ပစ္ဆာဇာတာ
စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော ။
နောက်မှဖြစ်လာမယ့်
စိတ်၊စေတသိက်တရားတွေဟာ ရှေးဦးဖြစ်နှင့်ပြီးသားရုပ်တရားတွေကို ပစ္ဆာဇာတပစ္စယ အကြောင်းအထောက်အပံ့နဲ့
ကျေးဇူးပြုတတ်ပါသေးတယ် ။
ပဉ္စဝေါကာရဘုံသား(လူ၊နတ်၊သတ္တ၀ါ)တွေမှာ
အရူပ၀ိဉာတ်(၄)ပါးဖယ်လို့ ကျန်စိတ်(၈၅)ပါး ၊ ဆိုင်ရာစေတသိက် (၅၂)ပါးတို့ဟာ အနာဂါတ်မှာ
မလွဲမသွေဖြစ်လာစရာရှိပါတယ် ။ အဲဒီဖြစ်လာမဲ့စိတ်၊စေတသိက်တရားတွေကို အကြောင်း ပြုလို့
ယခု ပစ္စုပ္ပန်မှာ ကမ္မဇရုပ် ၊ ဥတုဇရုပ် ၊ အာဟာရဓဇရုပ် ၊ စိတ္တဇရုပ် လို့ခေါ်တဲ့ ရုပ်တရားလေးပါးဟာ
ဖြစ်ကြပျက်ကြ ရပါတယ် ။ ဒါဟာ ပစ္ဆာဇာတပစ္စယ အကြောင်းအထောက်အပံ့ပါပဲ ။
ရှေးဆရာများက
ဠင်းတငှက်ဥပမာနဲ့ အဓိပ္ပါယ်ဖွင့်ကြပါတယ် ။ ဠင်းတမိဘနှစ်ပါးဟာ ငှက်ပေါက်လေးတွေမွေးပြီး
တာနဲ့ အသိုက်မှာထားခဲ့ပြီး အစာရှာထွက်သွားပါတယ် ။ ဠင်းတပေါက်ကလေးတွေမှာ ဆာလောင်နေပေမဲ့
သူတို့မိဘတွေ ပြန်လာရင်စားရမှာပဲ ဆိုတဲ့အသိနဲ့ မျှော်တလင့်လင့်ပေါ့ ။ အချိန်တန်ပြန်လာတော့
ဘာအစာမှပါမလာပါဘူး ။ ကဲ-ဒီနေ့ မပါသေး နောက်နေ့ပေါ့ ၊ဒီလိုနဲ့ဆက်မျှော် ၊ နောက်နေ့လဲမပါ
။ (တော်တော်ရက်စက်တဲ့ လဒမိဘတွေနော်) ကုန်ကုန်ပြော ရရင် သူတို့အစာရှာနိုင်တော့မှပဲ ဠင်းတငှက်ကလေးတွေခမျာ
စားရပါတော့တယ် ။ အစာမစားရပဲ ဘာလို့အသက်ရှင်နိုင် သလဲဆိုတော့ (အဖေအမေပြန်လာရင်စားရမယ်)ဆိုတဲ့မျှော်လင့်ချက်
၊ (တကယ်မစားရပါပဲနဲ့နောက်တော့စားရမှာပေါ့) ဆိုတဲ့အသိက ပစ္ဆာဇာတပစ္စယသတ္တိနဲ့ အထောက်အပံ့ပြုထားလို့သာ
အသက်ရှင်နေနိုင်တာပါ တဲ့ ။
ကဲ - ကျနော်တို့
လူတွေမျှော်လင့်တယ်ဆိုတာ လဒလေးတွေ ဘယ်မှီမလဲနော် ။ သူတို့ခမျာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာ
။ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီး ကြည်ညိုဖို့ကောင်းလိုက်တာ ၊ ပစ္ဆာဇာတ ပစ္စယ ပုဒ်ကလေး
ကျဉ်းကျဉ်းလေးနဲ့ အနက်အဓိပ္ပါယ် ကျယ်ဝန်းလိုက်တာ ၊ တလောကလုံးကို ခြုံငုံမိအောင်ပါပဲ
။ ( မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ် ) ဆိုတာ ၊ အံ့သြဖို့ကောင်းလိုက်တာနော် ။
ခု ကျနော်တို့
လူတွေ လုပ်ကိုင်၊ကြံစည်၊ပြောဆို၊ပြုမူ၊ကြိုးစားအားထုတ်နေသမျှဟာ အနာဂါတ်အတွက်ပဲ မဟုတ်
လားခင်ဗျာ ။ အိမ်ရှင်မဟာ နေ့လည်ထမင်းစားဖို့အတွက် မနက်ကတည်းက တကုပ်ကုပ်နဲ့ ထမင်းချက်တယ်၊(ချက်တဲ့
