Wednesday, April 15, 2015
သိပ္ပံနည်းကျ ဗုဒ္ဓ အဘိဓမ္မာ (၃)
ရှေ့ဆက်ဖော်ပြမည့် မေးခွန်းနှင့်အဖြေတို့သည် သိပ္ပံပညာ၏ သုံးသပ်ဆင်ခြင်နိုင်စွမ်း ဘောင်ကို ကျော်လွန် သွားပြီ ဖြစ်၍ (စိတ်စွမ်းအားတိုးပွားစေသည့်အကျင့်) သမထဘာဝနာကို အဆင့်တခုထိပေါက်မြောက် အောင် အားထုတ်ထားသူ(သို့) သံသရာအဆက်ဆက်က အားထုတ်ခဲ့ဖူးသည် အလေ့အထုံတို့ကို ပြန်လည်မှတ်မိနိုင်သူတို့သာ နားလည်နိုင်မည့်ဈာန်အရာတို့ ဖြစ်ပါသည် ။ သေချာ နားကြီးကြီးစိုက် စဉ်းစားဆင်ခြင်ရင်း သံသရာအဆက်ဆက်က ဖြည့်ခဲ့ဖူးသော ပါရမီတွေ အထောက်အပံ့ရ အသိဥာဏ် ပွင့်လင်းခဲ့ပါလျှင် ရှင်းရကျိုးနပ်မည်ထင်ပါသည် ။
၈ ။ ( သေပြီးသည်နောက် ဖြစ်လည်းဖြစ်တယ်၊ မဖြစ်လည်းမဖြစ်လို.ရော အယူရှိပါသလား ) ၊ ( အယူမရှိဘူး ဂစ္ဆ ) ။ သမထအစွမ်းဖြင့်ရသော ရူပဈာန်၊အရူပဈာန်တို့၏ အရာ ဖြစ်ပါသည် ။
၉ ။ ( ဒါဆို ဖြစ်တာလည်းမဟုတ်၊ မဖြစ်တာလည်းမဟုတ်လို.ရော အယူရှိပါသလား ) ၊ ( အယူမရှိဘူး ဂစ္ဆ ) ။ နေ၀သညာ နာသညာ ယတန ဈာန်၏ အရာ ဖြစ်ပါသည် ။
၁၀ ။ အမေးအဖြေနှစ်ခုကိုပဲ သေချာအရင်စဉ်းစားစေချင်ပါသည် ။ ( အရှင်ဂေါတမ အယူမရှိဘူးလို.ပဲ ဖြေနေပါလား၊ အဘယ်ကြောင့်ပါလဲ )
( ဒါတွေဟာ မိစ္ဆာဒိဋ္ဌိအယူတွေသာ ဖြစ်တယ် ၀စ္ဆ၊ လွတ်မြောက်ငြိမ်းချမ်းဖို.အတွက် မဖြစ်ဘူး၊ အယူဆိုတဲ့စကားကို ငါဘုရား ပယ်ထားပြီ၊ စွဲလမ်းမှုတွေ ထောင်လွှားမှုတွေ မရှိလို. လွတ်မြောက်နေသူဖြစ်တယ် ) အယူ၊အစွဲ ဟူသည် ဘ၀ကိုဖြစ်စေသည့် ပြင်းပြစွာဆုပ်ကိုင်ထားခြင်း (ဥပါဒါန်) သာဖြစ်လို့ ဘ၀ဒုက္ခလွတ်မြောက်ကြောင်းနှင့် ဆန့်ကျင်နေသည်ဟု ဆိုလိုရင်းပါ ။
သမထဘာဝနာဟူသည် အာရုံတခုတည်းကို စူးစိုက်၊စွဲမြဲနေအောင်လုပ်သောအကျင့် ဖြစ်ပါသည် ။ တနည်းအားဖြင့် အတ္တ အယူအောက်က လုပ်နေသောအကျင့်သာဖြစ်လို့ ဗုဒ္ဓမြတ်စွာက ဒီအယူတွေ ဟာ မိစ္ဆာဒိဌိအယူတွေသာ ဖြစ်တယ် ဟု ပြတ်သားစွာ ရှင်းခဲ့ခြင်းဖြစ်ပါသည် ။ သမထအစွမ်းဖြင့် ရူပဈာန်ကိုရလျှင် ရူပဗြဟ္မာဘုံတွင် ဖြစ်မည် ၊ ထိုဘုံတွင် နာမ်တရား(၄)ပါး မဖြစ် ၊ ရုပ်သာဖြစ်၏ ။ ထို့အတူပင် အရူပဈာန်ကြောင့် အရူပဗြဟ္မာဘုံ - - - - စသည်တို့တွင်သာ ဖြစ်ရပေမည် ။ ထို ဗြဟ္မာ တို့၏သက်တမ်းသည် ကမ္ဘာနှင့်ချီ၍ (တချို့ ကမ္ဘာပေါင်းများစွာ) သက်တမ်းရှည်ကြသော်လည်း အတ္တ အယူ (သက္ကာယဒိဌိ) မပျောက်သေးလို့ သေခြင်းသဘောတရားမှ လွတ်မြောက်နိုင်ခြင်းမရှိသေးသလို (ငရဲ ၊ ပြိတ္တာ ၊ တိရိစ္ဆာန် ၊ အသူရကယ်)ဟူသည့် အပါယ်လေးပါးမှလဲ လွတ်မြောက်နိုင်ခြင်း မရှိသေးပါ ။ သက္ကာယဒိဌိအကျဉ်း- ရုပ် ၊ နာမ်(သိခြင်း၊မှတ်ခြင်း၊ခံစားခြင်း၊ပြုပြင်စီရင်ခြင်း) တို့ကို ငါဟု စွဲယူသည့် အယူကို ခေါ်ပါသည် ။ သမထဖြင့် ထိုဒိဌိ မပြုတ်ပါ ၊ ၀ိပဿနာတရား ပွားများအားထုတ်ပါမှ ပထမ သောတပတ္တိမဂ်ဥာဏ်ဖြစ်မှ ထို သက္ကာယဒိဌိကို အမြစ်ဖြတ်နိုင်ပါသည် ။
