Thursday, April 11, 2019

fb ပေါ်မှ ကဗျာတပုဒ်


ပုဂ္ဂိုလ်ရေးခံစားချက် / တကိုယ်ရေ တောင်းပန်၊သတိရခြင်း

သူမ - အလှ ဘုရင်မ ဖြစ်ခဲ့ပေမဲ့ -
ငါက - မိဖုရားပဲ လိုချင်သူ ဖြစ်ခဲ့တော့
ငါတို့ရဲ့ ကြေကွဲဇတ်သိမ်းလေး - ဖြစ်ခဲ့ပျက်ခဲ့တယ် ။

ငါတို့ တချိန်က တွေ့ခဲ့ကြတယ် -
နိုင်ငံရေး(ဝါ)အမျိုးသားရေးတာဝန်တွေကြားထဲမှာလေ ၊
အဲဒီ တာဝန်တခုထဲ ခေါင်းစိုက်ထားမိတဲ့ ငါ့ကို
အဲဒီ အလှဘုရင်မက သူ့အလှ၊မာန၊ဒေါသကြောင့်လား ၊
သူမ မမျှော်လင့်မိတဲ့ အချစ်ကြောင့်လား မသိ ၊
တန်ဖိုးကြီး သံယောဇဉ်အဆိပ်တွေ ငါ့ကိုကျွေးခဲ့တယ် ။
( သူမ - ငါ့ရဲ့ ကယ်တင်ရှင်မလေး ဖြစ်ခဲ့ပါတယ် )

ငါ - တာဝန်ချိန်မှာ ဘုရင်တပါးလို
အင်အားရှိသမျှနဲ့ တောင့်ခံနိုင်ခဲ့ပေမဲ့ ၊
အားလပ်ချိန် ခံနိုင်ရည်တွေ အိပ်ပျော်သွားတော့ ၊
သူမရဲ့ ဆွဲငင်မှုအပြည့် ရေသွယ်မြောင်းထဲ
ဆည်ကျိုးသလို ငါ့အချစ်တွေ ခုန်ဆင်းသွားလိုက်တာများ -
အတ္တ ၊ မာန ၊ ဘဝတောင် အုံလိုက်ကျွတ်ကျသွားမိပါရဲ့ ။

ဒီလိုနဲ့
ရေမျောကမ်းတင် ၊ နန်းကျဘုရင်ရဲ့
နောင်တ နဲ့ ဇာတိမာန် ပြန်ပေါ်လာချိန်မတော့
(စိမ်းကားရက်စက်လွန်းသူ)လို့ တကိုယ်ရေရှက်တွေးနဲ့
ငါ့ရဲ့ ပြင်းထန်လွန်းတဲ့ အချစ်ဒေါသ၊မာနကြောင့်
သူမ နဲ့ ငါ (နာနာကျင်ကျင်)ဝေးခဲ့ရတယ်ပေါ့ ။
သူမ ကို ငါ (နာနာကျင်ကျင်)စွန့်ပစ်ခဲ့တယ်ပေါ့ ။

နွေလေ ၊ မိုးလေ ၊ ဆောင်းလေ တွေကို
အချိန်တွေက တိုက်ချသွား ပြီးတဲ့နောက်
သူမ - ငါတို့ခင်းခဲ့တဲ့လမ်းမှာ ဘုရင်မတပါးအဖြစ်
ခန့်ညားထည်ဝါ(ငါ့အတွက်တော့) လွမ်းစရာ
ပေါ်လာခဲ့ရှာတယ် ။ ဘာကြောင့်မှန်း မသိရဲပေမဲ့
တကိုယ်ရေပဲ တဲ့လား ချစ်ခဲ့သူ(ဒေါက်တာအပီနို)ရယ် ။

သူမတို့ အာဏာရလာချိန် ၊ အာဏာဖွဲ့စည်းချိန် -
သူမ - ငါ့ကို (တဖက်လှည့်နဲ့) စံနန်းပေါ် ဆွဲခေါ်ခဲ့ ၊
ငါ - အာဏာနိုင်ငံရေး နဲ့ အမျိုးသားနိုင်ငံရေး
လေနဲ့ဝမ်း ကွဲသူမို့ ဘုရင်မအနားကို မသွားလိုက်တော့ဘူး ၊
( ငါ့အိမ်နိုင်ငံငယ်လေးနဲ့ငါလဲ မိဖုရားရှိနေပြီးသားမို့လေ ) ။

ဒါပေမဲ့ - ရှိပြီးသား သံယောဇဉ်တွေကြောင့်
(အာဏာရစဉ် မမောက်မာဖို့)
(ကိုယ့်ပညာမာန်နဲ့ အခြားပညာရှင်တွေကို မစော်ကားမိဖို့)
အချိန်ရရင် ရသလို သတိပေးခဲ့ပေမဲ့ သူမ ကတော့
(ကြားချင်တဲ့စကားမဟုတ်လို့လား) နားမဝင်ခဲ့ပါဘူးလေ ။

ခုတော့ - နင် - ဘယ်ပျောက်နေပြီလဲ အပီနို ၊
(ခေါင်းဆောင်ရဲ့ယုံကြည်ရသူ) ဝန်ကြီးချုပ်လောင်းအဖြစ်
နာမည်ကြီးပြီးခါမှ (နင့်အပြောကြောင့်)နင့်ကို နာကျင်သူတွေရဲ့
ရက်စက်စွာ (သိက္ခာချိုးဖဲ့) တုန့်ပြန်ချက်မှာ
ရှက်ရွံ့စွာပုန်းနေရပြီလား အလှဘုရင်မလေးရယ် ။

နင် နောက်ပြောင် ခေါ်ခဲ့တဲ့ (ငှက်)ဆိုတဲ့ ငါ -
ငါ တောင်းပန်ပါတယ် ချစ်ခဲ့ရတဲ့ (ငါ့ဘုရင်မ)အပီနို ။
ဟိုတချိန်က ငါ့စကား -
( ငါတို့က ခေါင်းဆောင်တွေ ၊ ငါတို့ကို အားလုံးက
 ဝိုင်းကြည့်နေကြတာ ၊ အနေအထိုင်ဆင်ခြင်သင့်တယ် )
မကြာခင်လေးက ငါ့စကား -
(ကိုယ်အာဏာရလာရင် မမောက်မာဖို့)
(ကိုယ့်ပညာ၊ပါဝါမာန်နဲ့ အခြားပညာရှင်တွေကို မစော်ကားမိဖို့)
အဲဒီ စေတနာစကားတွေကို နင် နားဝင်အောင်
မပြောနိုင်ခဲ့လို့ ငါ တောင်းပန်ပါတယ် ၊
(အချစ်ဆုံးဖြစ်ခဲ့သူ) အလှဘုရင်မလေးရယ် ။
( hlt  )


No comments:

Post a Comment