အချိန် စားသေးတာမဟုတ်) ။ ကျောင်းသားဟာ နောက်နေ့စာမေးပွဲဖြေဖို့အတွက် ဒီနေ့ကတည်းက စာကျက်တယ်၊
(ကျက်တဲ့အချိန် ဖြေရသေးတာမဟုတ်) ။ အလုပ်သမားဟာ နေကုန်ရင်ပိုက်ဆံရဖို့အတွက် မနက်ကတည်းက
ခါးချိ အောင် အလုပ်လုပ်တယ် ။ (လုပ်နေချိန် ပိုက်ဆံရတာမဟုတ်)။ အလှုရှင်တွေဟာ လာမဲ့သံသရာဘ၀ခရီးလမ်းတလျောက်
ချမ်းချမ်းသာသာနေရအောင်လို့ ဒါနကုသိုလ်တွေပြုကြတယ် ။ (လှုနေချိန်ချမ်းသာလာတာမဟုတ်) ။
နောက်ဆုံး ကုန်ကုန် ပြောရရင် ခုစက္ကန့်မှာ အသက်ရှုလိုက်တာဟာ နောက်စက္ကန့်အသက်ရှင်ဖို့ပဲမဟုတ်လားဗျာ
။
တချို့လူတွေပြောကြတယ်
။ ငါ့အနာဂါတ် မှောင်မိုက်နေတယ် တဲ့ ။ မျှော်လင့်ချက်မဲ့တဲ့ဘ၀မှာ ရှင်သန်ခြင်းဟာ အလကားပါပဲတဲ့
။ ဟုတ်ပါတယ် ။ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ ၊ မျှော်လင့်စရာဘာမှမရှိ ၊ ဘာဖြစ်လာမယ်မှန်းမသိ
ဆို တဲ့ အခြေအနေမျိုးမှာ လူတွေဟာ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး ၊ အိပ်ပဲနေချင်တော့တယ်
၊ အသက်တောင် မရှင်ချင်တော့ဘူး ဆိုတာဟာ နောင်ဖြစ်လာမဲ့ အားကောင်းတဲ့စိတ်စေတသိက်တရားတွေရဲ့
အကြောင်းအထောက်အပံ့ ကို မရလို့ လက်ရှိရုပ်တရားတွေ အားနဲချိနဲ့ ကုန်ကြတာပါပဲ ။
ရုရှားစာရေးဆရာကြီး
လီယိုတော်လ်စတွိုင်းရဲ့ ပုံပြင်လေးတပုဒ် စိတ်ထဲစွဲနေတယ် ။ ခွေးနက်ကြီးနှစ်ကောင် အလိုက်ခံရလို့
ထွက်ပြေးလာတဲ့ လူဟာ ရေတွင်းပျက်ကြီးထဲပြုတ်ကျသွားတယ် ၊ ရေတွင်းဘောင်မှာပေါက်နေတဲ့ နွယ်ပင်
လေးကို သွေးရူးသွေးတမ်းဖမ်းဆုပ်ရင်း အလယ်ခေါင်မှာတွဲလွဲခိုလို့ ၊ အောက်မှာ ရေတွင်းအပြည့်လောက်ကြီးတဲ့
ပင့်ကူ ကြီးက ပြုတ်ကျလာရင် စားဖို့စောင့်နေ ၊ ဒီကြားထဲ ဧရာမကြွက်ကြီးတကောင်က သူခိုထားတဲ့နွယ်ပင်နွယ်ကြိုးလေးကို
တရိရိပြတ်အောင် ကိုက်ဖြတ်နေပြန်တယ် ၊ ဒီလောက်အသည်းထိတ်စရာကောင်းပြီး အန္တရာယ်ကြားထဲကပဲ
ဒီလူဟာ နွယ်ပင်အဖျားမှာ တင်နေတဲ့ ပျားရည်လေးတစက်ကိုမြင်တော့ အငမ်းမရ လျှာနဲ့လျက်လိုက်ပါသေးတယ်
တဲ့ ။ ဒါဟာ လူ့ဘ၀ပါပဲ ။ ဘယ်လောက်မှောင်မိုက်နေပါစေ၊ဘယ်လောက်အန္တရာယ်တွေကြားထဲရောက်နေပါစေ
၊ အချိန်ရဲ့ တရိရိ ကိုက်စားခြင်းကိုခံရပြီး ဘယ်လောက်ပဲ သေမင်းခံတွင်းဝ ရောက်နေပါစေ
။ လူဟာ နောက်စက္ကန့်လေး အသက်ရှင်ခွင့်
ဆိုတဲ့ ဘ၀တဏှာ၊အလိုဆန္ဒ၊မျှော်လင့်ချက်ပျားရည်လေးတစက်ကို
အငမ်းမရလျက်ရင်း ရုန်းကန်၊အားထုတ်၊ပျော်ရွှင် နေနိုင်ကြတာ ဖြစ်လာမဲ့စိတ်စေတသိက်တရားတွေက