၁၁ ။ နောက်ဆုံးအမေးအဖြေ(၄)ခုတွဲသည် နိဗ္ဗာန် နှင့် စပ်သော အခြင်းအရာကို ဖွင့်ဆိုခြင်းဖြစ်လို့ လေးနက်စွာ အာရုံပြုနိုင်ကြစေရန် အမေး အဖြေ (၄)ခုလုံး အရင် ပူးတွဲဖော်ပြ ပါရစေ ။
(က) “ ဒီလို လွတ်မြောက်တဲ့ စိတ်ရှိသူကရော ဘယ်မှာ ပဋိသန္ဓေဖြစ်ပါသလဲ ”
“ ပဋိသန္ဓေဖြစ်တယ် ဆိုတဲ့ အဖြစ်ကိုမရောက်ဘူး ၀စ္ဆ ”
(ခ) “ ပဋိသန္ဓေအားဖြင့် မဖြစ်ဘူးပေါ့ ”
“ မဖြစ်လို.လဲ ပြောလို.မရဘူး ၀စ္ဆ ”
(ဂ) “‘ ဒါဆို ပဋိသန္ဓေဖြစ်လည်းဖြစ်၊ မဖြစ်လည်းမဖြစ်ပေါ့ ”
“ အဲဒီလို အဖြစ်ကိုလည်း မရောက်ဘူးဝစ္ဆ ”
(ဃ) “‘ ဒါဆို ပဋိသန္ဓေဖြစ်တာလည်းမဟုတ်၊ မဖြစ်တာလည်း မဟုတ်ပေါ့ ”
“ အဲဒီ အဖြစ်ကိုလည်း မရောက်ဘူး ၀စ္ဆ ”
နိဗ္ဗာန် ဟူသည် လောကပညတ်ချက်တို့ဖြင့် တိုင်းတာဖော်ပြ ၊ စဉ်းစားဆင်ခြင်လေ့ရှိကြသောလောက ကို လွန်မြောက် ၊ လောကအနှောင်အဖွဲ့မှ လွတ်မြောက်သော တရားဖြစ်ပါသည် ။ သမုတ် ခေါ်ဆို လေ့ရှိကြသော လောကပညတ်များဖုံးလွှမ်းခံနေရသည့် သာမာန်လူသားတို့ဥာဏ်ဖြင့် မေးမြန်း ၊ စူးစမ်းရုံဖြင့် သိနိုင်ရန် မရတတ်သော လောကုတ္တရာ တရားအစစ်ကြီး ဖြစ်ပါသည် ။ ထို့ပြင် လောက လူသတ္တ၀ါတို့ သတ်မှတ်ကြသော အချိန် နေရာ ပယောဂ ၊ အကြောင်းတရားတို့ဖြင့် ကင်းလွတ်သော ထင်ရှားရှိသည့် လွတ်မြောက်မှု တရားကြီးလဲဖြစ်ပါသည် ။ နိဗ္ဗာန်ကို မဂ်ဥာဏ်(၄)ပါးဖြင့်သာ သိနိုင်ပြီး ဖိုလ်ဥာဏ်(၄)ပါးဖြင့်သာခံစားစံစား နိုင်ပါသည် ။ ဖြစ်တာမှန်သမျှ ပျက်ရသည့် ဒုက္ခအစစ်ကို ငြီးငွေ့ ၊ ကြောက်ရွံ့ ၊ လွတ်မြောက်လိုသူမှ မဂ္ဂင်ရှစ်ပါး အကျင့်တရားမြတ် (သီလ၊သမာဓိ၊ပညာ)ကို ဆောင်ယူ ကျင့်သုံးနေထိုင်မှသာ နိဗ္ဗာန်ကိုသိနိုင်သည့် မဂ်ဥာဏ်(၄)ပါးကို ဖြစ်စေပြီး လောကသံသရာဝဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက် ငြိမ်းချမ်းရာကို ရနိုင်ပါမည်ဟု ( မြတ်ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသရုပ်၊ အနှစ်ချုပ်ကို ) တတ်နိုင်သမျှ (မှတ်၊သိ၊ဆင်ခြင်ဥာဏ်လေးဖြင့်သာ) ဖော်ထုတ် မိတ်ဆက် ပေးလိုက်ရပါကြောင်း ။
( ၀ီမံသာ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment