Monday, November 21, 2016

သားကြီးသို့ ပေးစာ (၁)စောင်



သားကြီးရေ -
မင်းတောင်းဆိုတာတခုခုကို အဖေမလိုက်လျောနိုင်တိုင်း လေသံမာ၊မျက်နှာနီတော့ သားက အဖေ စိတ်ဆိုးနေတယ် လို့ ထင်တယ်နော် ၊ တကယ်တော့ စိတ်ဆိုးတာမဟုတ်ပါဘူးသားရေ ။ သားလိုအင်ကို မဖြည့်ဆည်းပေးနိုင်လို့ စိတ်မကောင်း  ဖြစ်နေ ၊ ရှက်နေမိတဲ့ ဖခင်တယောက်ရဲ့ခံစားချက်ကို သား သိနိုင်မှာမဟုတ်ပါဘူးလေ ။

မင်းအတွက် မင်း(၁၉)ရက်သားလေးမှာ ရှိတဲ့ဘွဲ့လက်မှတ်ကြီးအသာခေါက်သိမ်းပြီး မလေးရှားကို အလုပ်ကြမ်းသွားလုပ် ခဲ့တာ ၊ တနှစ်လုံး မျက်ရည်ကိုမြိုချ ၊ သံဗုဒ္ဓေမပြတ် စိတ်မှာရွတ်ရင်း ခါးကျိုးတဲ့အထိ အဖေကြိုးစားခဲ့တာ သားမသိနိုင်ပါ ဘူးလေ ။ အဖေက ပြန်လာတော့ သားလေးလန့်မှာစိုးလို့ တနှစ်လုံးမညှပ်ခဲ့တဲ့ ဆံပင်ရှည်ဘုတ်သိုက်ကြီးကို အိမ်မရောက် ခင် ကြိုညှပ် ၊ သပ်ရပ်အောင်ပြင်ခဲ့တာကိုး ။

ခုလို အရာရှိဖြစ်ခါနီးမှာ အဖေ သားကိုမေးခဲ့ပါတယ် ၊ အပြင်စီးပွားရေးလုပ်ပြီး ငွေရွှင်တာကြိုက်သလား ၊ အဖေ့ပညာနဲ့ အညီ အရာရှိတယောက်ရဲ့သားအဖြစ်နေရတာ ကြိုက်သလား ၊ သားကိုရွေးချယ်ခွင့်ပေးခဲ့ပါတယ် ။ သားက AE သား ဖြစ်ရတာ ဂုဏ်ယူတယ်ပြောလို့ အဖေ ဒီဘဝကိုရွေးချယ်ခဲ့တာ သားသိမှာပါ ။

သူများအရာရှိတွေ ကားတဝီဝီစီးလို့ သုံးနိုင်၊ဖြုံးနိုင်နေကြတာ သားကြည့်ငေးရင်း မျက်နှာငယ်နေရှာမှာ သိပါတယ် ။ အဖေ့ ကိုလဲ ညံ့ဖျင်းတဲ့အဖေအဖြစ် အထင်သေးကောင်းသေးနေမှာပါ ။ သူတို့ရှိတာ သူတို့အကြောင်းနဲ့သူတို့မို့ မပြောလိုပေမဲ့ တခုတော့ရှိပါတယ်သားရေ ၊ အဖေ ကားဝယ်နိုင်လောက်အောင် ၊ သားလိုချင်တာတွေ ဝယ်ပေးနိုင်လောက်အောင် ၊ သား သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးနိုင်လောက်အောင် အဖေ့ လစာနဲ့ မလုံလောက်ပါဘူးသားရေ ။ နိုင်ငံတော် ဆင်းရဲလို့ လစာမပေးနိုင်တာ အဖေ့ကိုအပြစ်မတင်လိုက်ပါနဲ့သားလေးရယ် ။

သားကပြောမယ် - သူတို့လိုလုပ်စားပါလား လို့ ၊ သားရယ် - - - -
မသန့်ရှင်းတဲ့ငွေတွေ သားကိုမပေးချင်တာ ၊ လိပ်ပြာသန့်စွာ သားကို စားစေချင်တာ နားလည်နိုင်ပါ့မလား ။  အဖေကလေ အဖေသေသွားတောင် ၊ နောင် နှစ်ပေါင်းများစွာ ကြာတဲ့ထိ ၊ သား လူကြီးတယောက်ဖြစ်တဲ့အထိ သုံးလို့ရတဲ့ ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ၊ မှန်ကန်တဲ့အမွေ ( ရိုးသားမှု နဲ့ ပညာ ) ကိုသာ သားကိုပေးခဲ့ချင်တာပါ ။

အခု သားအလိုမပြည့်ပေမဲ့ ၊ အခု ဆင်းရဲနေပေမဲ့ ၊ တချိန်မှာ သားလူလားမြောက်လို့ မိမိတတ်တဲ့ပညာနဲ့ ရိုးသားစွာ လုပ်ကိုင် ကြီးပွားလာတဲ့တနေ့ကျရင်  အဖေ့စာကို နောက်တကြိမ်ပြန်ဖတ်ပါ ။ အဲဒီတော့မှ အပြည့်အဝနားလည်နိုင်မှာပါ သားကြီးရေ ။

( သားရဲ့ အဖေ ) 21-11-2016 (12း55 PM)
( ဝီမံသာ )

No comments:

Post a Comment