Thursday, January 7, 2016

ဝါကျွတ် ဥပုသ် အထူးတရားပွဲတခု



မိခင်ကြီးရှိရာ နယ်မြို့လေးကိုပြန်ရင်း သီတင်းကျွတ် လပြည့်နေ့မှာ မိသားစုကိုးကွယ်တဲ့ မိမိငယ်ဆရာ ရိပ်သာကျောင်း ဆရာတော်ဆီမှာ ဥပုသ်သီလ ယူခဲ့ပါတယ် ။ အဲဒီမှာ အင်မတန် အံ့သြ ကြည်ညိုဖွယ် ကောင်းတဲ့ ထူးခြားချက်နှစ်ခုကို တွေ့လိုက်ရပါတယ် ။
ပထမအချက်က ဥပုသ်တရားပွဲ အများစုလို သီလပေးပြီး မှ တရားဟောတာမျိုးမလုပ်ပဲ တရားဟောပြီးမှ အဲဒီလို တရားတွေကို သိသောအသိနဲ့ လို့ စကားပလ္လင်ခံပြီး အဟံ ဘန္တေ အစချီလို့ သီလ တန်းပေးတော့ တာပါပဲ ။ အင်မတန်အဓိပ္ပါယ် ရှိပါတယ် ။ လူများစုက ဥပုသ် စောင့်ရင် သီလပေးက အဓိကလို့ မှတ်ယူကြတော့ သီလပေးလဲပြီးရော ကိစ္စပြီးပြီ မှတ်ပြီး တရားကို အာရုံစိုက် နာယူမှု လျော့ရဲရဲ ဖြစ်တတ်ကြတော့ တရား အနှစ်သာရ ထင်သလောက် မရကြဘူး ။ ပိုအရေးကြီးတာက တရားအသိနဲ့ သီလစောင့်မှ ထိရောက်တယ်လို့ ဆရာတော်ပြောသလို တရားဟောပြီးစ တရားအသိလေး ရင်ထဲကိန်းနေတုန်း ဆောက်တည်လိုက်ရတဲ့ သီလ ၊ အာမဘန္တေ ဆိုရတာကိုက ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ နှစ်နှစ်ကာကာ ရှိလှပါတယ် ခင်ဗျာ ။
ဒုတိယအချက်က အများစုသီလပေးသလို အင်္ဂါကိုးပါး ရှိသော ဥပေါသထသီလကိုပေးတာမဟုတ်ပဲ အင်္ဂါ (၁၂)ပါး ရှိသော အိန္ဒြိယသံဝရ သီလကို ပေးခြင်းပါပဲ ။ ဒီသီလက ဥပေါသထသီလ ကိုးမျိုးမှာပါတဲ့ မုသာဝါဒ နေရာမှာ ဝစီဒုစရိုက် ၄ ပါးစလုံး ထဲ့ပြီး တပါးချင်း သေချာ ရှောင်ခိုင်းတဲ့ သီလပါ ။ ဆိုလိုတာက မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိ ၊ ပိသုဏဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိ ၊ ဖရုဿဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိ ၊ သမ္ဖပ္ပလ္လာပဝါစာ ဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ ၊ လို့ ဖြစ်ပါတယ် ။ ဆရာတော်ကြီးပြောခဲ့ဖူးတာက ဥပုသ်သည်တွေ နေ့လွဲညစာတို့ ၊ ပါဏာတိပါတာ ၊ အဒိန္နဒါနာ စတာတွေ ရှောင်နိုင်ကြပေမဲ့ မုသာဝါဒါ တလုံး အမြဲ ကျိုးတယ်တဲ့ ။ မုသာဝါဒါရဲ့နောက်မှာ မြုပ်နေတဲ့ ဝစီဒုစရိုက်လေးပါးကို သေချာမသိကြလို့ ဖြစ်ရတာ ဒါကြောင့် တခုချင်းအသေအချာကို စောင့်ခိုင်းတာတဲ့ ။ ဥပုသ်သည်တွေစုပြီး အတင်းတုတ်ပြီဆို ငြိပြီ ပိသုဏဝါစာ ဂုံးတိုက်ချောပစ် စကား ။ စုပြီး သားရေးသမီးရေး ဇတ်အကြောင်း နတ်အကြောင်း ပြောပြီဆို ငြိပြီ သမ္ဖပ္ပလ္လာပ၀ါစာ အကျိုးမဲ့သိမ်ဖျင်းစကား ။ ဒကာကြီးတွေစုပြီး ဘာသာရေး နိုင်ငံရေး ဆွေးနွေးရင်းနဲ့ ငြင်းကြ ခုန်ကြ ဒေါသတကြီး ထဆဲကုန်ပြီဆို သွားပြီ ဖရုဿဝါစာ ကြမ်းတမ်းသော စကား ၊ ဒီလောက်ဆို ဆရာတော် ပေးတဲ့ ဥပုသ်ရဲ့ ထူးခြား နက်နဲပုံကို သိလောက်ပါပြီ ။
 ဝါကျွတ်အထူးအဖြစ် ဥပုသ်တန်းလန်းနှင့် မျှဝေလိုစိတ်ဖြင့်သာ ရေးရသည် ။ ဖုန်းဖြင့် ရေးနေကျ မဟုတ်လို့ အတော်ဇက်ညောင်းပါသည် ။ ဆရာတော်ကြီးရဲ့ တရားတော်ကို ပြန်လည် မျှဝေချင် ပါသော်လဲ ( အဝိဇ္ဇာ ပစ္စယာ သင်္ခါရ ) ဟူသည့် ပုဒ်ကလေးတပုဒ်ကို ရဲရဲတောက် ဒေါင်းဒေါင်းပြေး ပိဿလေးနဲ့ တည့်တည့်ပစ်သလို တနာရီကျော်ကြာ ဟောချသွားသော ငယ်ဆရာရဲ့ တရားတော်ကို ဒီဖုန်းဖြင့်သာ ရေးရမယ်ဆို ဇက်ကျိုးဖို့သာ ရှိပါသဖြင့် ဒီနေ့ ဒီမျှနဲ့သာ ကျေနပ်ပါ နောင်အခွင့်သင့်လျှင် ဆရာတော့်တရား ပြန်လည် မျှဝေမည်ဖြစ်ကြောင်းဖြင့် ဆုတောင်းနိဂုံးသတ်ပါပြီ ။          သဗ္ဗေသတ္တာ အဝေရာ ဟောန္တု ။
ဝီမံသာ ( မြန်မာသက္ကရာဇ် ၁၃၇၇ ခု ၊ သီတင်းကျွတ်လပြည့်နေ့ ၊ 28-10-2015 )

No comments:

Post a Comment