ဆာလိုဟာတွေသာဖြစ်နေရင်
…..
အဲလို ဂယောင်ချောက်ခြားနဲ့
အိမ်ထဲမှာလျှောက်နေရင်း ဆတ်ခနဲရပ်လိုက်မိတယ် ။ ဒီလောက်တောင်ဖြစ်လှတာ ၊ ဒီလို တော့ အသေမခံနိုင်ဘူးကွာ
။ ငါ့မှာတရားရှိတယ် ။ ငါ့တရားနဲ့ နိုင်အောင်တိုက်မယ် ၊ သေလဲ တရားမှတ်ရင်းသေမယ် လို့
ဖြတ်ချလိုက်ပြီး ကိုယ်ကိုမတ်မတ်ရပ် ၊ စိတ်ကိုတင်းပြီး ဝင်လေ၊ထွက်လေကို ပြင်းပြင်းထန်ထန်
ရှုသွင်း၊ရှုထုတ်လုပ်ရင်း ရပ်လျက်နဲ့ပဲ အာနာပါနဿတိကမ္မဌာန်းနဲ့ သမာဓိထူထောင်လိုက်တယ် ။
အစပိုင်း ဝင်လေဆုံးချိန်၊ထွက်လေဆုံးချိန် ကြားကာလလေးတွေမှာ ရောဂါက အောင့်အောင့်ပြသေးပေမဲ့
သူတို့ကိုလဲ ဖြစ်ပျက်ရှု ပစ်လိုက်တယ် ။ ၃မိနစ်တောင် မပြည့်သေးဘူး ၊ တချက်သတိထားကြည့်လိုက်တော့
အောင့်တာဘယ်ရောက်သွားမှန်းမသိတော့ဘူး ။ ဒါနဲ့ ရပ် မို့လို့ နေမှာ ၊ ထိုင် ဆိုရင်ကောလို
အသာခြေလှမ်းတွေ(အမှတ်နဲ့)ရွှေ့ ၊ ထိုင်ခုံပေါ်ထိုင်ပြီး ဆက်မှတ် ၊ တမိနစ်လောက်အကြာ ကမ္မဌာန်း
ရပ်ပြီး ဗိုက်ကိုကြည့် ၊ အောင့်တာလေးက မရှိတော့ ။ ပျော်သွားတယ် ၊ ပီတိတွေနဲ့ ဆက်လျှောက်နေရင်း
ဘုရားကို ကျေးဇူးတင်လိုက်တာ ၊ တရားတော်ကိုအံ့သြကြည်ညိုလိုက်တာ ၊ ဒီတရားတွေဟောပေးတဲ့
သံဃာတော်တွေ ကျေးဇူးတင်လိုက်တာ ။ အဲဒီပီတိလေးတဖွားဖွားနဲ့ လျှောက်လိုက်၊ရပ်လိုက်၊မှတ်လိုက်၊ထိုင်လိုက်လုပ်နေတာ
ငှက်ကလေး တွေ အသံကြားမှ မိုးလင်းပြီမှန်းသိလိုက်ရတယ် ။ ဒါနဲ့ - ဒါဘယ်လိုဖြစ်တာလဲ ၊
ဒီလောက်အဆောက်အအုံကြီးတဲ့ အနာကြီး တနေ့ကုန်၊တညလုံးနာနေခဲ့တာ (၃မိနစ်၊၄မိနစ်)နဲ့ အရှင်းပျောက်တာတော့
မဖြစ်နိုင်ဘူး ဆိုပြီး ကမ္မဌာန်း(လုံးဝ) ဖြုတ်ချလိုက်ပြီး သတိလေးနဲ့ အိပ်ယာပေါ်လှဲကြည့်လိုက်တယ်
။ အောင့်တာလေးကတော့ ရှိသေးတယ် ။ မခံနိုင်လောက် အောင်တော့မဟုတ်ဘူး ။ လှဲနေလို့လဲရတယ်
။ သတိလွတ်လိုက်ရင် စူးခနဲတချက်အောင့်ပြ ၊ သတိလေးထားလိုက်ရင် ပျောက်သွား ။ ဝေဒနာဟာ (
မနေ့ကနဲ့ ညတုန်းကတော့ အိမ်ကိုအနုကြမ်းဝင်စီး ၊ အိမ်သားတွေကိုကြိုးတုပ်၊နှိပ်စက်ခဲ့တဲ့
ဓါးပြကြီးလို ၊ ခုမနက်ကျတော့ သူ့ထက်အားကြီးတဲ့ သက်တော်စောင့်ကြီးတွေ့လို့ အပေါက်ဝကပြူတစ်ပြူတစ်လုပ်နေတဲ့
သူခိုးဂျပိုးလို ) အဆင့်ကျသွားပါပြီ ။
ဝေဘူဆရာတော်ကြီးက
(အာနာပါန သာ ၂၄နာရီတဆက်ထဲ မပြတ်အောင်မှတ်ကြည့်ပါဗျာ ၊ တရားထူး မရ၊မရှိပါဘူး)တဲ့
ကျနော် ယုံသွားပါပြီ
၊
ကျနော်အခု
ရပ်လိုက်လို့ ၊ အာနာပါနသာ ခုမနက် တဆက်ထဲမပြတ်မှတ်လိုက်ရင် ဗိုက်ထဲကဟာ - ကင်ဆာဆိုတောင်
နေနိုင်မှာမဟုတ်ဘူး ၊ အမြစ်ပြတ်ပျောက်မှာ ။ ဒါပေမဲ့ (အစားကောင်းစားရရင် မိတ်ဆွေကောင်းကို
သတိရတယ်) ဆိုတာလို ကျနော့် ဓမ္မမိတ်ဆွေတွေ ကျနော်ရထားတဲ့ (တရား)ဆိုတဲ့ ကိုယ်ပိုင်ဆေးရုံကြီးကို
(ရစေချင်လို့) ၊ ကိုယ့်ရင်ထဲ မှာ အသီးသီးထူထောင်နိုင်ကြပါစေလို့ တောင်းဆု၊မေတ္တာ မျှဝေလိုက်ပါတယ်ခင်ဗျာ
။
(
ဝီမံသာ )
8-3-2018
( 9:45 am )
No comments:
Post a Comment