ကျောက်သင်္ဘောဆရာတော်ကြီး၏
မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်
တရားတော်
အပိုင်း - ၁ (ဃ)
ဖြစ်ဖို့ရာတွေက
အကြောင်းကူမှဖြစ်ရလေတော့ တနည်းနည်းနဲ့ပေါ့ ၊ ကံ၊စိတ်၊ဥတု၊အာဟာရရယ် ၊ အ၀ိဇ္ဇာ၊တဏှာ၊
ဥပါဒါန်ရယ် အများကြီးပဲ ။ အကြောင်းတွေဆိုတာက အများကြီးပဲ ။
ဒေသနာနည်းနဲ့ပြောမယ်ဆိုရင်တော့ ဆုံးနိုင်မှာ မဟုတ်ဘူး ။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ
အကြောင်းက(၁၂)ပါး ၊ ပဌာန်းဒေသနာတော်မှာ နည်းအားဖြင့်(၂၄)နည်း ရှိတယ် ။ အဲဒါကြောင့်
တရားဆိုတာ သူ့ဟာသူကတော့ မဖြစ်နိုင်ပါဘူး ။ သူ့ဟာသူကတော့ အဗျာပါရတရားမို့ သုန်း
နေပါတယ် ၊ ဆိတ်နေပါတယ် ၊ ကုန်နေပါတယ် ၊ ခန်းနေပါတယ် ။ အားထုတ်မှုက ဗျာပါရတရားပါ ။
နဂိုကတော့ သူ့ အလိုလိုကတော့ သူ့အတိုင်းတိုင်းကတော့ အဗျာပါရတရားပါ ။
ဖြစ်ခြင်းကိုမစွမ်းနိုင်လို့ အဖြစ်တွေမှ - သုန်းနေရပါတယ် ၊ ဆိတ်နေရပါတယ် ၊ ကုန်နေရပါတယ် ၊ ခန်းနေရပါတယ် ၊ ငြိမ်းနေရပါတယ် ၊ ချုပ်နေရပါတယ် ။ အဲဒီ
ချုပ်နေတာသိတာ ၀ိပဿနာဥာဏ်ခေါ်တယ် ။ ၀ိပဿနာဥာဏ်က ဒီလို ဖြစ်နေတာတွေမရှိဘူး ။
ချုပ်နေတာ သာလျှင် ရှိပါကလားလို့သိတယ် ။ စာကလဲ - ( သမုဒယော နတ္ထိ ၊ နိရောဓေါ အတ္ထိ )
တဲ့ ။ သမုဒယော - ဖြစ်ပေါ်နေခြင်းသည် ၊ နတ္ထိ -
မရှိ ။ နိရောဓေါ - မဖြစ်ပေါ်ပဲ ချုပ်ငြိမ်း၍နေခြင်းသည်
၊ အတ္ထိ - ထင်ရှားရှိ၏ ။ ဤကဲ့သို့ ဟောခဲ့ပါတယ် ။ ဤလိုသိတဲ့ဥာဏ်ကို
ဝိပဿနာဥာဏ်လို့ခေါ်တယ် ။ ဖြစ်နေကျစိတ်တွေ ၊ ဖြစ်နေကျခန္ဓာတွေ
မိမိတို့ရဲ့မနောမှာကြည့် ၊ တရားဆိုတာ အခြား လှမ်းလှမ်းမကြည့်ရဘူး
။မိမိတို့ရဲ့ခန္ဓာမှာ နောက်တုန်းကဖြစ်နေကျစိတ် ဖြစ်ပေါ်နေပြီးသားမရှိဘူး ။
ဖြစ်ပေါ်နေပြီးသားမရှိပါကလား ၊ သူ့အလိုလိုချုပ်နေမှုသာလျှင် ရှိပါကလားလို့ သိတဲ့ဥာဏ်
ဖြစ်ရမယ် ။
သူ့အလိုလိုချုပ်နေတော့ ချုပ်ရာကြီးရှိတယ်ပေါ့ ။ ချုပ်နေတာသိ၍
ချုပ်ရာကိုမြင်ပါ ။ အဲဒီ ချုပ်ရာဟာ နိဗ္ဗာန်ပဲ ။ ချုပ်တာ သိတာ - ဝိပဿနာဥာဏ် ၊ ချုပ်ရာသိတာ
