မြန်မာနိုင်ငံ ပညာရေးစနစ် Grade(1)၌ ဗျည်း(33)လုံးအစား ဗျည်း(25)လုံးဖြင့် သင်ကြားမည့် ပညာရေးစနစ်သစ်.. အကြောင်း fb သတင်းမှာဖတ်လိုက်ရသည် ။ ဒီသတင်း မမှန်ပါစေနဲ့ဆုတောင်းလိုက်ရတာအမောပါ ။ ဒါပေမဲ့ - အတော်များများ ပြောလာနေကြပြီဆိုတော့ ဟုတ်များနေပြီလား ၊ အင်း - ဒီလိုသာဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိ သာသနာဖျက်ကြလေပြီ ဟုသာ ညည်းတွားလိုက်ချင်ပါတော့သည် ။
တို့ဘာသာ၊တို့သာသနာက ခုမှ ကလေးတွေနှလုံးသားမှာ ဘုရားတည်ပေးဖို့ အစပျိုးရုံရှိသေးသည် ။သူတို့ ပညာရေး စံနစ်သစ်က ကလေးတွေနှလုံးသားအသိထဲက ရတနာသုံးပါးကို ပုံဖျက်လိုက်ကြပြီ ။ စဉ်းစားကြည့်လေ - မိဘတွေက ကလေးကို ဘုရားရှိခိုးသင်ပေးမယ် - ( ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါး - - ) ဆိုတာနဲ့ ကလေးက ( မေမေမှားနေပြီ ၊ သမီးတို့ကျောင်းမှာ ဃ မသင်ရဘူး ၊ ဒါကြောင့် သံဃာ ဆိုတာမရှိဘူး ) လို့ ဆိုလာခဲ့ရင် ဘယ်လိုလုပ်ရပါ့မလဲ ။ ( မိဘက သံဃာ ၊ ကလေးက သံဂါ )ဒီလို ၀ိဝါဒကွဲပြားပြီဆိုကတဲက ကလေးရဲ့ရင်ထဲမှာ ဒီ သံဃာရတနာအပေါ် ဘယ်လိုယုံကြည်မှုမျိုး ထားနိုင်တော့မှာလဲ ။ သံဃာကိုမှမယုံနိုင်တော့ရင် အဲဒီ သံဃာဟောတဲ့ တရားရတနာကို ဘယ်လိုယုံကြည်တော့မှာလဲ ။ ဗုဒ္ဓစာပေ ပါဠိတော်ကို ပါလိ လို့လုပ်ပစ်လိုက်ကြရင် တရားရတနာအပေါ် ဘယ်လိုသက်ဝင်ယုံကြည်မှုမျိုး ထားနိုင်တော့မလဲ ။ ဒီအသုံးအနှုန်းကိစ္စလေးနဲ့တင် မိဘနဲ့သားသမီးကြား နားလည်မှုလွဲ ၊ ယုံကြည်မှုလွဲ ဖြစ်ကုန်ကြတော့မယ် ။ ဒါ့ထက်ပိုဆိုးတာက ဓမ္မစကူးလ်တွေ ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ က ထွက်လာတဲ့ ကလေးနဲ့ ၊ အတန်းကျောင်း ဂရိတ်ဝမ်းထွက်ကလေး (သံဃာ နဲ့ သံဂါ) ငြင်းကြ၊ခုံကြမယ် ။ သူတို့ရန်ဖြစ် ရင်း ဒေါသတကြီးဖြစ်လာရင် (ကန်တော့ပါရဲ့)( ဒီ သောက်ရေးမပါတဲ့သံဂါ - - ဘာညာတွေဖြစ်လာရင် ) သွားပြီ ။ ကလေးရင်ထဲ သာသနာထွန်းလင်းခွင့် ပိတ်သွားပြီ ။ ဂရိတ်ဝမ်းမှာမသင်ပေမဲ့ အတန်းကြီးတော့ ထဲ့သင်ပေးမယ်ဆိုရင် တနှစ်လုံး မရှိဘူးလို့ ရင်ထဲစွဲသွားတဲ့ အကျိုးဆက်ကြောင့် သံဃာ နဲ့ သံဂါ ဘယ်ဟာအမှန်လဲ ဆိုတဲ့ သံသယ တခုနဲ့တင် အဲဒီကလေးရဲ့ အခြေခံယုံကြည်ချက် စတင်ယိုင်နဲ့သွားတော့မှာပါ ။
သင်ရခက်လို့ ဆိုတဲ့ ဆင်ခြေလေးတခုထဲနဲ့ ဗုဒ္ဓဘာသာရဲ့အခြေခံ ရတနာသုံးပါးကို မဖျက်ဆီးလိုက်ကြပါနဲ့ ဗျာ ။
ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများအမှုးထားကာ သီတဂူဆရာတော်ကြီး
