ကဗဠီကာရော အာဟာရော ၊
ဣမဿ ကာယဿ အာဟာရပစ္စယေနပစ္စယော ။
အရူပီနော အာဟာရ သမ္ပယုတ္တကာနံဓမ္မာနံ
၊ တံ သမုဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေနပစ္စယော ။
အိမ်အိုဟောင်းကြီးတခု
ယိုင်နဲ့ပြိုလဲတော့မယ်ဆိုရင် ကျားထောက်တွေကန်ပေးရပါတယ် ။ ဒီနေရာမှာ အာဟာရ ပစ္စယ ဟာ ကျနော်တို့ခန္ဓာအိမ်အိုဟောင်းကြီးကို
ထောက်ကန်ပေးနေတဲ့ ကျားထောက်တွေနဲ့ အလားသဏ္ဍာန် တူပါတယ် လို့ ရှေးပညာရှင်တို့ ပမာပြုခဲ့ကြပါတယ်
။
ဘယ်လို ဘာ့ကြောင့် ဒီခန္ဓာကိုအိမ်အိုဟောင်းနဲ့
နှိုင်းရပါသလဲ ။(အလှမာန်ယစ်နေသူတို့အဖို့တော့ အတော်နားဝင်ဆိုးမှာ နော်) တကယ်တမ်း သတိနဲ့ဆင်ခြင်စဉ်းစားမယ်ဆိုရင်
ကျနော်တို့စမွေးလာကတဲက ဇာတိဆိုတာ ဖြစ်လာတဲ့သဘော ၊ ခန္ဓာအိမ်ကြီးဖြစ်လာတဲ့သဘောပါ ။ ကျနော်တို့မသိနိုင်တဲ့
၊ အတိတ်ဘ၀တွေမှာပြုခဲ့တဲ့ ကုသိုလ် ၊ အကုသိုလ်ကံတွေက ကျနော်တို့ခန္ဓာအိမ်ကို ဆောက်လိုက်ကြပါပြီ
။ အဲဒီကစ ဇရတာရုပ် ဆိုတဲ့ ဇရာမီးဟာ တောက်လျှောက်လိုက်လောင်လာ တာ ရက်သားလေးကနေ လသားလေး
၊ လသားလေးကနေ တနှစ်သား ၊ တနှစ်သားကနေ ၁၅နှစ်သားလူငယ် ၊ အဲဒီ ကနေ အစိတ်၊သုံးဆယ် လူရွယ်
၊ ၄၀၊၅၀ လူကြီး ၊ နောက် ၆၀၊၇၀လူအို အဲလိုအဆင့်ဆင့် ရင့် ကျက် လာတဲ့အထိ ဇရာမီးကမပြတ်နှိပ်စက်လို့တရစပ်ဆွေးမြေ့လောင်ကျွမ်းပျက်စီး နေရတာတွေဟာ ကျားထောက်သာမရှိရင် ပြိုတော့မဲ့အိမ်အို
ကြီးလိုပါပဲ ။
ကျနော်တို့ ဗိုက်ဆာတယ်လို့ဖြစ်တယ် ။
မစားရရင် ခန္ဓာကိုယ်ညှိုးနွမ်းခြောက်သွေ့ ၊ အားအင်ဆုတ်ယုတ်လို့ မလှုပ်ချင် ၊ မလှည့်ချင်ဖြစ်ကြရတာ လူတိုင်းကြုံဖူးမှာပါ ။ ဒါကိုပြန်တွေးကြည့်ရင် ပြိုတော့မဲ့အိမ်အိုကြီး ဆိုတာကိုသိလာနိုင်ပါတယ်
။ ကဲ ဘယ်မှာ တွယ်တာစရာရှိပါလိမ့်နော် ။ ရုပ်အာဟာရဆိုတဲ့ ထမင်းဟင်း၊ အဖျော်ယမကာစတဲ့ စားဖွယ်တွေစားလိုက်ရမှ
ပျက်စီးလျော့နဲသွားတဲ့ ရုပ်ဟောင်းတွေနေရာမှာ အာဟာရ (သြဇာဓါတ်)ကြောင့် ရုပ်အသစ်တွေဖြစ်လာပြီး
အားအင်ပြည့်ဝ တက်ကြွရွှင်လန်း ၊ လူလဲ တစတစသန်မာ ကြီးထွား လာရတာ အဲဒီ ကဗဠီကာရောအာဟာရာ ဆိုတဲ့
