Tuesday, January 5, 2016

ဒုလ္လဘ တရား



လူ့ဘ၀ဟာ ရခဲတယ်တဲ့ ။ အပါယ်လေးဘုံဟာ သတ္တ၀ါတွေရဲ့ အိမ်ဖြစ်တယ် လို့တောင် ဗုဒ္ဓမြတ်စွာ သဲမှုံ့ဥပမာ နဲ့ တင်စားလို့ဟောတော်မူခဲ့ပါသေးတယ် ။ လက်သည်းခွံပေါ်က သဲမှုံပမာဏလောက်သာ သုဂတိ(လူ၊နတ်၊ဗြဟ္မာ) ဘုံဘ၀ ရရှိကြပြီး ဒုဂ္ဂတိအပါယ်ဘုံသားတွေကတော့ မြစ်ကြီး(၅)သွယ်၊ပင်လယ်သမုဒ္ဒရာထဲက သဲမှုံမျှလောက် များပြားလှလို့ အပါယ်လေးပါးဟာ သတ္တ၀ါတွေရဲ့ မူလအိမ် လို့ ဘုရားရှင်ဟောခဲ့တာပါ ။ မယုံရင် - မိမိအိမ်မှာရှိတဲ့ အိမ်သားတွေ အရေအတွက်နဲ့ မိမိအိမ်မှာမှီတင်းနေထိုင်ကြတဲ့ ခြ ၊ ပရွက်ဆိတ် ၊ ခြင် ၊ ယင် ၊ ပိုးမွှား စတဲ့ မြင်နိုင်တဲ့ တိရိစ္ဆာန်တွေ အရေအတွက်လောက်ကိုသာ နှိုင်းယှဉ်ကြည့်ကြပါတော့ဗျာ ။

ရခဲလှတဲ့ လူ့ဘ၀မို့ ဒုလ္လဘတရားထဲမှာ ထဲ့သွင်းထားရတာပါ ။ ဘယ်လောက်အထိ ရခဲသလဲဆိုရင် ဟိုး (ဗြဟ္မာပြည်) အာကာသ ကောင်းကင်ပေါ်က ကျလာတဲ့အပ်တစင်းနဲ့ လူ့ပြည်မှာထောင်ထားတဲ့ အပ်တစင်းတို့ အဖျားချင်းထိခတ်မိဖို့ လွယ်ရင်လွယ်မယ် ၊ လူ့ဘ၀ တကြိမ်ရဖို့ မလွယ်ပါဘူးတဲ့ ။ အဲဒီလိုရခဲလှတဲ့ လူ့ဘ၀ထဲမှာမှ သစ္စာလေးပါးအမှန်တရား ကို နာကြားခွင့် ၊ ရတနာသုံးပါးကိုးကွယ်၊ သရဏဂုံဆောက်တည်တဲ့ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်ခွင့် ၊ (တနည်းအားဖြင့်) သဒ္ဒါ ၊ သီလ ၊ သုတ ၊ စာဂ ၊ ပညာ ၊ ဟီရိ ၊ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရား(၇)ပါးကို နာကြားခွင့် ရဖို့ဆိုတာလဲ အင်မတန် ရှားပါးလှတဲ့ ဒုလ္လဘတရားပါပဲ ။ သာသနာရောင်ဝါတ၀င်းဝင်းနဲ့ တရားတော်တွေနာကြား ၊ ကျင့်သုံးခွင့်ရနေတဲ့ သာသနာတော်တွင်း (အချိန်နဲ့နေရာ) မှာ လူလာဖြစ်ဦးမှ ဒီအခွင့်ရမှာပါ ။

ရခဲလှတဲ့ လူ့ဘ၀ ၊ ကြုံခဲလှတဲ့ သစ္စာတရား နာကြားခွင့်ရ ဗုဒ္ဓဘာသာဝင်ဘ၀ ရောက်နေတောင်မှ ဘုရားသားတော် ၊ မြင့်မြတ်တဲ့ ရဟန်း၊သံဃာတော်ဘ၀ကို ရရှိဖို့ဆိုတာ ရဖို့အခဲယဉ်းဆုံး ဒုလ္လဘတရားကြီးဖြစ်ပါတယ် သူတော်ကောင်းတို့ ခင်ဗျာ ။ ဗုဒ္ဓမြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်အတွက် လေးအသင်္ချေနဲ့ကမ္ဘာတသိန်း (ဘ၀တွေ မရေတွက်နိုင် လောက်အောင်) ပါရမီဖြည့်တော်မူခဲ့စဉ်မှာတောင် ရဟန်းဘ၀ကို(၉)ဘ၀သာ ရခဲ့ပါသတဲ့ ။ နိက္ခမပါရမီ ဆိုတဲ့ လောက စည်းစိမ်ဥစ္စာပကာသနတွေကို စွန့်လွှတ်နိုင်ခြင်း၊လစ်လျူရှုခြင်း ပါရမီ ပါလာမှသာ ရဟန်းဘ၀ ရနိုင်တာပါ ။ ကိုယ်တိုင် စဉ်းစားကြည့်ကြပါ ။ မိမိတို့တွေ ဒုလ္လဘရဟန်းဘ၀ တပတ်ကလေး ၊ တလကလေးနေရတာတောင် မနဲအောင့်အည်း သည်းခံလို့ ရှင်လိင်ပြန်ချိန်အပျော်ဆုံးလို့တောင် တင်စားရအောင် မနေနိုင်တဲ့ မိမိရဲ့ကိလေသာအထူကို ပြန်စဉ်းစားရင် သာသနာတော်ညှိုးနွမ်းအောင် ဘုရားသားတော်၊ သံဃာတော်တွေကို ဆဲဆိုစော်ကား အပြစ်များကို အလွယ်လုပ်နေကြသူတွေ ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့ အပြစ်ကြီးတွေလဲလို့ ထိတ်လန့်၊သံဝေဂ ယူသင့်လှပါတယ် ။ အလွယ်သိသာ အောင် ဥပမာပေးရရင် မိမိအိမ်က မိမိရင်သွေးသားသမီးရတနာကို မိမိအိမ်က ကြွက်တကောင်လောက်မှ တန်ဖိုးမထား လဲလှယ်ပစ်ရက်သူ (ရှိရဲ့လားဗျာ) အဲလိုမိုက်မဲမှုမျိုးထက် ပိုမိုက်မဲတဲ့ မိမိကိုးကွယ်ရာသံဃာရတနာကို မိမိရင်ထဲက မာန ၊ လောဘ ၊ ဒေါသ ၊ မစ္ဆရိယ တရားဆိုးတွေနဲ့ လဲလှယ်နေကြတဲ့ ( မိမိဥာဏ်တထွာနဲ့ သံဃာကိုယှဉ်ဝံ့သူ ) လူမိုက်တွေ - ဘယ်သူ ပိုမိုက်မဲသလဲ ဆိုတာ စဉ်းစားဆင်ခြင်သင့်ပါပြီ ။

အမေရိကန်မှာ ၀ိပဿနာသင်တန်းတက်ဖို့ လူပေါင်းသန်းချီ စာရင်းပေးလို့ စောင့်ဆိုင်းနေရပြီ ။ ဂျာမနီမှာ လူချင်းတွေ့လို့ နှုတ်ဆက်ရင်တောင် မင်းဝိပဿနာတရားအားထုတ်ပြီးပြီလား လို့ နှုတ်ဆက်တဲ့အလေ့ဖြစ်နေပြီ ။ နေတိုးတပ်ဖွဲ့ဝင်တွေ စစ်ပွဲခဏနားချိန်မှာတောင် တရားထိုင်တဲ့အလေ့ လုပ်နေကြပြီ ။ ဒီလိုဖြစ်လာရတာ သာသနာပြုဆရာတော်၊သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်ဆိုတာ သူတို့သိနေကြချိန်မှာ ၊ မြန်မာပြည်မှာတော့ (မဘသဆိုဆွမ်းမလောင်းဘူး) ဆိုတဲ့ စကားရိုင်းတွေ နဲ့ သာသနာဖျက်ချင်သူတွေ ၊ သာသနာကိုအထောက်အပံ့တွေ နဲလာကြတာတွေကြောင့် မနှစ်က သံဃာ ငါးသိန်းရှိတာ ဒီနှစ် တသိန်းနီးပါး လျော့သွားပြီ ဆိုတဲ့ စိတ်မကောင်းစရာ သတင်းကို ကြားနေရပါပြီ ။ ( ယိုသူတွေ မရှက်ပေမဲ့ ၊ မြင်မိတဲ့ ကျနော် ရှက်မိပါတယ် )

ရွှေစေတီတော်ကြီးတွေ ၊ ရွှေရောင်ဝင်းတဲ့ သာသနာရောင်ဝါအရှိန်နဲ့ ရွှေမြန်မာလို့ကမ္ဘာကသိတဲ့ ရွှေမြန်မာတို့ရေ - ဗုဒ္ဓဘာသာဟာ နတ်သုဓ္ဓါဟင်းလေးအိုးကြီးဆိုရင် မြန်မာဆိုတာ အဲဒီဟင်းအိုးရဲ့အနီးဆုံးမှာပါ ၊ ဒါပေမဲ့ ဟင်းမြည်းသူ တောင် မလုပ်နိုင်ပဲ ဟင်းအိုးမွှေတဲ့ ယောင်းမလို နေကြမယ်ဆိုရင်တော့ သစ္စာလေးပါးတရား အရသာတောင် မခံစားလိုက်ရပဲ သာသနာတော်မှ ဆုံးရှုံးရသူတွေဖြစ်ကြမှာစိုးလို့ ဘာအတွက်နဲ့မှ ရင်ထဲက သရဏဂုံ မဖျက်မိကြပါစေနဲ့လို့ မေတ္တာဖြင့် ဆုတောင်းလိုက်ပါရစေခင်ဗျာ ။ 

( ၀ီမံသာ )  5-1-2016

No comments:

Post a Comment