လက်ရှိရုပ်တရားကို ကျေးဇူးပြုလိုက်တဲ့ ပစ္ဆာဇာတပစ္စယသတ္တိပါပဲ။
ပစ္ဆာဇာတ
ပစ္စည်းကို ဆင်ခြင်သုံးသပ်ရင်း ဘုရားရှင်ရဲ့အဆုံးအမတခုဖြစ်တဲ့ ( ယောနိသောမနသိကာရ ) အသင့် အတင့် နှလုံးသွင်းပါ
(တနည်း) အကောင်းမြင်စိတ်ကိုမွေးပါ ဆိုတာကို ပိုလို့ယုံကြည်လိုက်နာမိလာပါတယ် ။ အကောင်း
မြင်စိတ်ရှိသူဟာ အပြုသဘောဆောင်တဲ့မျှော်လင့်ချက်တွေ တောက်ပနေတတ်တယ် ။ အနာဂါတ်မှာ ဖြစ်လာစရာရှိတဲ့
စိတ်ဓါတ်တွေဟာလဲ ကောင်းမွန်၊ခိုင်မာ၊အားကောင်းနေတော့ ပစ္စုပ္ပန်အပြုအမူ ၊ အားထုတ်မှုတွေဟာလဲ
ကြည်လင် ၊ တက်ကြွလို့ ကောင်းတဲ့ဘ၀တွေကိုပဲ ဖြစ်စေတော့မှာပါ ။ လူ့လောက ကောင်းကျိုးဆောင်သွားခဲ့ကြတဲ့
မြတ်ဗုဒ္ဓ ၊ သခင် ယေရှု ၊ ဗိုလ်ချုပ်အောင်ဆန်း ၊ မဟတ္တမဂန္ဓီ ၊ အိုင်စတိုင်း ၊ အယ်ဒီဆင်
- - - စတဲ့ နယ်ပယ်စုံက ပုဂ္ဂိုလ်ကြီးတွေဟာ ဒီ အကောင်းမြင်စိတ် ရှိတဲ့သူတွေပဲဆိုတာ သိနိုင်ပါတယ်
။
အမှန်တရားကိုမြတ်နိုးသော
ချစ်စွာသောစာရှုသူ - မိမိခန္ဓာမှာ ဖြစ်ပျက်နေမှုအစုစုကို
ဉာဏ် ဖြင့် သေချာဆင်ခြင်သုံးသပ်ကြည့်ပါကုန်။ ပစ္စုပ္ပန်ရုပ်တရားတွေဟာ အနာဂါတ်မှာဖြစ်လာစရာရှိတဲ့
စိတ်စေတသိက် တရားတွေရဲ့ ပစ္ဆာဇာတပစ္စည်း အကြောင်းအထောက်အပံ့ကြောင့်သာ
ဖြစ်ပျက်လေ့ရှိကြပါတယ် ။ ငါ့ရုပ် ၊ ငါ့အလုပ်
ရယ်လို့ ဘယ်မှာမှ ရှာမရပါကလားဟု နားလည်သိရှိသွားပါလျှင် သက္ကာယဒိဋ္ဌိ(ငါစွဲ)ပျောက်နိုင်ပါသည်။
ပစ္ဆာဇာတပစ္စယ ၏ အကြောင်းအထောက်အပံ့ကို ရွတ်ဖတ်ရုံမျှမက အဓိပ္ပါယ်သဘောတရားကို ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်၍
သိလာရသော ကိုယ်ပိုင်အသိတရားတို့ကို သို့လောသို့လော တွေးတောယုံမှားခြင်းမရှိပဲ ယုံကြည်သဒ္ဓါခိုင်မြဲစွာဖြင့်
ဆင်ခြင်သုံးသပ်၊ ပွားများအားထုတ် သွားမည် ဆိုပါလျှင် တိဟိတ်ပုဂ္ဂိုလ်မှန်ပါက ယခုဘဝတွင်ပင်
သံသရာပြတ်ကြောင်း မဂ္ဂင်အကျင့် ကောင်းကို ရရှိပိုင်နိုင်လျက် ဖြစ် ဆင်းရဲ၊ ပျက် ဆင်းရဲတို့
ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မျက်မှောက် ပြုနိုင် ပါမည့်အကြောင်း သတင်းကောင်းပါး
လိုက်ရပါသည် ။ ။
ဝီမံသာ
(၂၀-၃-၂၀၁၄)
မှတ်ချက် ။ ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့်
ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည်
။ (စာရေးသူ)
No comments:
Post a Comment