အခု
အသက်ကြီးလာတော့ (အဖေ့လိုပဲ) မနက်ပိုင်း ပုံမှန် ဝမ်းသွားတယ် ။ ထူးတာက အနဲဆုံး
(၂)ခါလောက် သွားတာပဲ ။ အဲဒါကို သေချာသတိထားကြည့်မိတော့ - ပထမတခါသွားတာမှာ မနေ့က
မနက်စာတွေ ပါသွားပြီး ၊ ဒုတိယတခါသွားတာမှာ မနေ့က ညစာတွေပါသွားတယ် ဆိုတာပဲ ။ ကဲ -
ဘာများရစရာ ကျန်သေးလဲကွယ် ။
တို့တွေမှာ
အဲဒီ မနက်စာ၊ညစာ ငါးမိနစ်၊ဆယ်မိနစ်စာလေးအတွက် လုပ်လိုက်ရတာ - အိမ်ရှင်မတွေဆိုလဲ
ဈေး ဝယ်ရခြမ်းရ ၊ ချက်ရပြုတ်ရ ၊ ယောက်ျားတွေဆိုလဲ ရှာရဖွေရ ၊ ပြီးတော့ ဘာများ
မယ်မယ်ရရ ကျန်ခဲ့လို့လဲ ၊ နောက်နေ့ဆက်အသက်ရှင်ဖို့ (မနေ့က ဇရတာမီးကြောင့် ပျက်စီးသွားတဲ့)
ဇီဝရုပ်ကလာပ်စည်းလေး နဲနဲ ပြန်ဖြစ်လာ တာပဲရှိတယ် ။ ( နေ့တိုင်း သေနေ၊ပျက်နေလို့
မသေရ၊မပျက်ရအောင် ဘဝကိုခင်တွယ်တဲ့စိတ်ကလေးက လှုံ့ဆော်လို့ ဒီလို ပင်ပင်ပမ်းပမ်း
ရှာဖွေဖြည့်တင်း ပေးနေရတာပါ ။ ) ကျန်တာကတော့ တို့မိတ်ဆွေ ကရင်မကြီးပြောသလို
(ချီးစာ၊အီးစာတွေ) ချက်နေရတာပါပဲ ။ သြော်
- ဒါဟာ ( ဘဝတဏှာ ) ဆိုတဲ့ အခြေခံစွဲလမ်းခြင်းလေးတခုထဲအတွက် ရလိုက်တဲ့ဒုက္ခတွေပဲနော်
။
ဒါပေမဲ့
တို့လူတွေ ဒါလောက်နဲ့ ရပ်ကြပြီလား ၊ သတိရကြပြီလား ၊ သံဝေဂယူတတ်ပြီလား ၊
ဝေးပါသေးတယ်နော် ။ အဝိဇ္ဇာဦးစီးတဲ့ လောဘအဝကားကြီးက တို့တွေကို ဒုက္ခမှန်းတောင်
မသိနိုင်အောင် ဖုံးပိတ်ထားလိုက်တော့ ဘဝကို ခင်ယုံနဲ့ အားမရ ၊
လောကချမ်းသာလို့(တံလျှပ်လို) အပေါ်ယံပကာသန ရွှေငွေဥစ္စာ တိုက်တွေကားတွေ စည်းစိမ် ချမ်းသာတွေ
၊ သားသမီး၊သားမယား အခြွေအရံအဖော်အပေါင်းတွေ ၊ ရာထူး၊အာဏာ၊ပါဝါ၊ဂုဏ်တွေ ဆုတံဆိပ်တွေ
၊ ထင်ပေါ်ကြော်ကြားမှုတွေ စတဲ့ မရေမတွက်နိုင်လောက်တဲ့ ( ကာမတဏှာကြီး ) ၊
သံသရာတလျောက်မှာ အကုသိုလ်ကလွဲလို့ ဘာမှပေးမသွားနိုင် ၊ ယူစရာမရှိတဲ့ အဲဒီ
ကာမတဏှာကြီးအတွက် လုပ်လိုက်ရတဲ့ ဒုက္ခ - - မတွေးရဲလောက်အောင်ပါပဲ ။
ဘုရင်တချို့
တဏှာရာဂ အစွဲအလမ်းကြီးတော့ မိန်းမတယောက်ကြောင့် ဖြစ်လိုက်ရတဲ့ စစ်ပွဲကြီးတွေ ၊
သေလိုက်ရတဲ့ လူတွေ ၊(ကြားဖူးတယ်နော်) ၊ နယ်မြေချဲ့ထွင်ချင်ပြန်တော့ ဖြစ်လိုက်ရတဲ့
ကမ္ဘာစစ်ကြီး တွေ ၊ သေလိုက်ရတဲ့ အပြစ်မဲ့ လူသားတွေ ၊ မတရား ကျွန်ပြုခံလိုက်ရတဲ့
ရိုးသားတဲ့ ပြည်သူပြည်သားတွေ ၊ တခါ ရာထူး၊အာဏာ ၊ဂုဏ်ပါဝါတွေအတွက် နင်းတက်ခဲ့တဲ့
သွေးလှေခါးတွေ ၊ အားကြီးသူတို့ရဲ့ ခြေဖဝါးအောက်က အပြစ်မဲ့၊အားနဲသူတို့ရဲ့
ငိုရှိုက်သံတွေ ၊ ဘုရားရှင် ဟောတော်မူခဲ့တဲ့ ( ဘဝဒုက္ခတွေကြောင့် လူတွေငိုလိုက်ရတဲ့
မျက်ရည်တွေဟာ သမုဒ္ဒရာကြီးလေးစင်းထက်မက များပါတယ် ) ဆိုတာ ပိုမယ်မထင်ဘူးနော် ။
ဒီလောက်
ဒုက္ခကြီးတွေ ကြုံရတာတောင် တို့လူတွေ အမှတ်မရှိကြသေးပါဘူး ။ နောက်ဘဝကောင်းစားရေး
ဆိုတဲ့ နောက်ဘဝကို စိတ်ဝင်စားတဲ့ စွဲလမ်းတဲ့ ( ဝိဘဝတဏှာ ) ၊ အင်မတန် သိမ်မွေ့တဲ့
အဲဒီစွဲလမ်းချက်က တို့တွေကို ဘဝသံသရာက ဘယ်လိုမှ မလွတ်မြောက်နိုင်အောင်
ချည်နှောင်ထားလိုက်တော့ လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ ခွေး၊ ကြက်၊ဝက် တိရိစ္ဆာန်ပေါင်းစုံဖြစ်လိုက်
၊ ငရဲကြီးရှစ်ထပ်မှာ လူးလှိမ့်နေအောင် ခံလိုက် ၊ ကြောက်စရာကောင်းလိုက်တဲ့ ဒီ
သံသရာဝဋ်ဒုက္ခကြီးတွေဆိုရင် ဘုရား ၊ အရိယာသူတော်ကောင်းကြီးတွေမှသာ မြင်နိုင်ကြပြီး
တို့လို ပုထုဇဉ်အရူးတွေ မှာတော့ မြင်တောင်မမြင်နိုင်ရှာပဲ ဘုမသိဘမသိ
(မွေးလိုက်၊သေလိုက်) တခံထဲခံနေကြရတာပါ ။ တို့တွေ သတိမထား မိလို့ပါ ။ ဒီ ဝိဘဝတဏှာ
ရဲ့ ဒုက္ခပေးချက်ကြောင့် လက်ရှိဘဝမှာကိုပဲ အတွေးမှား၊အယူမှားတွေ ဖြစ်နေကြတာ -
ဘဝ ဆိုတာ
သေရင် ပြီးတာပဲ၊ပြတ်တာပဲ ဆိုတဲ့ ဥစ္ဆေဒ ဒိဌိ ကြောင့် ကုသိုလ်လုပ်လဲ အလကားပါပဲကွာ
ဆိုတဲ့ မိစ္ဆာ အယူမှားတွေနဲ့ စိတ်ကောင်းမထားနိုင်ကြတော့တဲ့ တဘဝစံတွေ ၊
ဘဝဆိုတာ
မြဲတယ် ၊ သေရင်တောင် ဝိဥာဉ်လေးက နောက်ဘဝကိုကူးပြီးစံတယ် ဆိုတဲ့ ဿဿတဒိဌိ - (
အကြောင်း အကျိုး နားလည်တဲ့ ကမ္မဿကတသမ္မာဒိဌိအမှန်အမြင်မပါတဲ့ ) မိစ္ဆာအယူကြောင့်
အလှုတော့လုပ်ပါတယ် - (နတ်သမီးလေးတွေ တဖက် လေးငါးရာ) ကို မြှော်ပြီးလုပ်တယ် ။
(ဘဝလွတ်မြောက်ရေး) မပါဘူး ။ (ဒိထက်ပိုဆိုးတာက) တိရိစ္ဆာန်သတ် ၊ လူသတ် လုပ်တာကို
ကုသိုလ်ထင်ပြီး များများသတ်နိုင်တဲ့ကောင် နောက်ဘဝ ဂျန္တွတ် ဆိုတဲ့ နိဗ္ဗာန် ရောက်မယ်
၊ အပျိုစင် (၇၂) ယောက် နဲ့ ဘာညာဘာညာ - အဲလိုအယူလွဲကြီးလွဲလိုက်တော့ -
သွေးချောင်းစီးပြီပေါ့ ။ ဘာသာရေးစစ်ပွဲကြောင့် သေတဲ့ လူတွေ ၊
ဘာသာရေးအတင်းအဓမ္မသွတ်သွင်းမှုကြောင့် မတရားအသတ်ခံလိုက်ရတဲ့ လူတွေဟာ ကမ္ဘာစစ်ကြီး
(၂)ခုစာ ထက်လဲများပါတယ် ။
ဟစ်တလာက ဂျူးတွေကိုသတ်တဲ့ ၊ အမေရိကန်က
ဟီရိုရှီးမားနဲ့နာဂါစကီကို အနုမြူဗုံး ကြဲချတဲ့
အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးတွေထက်လဲ ပိုများ၊ ပိုဆိုးဝါး၊ပြင်းထန်၊ရက်စက်လှပါတယ်
။
ဒါတွေဟာ
ဝိဘဝတဏှာစွဲကြောင့် အယူလွဲပြီး ဖြစ်ရတဲ့ မြင်နိုင်စရာ ဒုက္ခကြီးတွေပါပဲ ။
ဒီဒုက္ခတွေကို
တကဲ့ဒုက္ခတွေပါလား ၊ ဒီဒုက္ခတွေဖြစ်ရတဲ့အကြောင်းက တဏှာ(၃)ပါးကြောင့်ပါလားလို့
အမှန်သိမြင် ၊ သံဝေဂဥာဏ်ဝင်လို့ (စာနာစိတ်နဲ့ ထိတ်လန့်စိတ်)ထားတတ်လာရင် -
သံသရာခရီးရှည်ကြီး မျက်စိမှိတ်ပြေးနေမိရာက (ရပ်)ပြီး မျက်စိဖွင့်
ကြည့်နိုင်တော့မှာပါ ။ မိမိကိုယ်တိုင်ရော စာဖတ်သူတို့ပါ သံဝေဂဥာဏ်ဝင်ပြီး ဘဝဒုက္ခလွတ်မြောက်ရာ
(အသင်္ခတနိဗ္ဗာန်မြတ်)ဆီကို ရပ်တန့် မျှော်ကြည့်နိုင်ပါစေလို့ ဆုတောင်းရင်း ….. ။
( ဝီမံသာ ) 23-1-2019
No comments:
Post a Comment