ရုပ်အာဟာရ ပစ္စယ အကြောင်းသာလျှင် ရှိပါတယ် ။ ( ငါစားနိုင်တယ်လို့မာန်တက်ပြီး ) စားဖို့အတွက်ပဲ
ထွေလီကာလီမျိုးစုံလျှောက်လုပ် ၊ စားဖို့ပဲအသက်ရှင်နေကြသူတွေ ဒီနေရာမှာ သတိတရားရစေချင်ပါတယ်
။ တကယ်တော့ အသက်ရှင်ဖို့သာ စားနေရတာ ပါ ။ ဒီခန္ဓာကြီးက မတည်မမြဲ ဖောက်ပြန်ယိုယွင်းတတ်လွန်းလို့
အစာ အာဟာရဓါတ်နဲ့ မပြတ်ထောက်ပံ့ပေးနေရတာပါလို့ မာန်မစွက်ပဲ အမှန်အချက်ကို မြင်လိုက်ပါ
။
မိတ်ဆွေတို့ စိတ်ဓါတ်ကျဖူးလား ။ စိတ်ဓါတ်ကျပြီဆိုရင်
ဘာမှ မလုပ်ချင်မကိုင်ချင် ၊ ဘယ်မှမသွားချင် ၊ ဘယ်သူနဲ့မှ စကားမပြောချင် ၊ အာရုံခံစားမှုတွေတောင်
ဘာမှလက်မခံချင်လောက်အောင် ဖြစ်သွားရတာ ။ အဲဒါ စိတ်အားကုန်သွား ခြင်းပါပဲ ။ တနည်းအားဖြင့်ပြောရရင်
စိတ်အာဟာရ ပြတ်သွားခြင်းပါပဲ ။ ထိတွေ့ချင်တဲ့/ထိတွေ့သင့်တဲ့တရားတွေ မထိ မတွေ့ရတာ ၊
သိချင်တဲ့/သိသင့်တဲ့တရားတွေ မသိရတာ ၊ မိမိစေတနာတွေ အဟောသိကံ(အလကား)ဖြစ်ရတာ စသည့်အခြေအနေများမှာ
စိတ်ဓါတ်ကျတယ် လို့ ဖြစ်ကြပါတယ် ။ တကယ်တော့ စိတ်အာဟာရ ပြတ်သွားလို့ပါ ။ ဘယ်လိုလဲ လူငယ်လေးတွေစဉ်းစား ကြည့်နော်-မိမိမြင်ချင်တဲ့မိန်းကလေးမမြင်ရ၊မတွေ့ရရင် စိတ်မှာဆာတာတာမဖြစ်ဘူးလား
။ ဘယ်တော့မှ မတွေ့ရတော့ပါဘူး ဆိုရင်တော့ စိတ်ဓါတ်ကျပြီ ။ လူကြီးတွေလဲတွေးကြည့်နော်
- တရားဓမ္မအာရုံလေး နဲ့ အေးအေးချမ်းချမ်းနေချင်ကာမှ သားသမီးမြေးမြစ်တွေ ၊ လူမှုစီးပွားကိစ္စတွေပွေလီရှုပ် ၊ ဆူညံပွက်လောရိုက်လို့
တွေ့သင့် တဲ့ အေးချမ်းမှုကို မထိမတွေ့ရရင် ဘယ်လိုနေမလဲ ။ ၀တ္တရားဆိုတာ ကြီးကလဲရှိသေးလို့
ကျောင်းကန်ဘုရား ၊ ရိပ်သာလဲ မသွားနိုင် ၊ ဒီဘ၀ ငါတော့ အေးချမ်းရာ ရှာမရနိုင်တော့ ပါဘူးလို့
စိတ်ကိုဒုံးဒုံးချလိုက်ရရင် စိတ်ဓါတ်ကျသွားမှာနော် ။ အဲဒါ ဖဿ ဆိုတဲ့ စိတ်အာဟာရပြတ် လို့
ဖြစ်ရတာပါ ။ ဖဿဆိုတာ အာရုံ နဲ့ အာရုံခံပစ္စည်းတို့ ထိတွေ့ခြင်းသဘောပါ ။ ဒီလိုပါပဲ ၊
တချို့ ကလေးငယ်တွေ ပညာလိုလားတယ် ၊ သိချင်တတ်ချင်တယ် ၊ မသိရ မတတ်ရရင် စိတ်ဓါတ်ကျမှာနော်
၊ တချို့မိန်းမငယ်လေးတွေ မိမိကိုယ်ကိုဖြစ်စေ ၊ သူတပါးကိုဖြစ်စေ လှတပတလေးပဲ မြင်ချင်တယ်
။ လှတာလေးမမြင်ရရင် အထူးသဖြင့် မိမိကိုယ်ကိုမှန်ထဲပြန်ကြည့်ပြီး (ဆိုးလိုက်တဲ့ငါ့ရုပ်နော်)
ဆိုကာ စိတ်ဓါတ်ကျနေကြတာ အဲဒါ သိချင်၊မြင်ချင် တာ မသိရမမြင်ရတဲ့ ၀ိဥာဉ်ဆိုတဲ့ စိတ်အာဟာရပြတ်လို့ပါ
။ ၀ိဥာဉ်ဆိုတာ သိခြင်း(၀ါ) မြင်ခြင်း၊ကြားခြင်း၊နံခြင်း၊တွေးကြံ ခြင်း စတဲ့ သဘောတွေပါ
။
ခုပြောခဲ့တဲ့ ဖဿ နဲ့ ၀ိဥာဉ်ဆိုတဲ့ စိတ်အာဟာရ(၂)ပါးထက်
ပိုအရေးကြီးတဲ့ စိတ်အာဟာရတခု ရှိပါတယ် ။ အဲဒါ စေတနာ အာဟာရ ပါ ။ ဘာလို့အရေးကြီးလဲ ဆိုတော့
သူ့မှာ ကုသိုလ် ၊ အကုသိုလ် ဆိုတဲ့ စိတ်အရောင်ခြယ်တရားတွေ ပါလာပါ ပြီ ။ စေတနာဟာ စေ့ဆော်ခြင်းသဘော
၊ တိုက်တွန်းခြင်းသဘော ၊ အမှုကိစ္စတခုပြုဖို့ စိတ်အားထက်သန်လာအောင် ရှေ့ဆောင်ပေးရတဲ့
အကျိုးတော်ဆောင်တယောက်လိုပါပဲ ။အဖွဲ့အစည်းတခုမှာ အကျိုးတော်ဆောင်မရှိတော့ရင် အဲဒီအဖွဲ့အစည်း တခုမှ ပေါက်မြောက်အောင်မြင်ဖို့ မလုပ်နိုင်တော့ပါဘူး ။ ဒီလိုပဲ စိတ်စေတနာကင်းမဲ့နေတဲ့
လူတယောက်ရဲ့ လုပ်ဆောင်ချက်တွေဟာ အသက်ဝင်ခြင်းမရှိသလို အောင်မြင်၊ဖြစ်မြောက်ခြင်းလဲ
မရှိတော့ပါဘူး ။ တခါ စေတနာမဲ့သူတွေနဲ့ ဆက်ဆံ ရသူမှာလဲ အဆင်မပြေခြင်းတွေကိုသာ ရလာတော့မှာပါ
။ ဒီကနေ့လူ့လောက၊လူ့ကမ္ဘာကြီး မှာ စိတ်ဓါတ် ကျနေသူတွေဘယ်လောက်တောင်များလာပြီလဲဆိုရင်
မနှစ်က ကမ္ဘာ့စစ်တမ်းတခုမှာ အသက်(၂)နှစ်ခွဲ အရွယ် ကလေးလေးတွေတောင် စိတ်ဓါတ်ကျရောဂါ ခံစားနေရပါပြီတဲ့
။ အဲဒါ - စေတနာအာဟာရ ချို့ယွင်း ရလို့ ဖြစ်ပါ တယ် ။ ကလေးအရွယ်လေး ဒီလိုဖြစ်ရတာ မိမိစိတ်စေတနာအာဟာရပြတ်လို့မဟုတ်ပဲ
သူတပါး ဆီက စေတနာမဲ့မှု ကြောင့်ပါ ။အထူးသဖြင့် စိတ်ခွန်အားကိုတိုးပွားစေတတ်တဲ့ ကုသိုလ်စေတနာတွေ
ဆုတ်ယုတ်လာကြခြင်းဟာဘ၀ကို အဓိပ္ပါယ်ကင်းမဲ့စေပါတယ် ။ အထင်ရှားဆုံး ကုသိုလ်စေတနာ အာဟာရ တခုကိုပြပါဆိုရင်
(မေတ္တာတရား)ကိုပဲ ပြဆိုရပါ မယ် ။ ဒီဘက်ခေတ် စားဝတ်နေမှုပြသနာတွေကြောင့် မိခင်တွေဟာ ကလေးကို (၆)လပြည့်အောင် နို့တိုက်နိုင်ရင်တောင် ကံကောင်းလှပြီဆိုရပါမယ်။ အမေ့နို့ရည် ထဲမှာ
အစွမ်းအထက်ဆုံးမေတ္တာဓါတ်တမျိုး ပါဝင်ပါတယ် ။(အဲဒီဓါတ်ကပဲ သွေးနီ တွေကို နို့ရည်ဖြူ အဖြစ်ပြောင်းပစ်လိုက်တာပါ)
။ အဲဒါကို အချိန်ကြာကြာ(ဟိုတုန်းကဆို ၊ ကျနော်ဆို ၃နှစ်လောက် စို့တာ) သောက်စို့ရတဲ့ကလေးဟာ မေတ္တာအာဟာရပြည့်ဝခဲ့လို့ စိတ်သဘောထားကြီးမြတ်ခြင်း ၊ နူးညံ့နွေးထွေးခြင်းစတဲ့ စိတ်ခွန်အားတွေ ပြည့်ဝလာနိုင်ပါတယ်။ မေတ္တာငတ်တဲ့ကလေးကတော့ အတ္တ ကြီးခြင်း ၊ အလိုမကျခြင်း၊နာကျည်းခြင်းတွေနဲ့
စိတ်ဓါတ်ခွန်အားအင်မတန်နဲပါးနေတာ တွေ့ရမှာပါ ။ ဒီနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြသူတွေဟာ
အဲဒီလို စိတ်ဓါတ်ခွန်အားနဲပါးတဲ့ (ကောင်းမြတ်စိတ်ထား ကင်းမဲ့တဲ့) လူတွေပဲဆိုတာ တွေ့နေရပါတယ်
။ ဒါကြောင့်မို့ ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော အကျိုးအတွက် စေတနာအာဟာရမပြတ်ကြဖို့ ( မိမိစေတနာတွေလဲ
မပြတ်ဖို့ ၊ သူတပါး ဆီက စေတနာတွေလဲ မှီခိုနေရတဲ့ကလေးတွေ မငတ်ကြဖို့ ) အရေးတကြီးလိုအပ်နေပါတယ်
။
ပစ္စုပ္ပန် ၊ သံသရာ အကျိုးကိုလိုလား၍ ကောင်းမြတ်ခြင်းတရား
တန်ဖိုးထားတဲ့ ချစ်စွာသောစာရှုသူ -
မိမိကိုယ်တိုင် ခန္ဓာကိုဥာဏ်စိုက် ပြန်ကြည့်လိုက်ပါလေ ။
အိမ်အိုဟောင်းကြီးတခုလို တရံမစဲ အမြဲပျက်စီးနေလို့ ရုပ်အာဟာရ ၊ စိတ်အာဟာရတွေနဲ့ မပြတ်ဖြည့်တင်းနေရတဲ့
ဒီခန္ဓာအိမ်အိုဟောင်းကြီးကို ဘာများမြဲတာရှိ၍ ငါ ဟု စွဲနေ ရပါသနည်း ။ ထိုငါက ဘာများဖြည့်တင်းပေးနိုင်ပါသနည်း
။ ဖြည့်တင်း၊ထောက်ကန်ပေးစရာ အာဟာရပစ္စယ အကြောင်း သာ ရှိ၏ ဟု မှတ်ထင်၊သိမြင်လိုက်ပါလျှင်
အတ္တဟူသော သက္ကာယဒိဌိ ကွာကျမည်ဖြစ်ပါသည် ။ အတ္တဒိဌိ နှင့်အတူ ပြတ်တယ် ၊ မြဲတယ် ဟူသော အစွန်းရောက်ဒိဌိတွေလဲ
ကွာကျလျက် ၊ ယုံမှားကင်းကွာ အမှန်မြင်လာပြီဆိုလျှင် တိဟိက် မှန်ပါက သာသနာသူရဲကောင်း
သောတာပန်အရိယာသူတော်ကောင်းဘ၀ကို ပစ္စုပ္ပန်ဆတ်ဆတ် ရတတ်နိုင်ပါကြောင်း အာဟာရပစ္စယ အကြောင်းပြုကာ
ဓမ္မဒါနမျှဝေလိုက်ရပါသည် ။
ဝီမံသာ
(၆-၆-၂၀၁၆)
No comments:
Post a Comment