- မဂ်ဥာဏ်ပဲ ။ အဲဒီလိုချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မြင်တဲ့ဥာဏ် ဖြစ်ပလားဆိုမှဖြင့် အဝိဇ္ဇာ
အစရှိသည်တို့ကလဲ ချုပ်ပါလေရော ။ ( အဝိဇ္ဇာယတွေဝ ၊ အသေသဝိရာဂနိရောဓါ ၊ သင်္ခါရနိရောဓေါ
) ဆိုတာ အဲဒီလို ချုပ်သွားပုံ ၊ ချုပ်လိုင်းကြီးကိုဟောတာ ။ ဒီလိုသိကြရမယ် ။ အဲဒီလိုသိရင်ဖြင့်
မကျန်ပါဘူး ၊ ကုန်ရော ။ ဒီလိုမြင်ပြီး ဒီလိုသိတာကို နိဗ္ဗာန်ရောက်တယ်လို့ ပြောရတာ ။
အဲဒီလိုသိစေခြင်းငှါ ၊ ရောက်စေခြင်းငှါ ၊ မြတ်စွာဘုရားက
နည်းအမျိုးမျိုးနဲ့ ဟောခဲ့တာပေါ့ ။ အကြောင်းသတ်တဲ့နည်း တွေနဲ့ ဟောခဲ့တယ် ။ အကျိုးသတ်တဲ့နည်းတွေက
မြတ်စွာဘုရားရဲ့နည်းမဟုတ်ဘူး ။ ဒိဌိတို့ရဲ့နည်း ။ အကြောင်းသတ်ဆိုတာက တခြားမဟုတ်ဘူး
။ ဘာရယ်ညာရယ်လို့သိတော့ သိတဲ့စိတ်ဖြစ်လာတယ် မဟုတ်လား ။ လူရယ်လို့ဆိုတာ ၊ မိန်းမ-ယောက်ျားဆိုတာတွေသိတဲ့စိတ်
ဖြစ်လာတာပါ ။ ဘာတွေညာတွေလို့သိတော့ သိတဲ့စိတ် ဖြစ် လာတာပေါ့ ။ ရုပ်တွေ နာမ်တွေလို့သိတော့
သိတဲ့စိတ်ဖြစ်လာတာ ။ အဲဒီ သိတဲ့စိတ်က ပဓါန ၊ ဟို - လူတွေ ၊ ယောက်ျား မိန်းမတွေ ၊ ရုပ်တွေ
နာမ်တွေက အဓိကမဟုတ်ဘူး ။ အဲဒီစိတ်ကိုသိရမယ်လို့ ဘုန်းကြီးတို့ကပြောတာ ။
အခုတော့ အဲဒီစိတ်ကိုချန်ထားတယ် ။ ရုပ်တွေရယ်လို့တော့ သိပါရဲ့
၊ နာမ်တွေရယ်လို့တော့ သိပါရဲ့ ။ ခန္ဓာတွေလို့တော့ သိပါရဲ့ ၊ အာယတနဓါတ် အစရှိသည်တို့ကိုတော့
သိပါရဲ့ ။ သိတာတခုကိုတော့ ချန်ထားကြတယ် ။ သိတာက ပဓါန ၊ အဲဒါကို သိရမှာ ။
လိုရင်းကတော့ ဒီ ရုပ်တရား၊နာမ်တရား၊ခန္ဓာတရားတွေကိုသိတော့
ရုပ်၊နာမ်သိတဲ့ဥာဏ် ၊ ခန္ဓာသိတဲ့ဥာဏ် ၊ အာယတန သိတဲ့ဥာဏ်တွေပဲ ဖြစ်မယ် ။ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်တွေတော့
မဟုတ်ဘူး ။ မဂ်ဥာဏ် ဖိုလ်ဥာဏ် မဖြစ်သ၍တော့ သက္ကာယဒိဌိ မပယ်နိုင်သေးဘူး ။
ဆက်လက်ဖော်ပြပါမည် ။
ကူးယူ တင်ပြသူ
( ၀ီမံသာ ) 6-6-2016
No comments:
Post a Comment