၊ မဘသဥက္ကဌဆရာတော်ကြီး ၊ တိပိဋကဆရာတော်ကြီးများနှင့်တကွ ဆရာတော်ဦးဝီရသူအပါအ၀င် ဘုရားသားတော်
သံဃာတော်အပေါင်းတို့ကို ရိုသေစွာ ရှိခိုးဦးချတောင်းပန်လျက် လျှောက်ထားပါရစေဘုရား ။
ဒီကိစ္စဟာ မသင့်လျော်ပါဘုရား ။ မြန်မာစာ ၊ မြန်မာစကား ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေဟာ
ဗုဒ္ဓစာပေ ၊ ဗုဒ္ဓအဆုံးအမအပေါ် များစွာမူတည်ခဲ့တာပါဘုရား ။ ကျောင်းစတက် ၊ စာစသင်မဲ့ ကလေးကို
ဒီ ဗုဒ္ဓစာပေအခြေခံစာလုံးတွေ ဖြုတ်ပြီး သင်ပေးမယ်ဆိုရင် ကလေးတွေရဲ့ နှလုံးသားမှာဘုရားတည်ဖို့
သိပ်ခက်သွားပါလိမ့်မယ်ဘုရား ။ ကလေးတယောက်ပညာတတ်ဖို့ အတန်းကျောင်းပို့မိခါမှ ဗုဒ္ဓဘာသာမိဘနဲ့
အငြင်းအခုန်တွေဖြစ်ရ ၊ သံဃာရတနာကိုမှ မသိနိုင် ၊ နားမလည်နိုင် ၊ မယုံနိုင်ဖြစ်ရရင်
သူ့ရင်ထဲမှာ သာသနာတည်ဖို့ သိပ်ခက်ကုန်ပါလိမ့်မယ်ဘုရား ။ ဗုဒ္ဓဘာသာရဲ့အသက်ဟာ ဒီ ဘုရားစကား
ပါဠိတော်တွေ ပိဋကတ် တော်တွေသာ ဖြစ်လို့ ဒီစာလုံးတွေကို လုံးဝ မသုံးလို့ မရပါဘုရား ။
မြန်မာစာကနေ ဒီစာလုံးတွေဖျောက်ပစ်လိုက်ရင် အတန်းကျောင်းကလေးကို ဘယ်လိုဗုဒ္ဓဘာသာအခြေခံတွေ
သင်ပေးနိုင်တော့မှာလဲဘုရား ။ ဒါဟာ ဗုဒ္ဓမြတ်စွာ သာသနာ ကို မြန်မာတွေရင်ထဲမှာ မတည်နိုင်အောင်
အခြေခံကျကျ ၊ နက်နက်ရှိုင်းရှိုင်း ၊ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်တာ လို့ တပည့်တော်
ယူဆမိပါသဖြင့် မြန်မာစာလုံးပေါင်းဗျည်း(၃၃)လုံးမှ ထို ( ဃ ၊ ဈ ၊ ဋ ၊ ဌ ၊ ဍ ၊ ဎ ၊ ဏ
၊ ဠ ) ၊ ဗုဒ္ဓစာပေသုံး စာလုံးများကို ဖြုတ်မပစ်ကြရန် သံဃာထုအင်အား ၊ ဗုဒ္ဓဘာသာဝင်လူထုအင်အားဖြင့်
တားမြစ်ပေးတော်မူကြပါဟု ရိုသေ စွာ အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား
။
(
ဝီမံသာ )
မှတ်ချက် ။ ။
နောက်ဆုံးသိရသည်မှာ သူငယ်တန်း(မူကြိုအဆင့်တွင်) အဆိုပါဗျည်း(၈)လုံးကို အရေးမသင်ပဲ အမြင်
နှင့် အပြောသာသင်ကာ ပထမတန်း(သူငယ်တန်းအဆင့်) ရောက်မှ အရေးသင်မည်ဟု သိရပါသည် ။ လုံးဝဖြုတ်ချလိုက်
ခြင်းထက်စာလျှင် တော်ပေသေးသည် အောက်မေ့ရသည် ။ သို့သော် (ကလေးဒဏ်ပိမှာစိုးလို့မသင်တာဆိုသော်လဲ)
မိခင်ဘာသာမဟုတ်သည့် အင်္ဂလိပ်စာလုံး(၂၆)လုံးကိုတော့ အကုန်အရေးသင်မည် ဆိုတာကို သိပ်ဘ၀င်မကျလှ
။ ဗုဒ္ဓဘာသာဝင် မြန်မာကလေးငယ်များ ဗုဒ္ဓစာပေနှင့် ဗုဒ္ဓယဉ်ကျေးမှုတို့ကို အလေးထားမှုလျော့ကျသွားနိုင်သည့်
အကျိုးဆက်က တကယ်စိုးရိမ်ဖို့ကောင်းသည်ဟု ထင်မြင်မိပါသည် ။
No comments:
Post a Comment