Sunday, December 11, 2016

ဒီနေ့ အတွေး



When money is speaking, the truth is silent.
(ငွေကစကားပြောနေတဲ့အခါ အမှန်တရားကတိတ်ဆိတ်သွားရတယ်) တဲ့ ။
လောကမှာ ပိုက်ဆံမလိုချင်တဲ့လူတော့ မရှိလောက်ပါဘူး ။ ပိုက်ဆံက လိုအပ်တာတွေ လိုချင်တာတွေရဖို့ အဓိက အရေးကြီးတဲ့အရာလေ ။ ကျနော်လဲ ပိုက်ဆံရှိချင်တာပေါ့ ။ ပိုက်ဆံမရှိလို့ ကိုယ်လုပ်ချင်တာမလုပ်ခဲ့ ရတာတွေလဲ ဘဝမှာ အများကြီးပါ ။
ဒါပေမဲ့ ကျနော်စဉ်းစားတတ်တဲ့အချိန်ကစပြီး ပိုက်ဆံက စကားပြောလာလိုက်တာ ကျနော့်ပတ်ဝန်းကျင်မှာရော ၊ ကျနော့်အတွင်းထဲမှာရော ၊ ဆူညံပွက်လောရိုက်လို့ ၊ ကျနော်မြတ်နိုးရတဲ့ ရင်ထဲက ရှိပြီးအမှန်တရားတချို့တောင် ပျောက်ကွယ်လုမတတ် တိတ်ဆိတ်ငြိမ်သက်လို့ ၊ ကျနော်ရှာဖွေချင်တဲ့ အမှန်တရားဟာလဲ လောကမှာဆိတ်သုန်း နေ သယောင် ဖြစ်လာရတယ် ။ ငယ်ကတဲက တိတ်ဆိတ်မှုကိုနှစ်သက်ခဲ့တော့ ဆူညံသံတွေကို နားမခံနိုင်တော့ဘူး ။
ဒီလိုနဲ့ ပိုက်ဆံနဲ့ကျနော် ခပ်တန်းတန်းဖြစ်လာပါတော့တယ် ။ မရှိသုံးဆိုတဲ့အဆင့်မှာပဲ ထားတော့တယ် ။ လိုအပ်သလောက်ပဲ လိုချင်တော့တယ် ။ လူတချို့ပြောကြတယ် -  Money makes everythings. ( ငွေက အရာရာကိုလုပ်နိုင်တယ် ) တဲ့ ။ ကျနော်လေ - သူတို့ပြောတဲ့ ဘာမှမလုပ်နိုင်တဲ့သူ ဖြစ်ရင်လဲဖြစ်ပါစေတော့ဗျာ ။ (ငွေထက်ပိုတန်ဖိုးကြီးတဲ့) ရင်ထဲက ချစ်ခြင်းမေတ္တာ တရားတွေ ၊ ကိုယ်ချင်းစာနာစိတ်တွေ ၊ ကရုဏာစိတ်တွေ ၊ ကိုယ်ကျင့်သိက္ခာ ၊ ပညာ ၊ သီလ စတာတွေ ကို ပိုက်ဆံအတွက်နဲ့တော့ အဆုံးရှုံးမခံနိုင် ၊ လဲမပစ် နိုင်ပါဘူး ။ ကျနော်မြတ်နိုးတဲ့ အဲဒီအမှန်တရားတွေက တိတ်ဆိတ်တယ် ၊ နူးညံ့သိမ်မွေ့တယ် ၊ လိုအပ်သူကို လိုအပ်သလို နွေးထွေးမှု ၊ အေးမြကြည်လင်မှုတွေ ပေးစွမ်းနိုင်တယ်လို့ သိထားရလို့ပါ ။
ကျနော်ပြောခဲ့တယ်လေ ၊ ကျနော်က တိတ်ဆိတ်တာကိုနှစ်သက်တယ်လို့ ။ ကျနော်သိတဲ့ ရင်ထဲကအမှန်တရားတွေ တောင် ဒီလောက်တိတ်ဆိတ်ငြိမ်းချမ်းနေရင် ကျနော်ရှာဖွေနေတဲ့ အမြတ်ဆုံးအမှန်တရားက ဘယ်လောက်များ တိတ်ဆိတ်ငြိမ်းချမ်းနေလိုက်မလဲ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်က မဟာလူသား သိဒ္ဓတ္ထ ၊ တထာဂတ ၊ ဂေါတမဗုဒ္ဓ ဆိုတဲ့ ကျနော်တို့ဆရာသခင် ဘုရားရှင်က ဒီလိုညွှန်ပြခဲ့ပါတယ် ။
( လိုချင်တပ်မက်မှုကင်းသောအခါ  ဖြစ်ခြင်း ၊ ပျက်ခြင်းတို့မှ ကင်းဆိတ် ၊ ချုပ်ငြိမ်းနေသည်ဖြစ်၍ ဘဝဒုက္ခအပေါင်းတို့မှ လွတ်မြောက်ရာသည်ရှိ၏ ။ ထို ချုပ်ငြိမ်းခြင်း ၊ လွတ်မြောက်ခြင်း အကြောင်းတို့ကြောင့် ထိုအရာသည် ပကတိ(သန္တိသုခ) အေးငြိမ်းသောသဘောရှိ၏ ။ ထိုအရာကို  ( နိဗ္ဗာန် ) ဟု ငါဘုရား ကိုယ်ပိုင်ဥာဏ်ဖြင့်သိမြင်ခဲ့ပေပြီ ။ )

ကဲ - ကျနော် - ဒါကိုရှာဖွေဖို့ - ဆူညံပူညံနိုင်လှတဲ့ ပိုက်ဆံကို လိုချင်တပ်မက်နေဦးမှာလားဗျာ ။

                                                ( ဝီမံသာ ) 12-12-2016

No comments:

Post a Comment