သူ့ကိုနိုင်ဖို့ တလောကလုံး လူတွေ ကြိုးစားကြတယ် ။ တီထွင်မှုပေါင်းများစွာ ၊ နည်းစံနစ်ပေါင်းများစွာ ၊ ကျင့်စဉ်ပေါင်းများစွာနဲ့ သူ့ကို နိုင်ဖို့ ကြိုးစားကြတယ် ။ တချို့များဆို (အတ္တကြီးကြီးနဲ့) အားနဲသူတချို့ကို စတေးရင်း သူ့ကိုနိုင်ဖို့ ကြိုးစားကြတယ် ။ ဒါပေမဲ့ ဘယ်တော့မှ ဘယ်သူမှ သူ့ကိုမနိုင်ခဲ့ပါဘူး ။ သူ့ကို နိုင်ဖို့ ကြိုးစားရင်း ရှုံးနိမ့်နေကြလို့ တချို့များဆို ဒေါသတကြီးတွေဖြစ်ကုန်ကြတယ် ။ အဲဒီလို ဒေါသကြီးလေလေ သူ့အနားကို မြန်မြန်ရောက်လေဖြစ်ပြီး ၀ါးမြိုခံကြရပါတယ် ။
မနိုင်မှန်းသိသူတချို့ကတော့ သူ့ကိုကြောက်ရွံ့ ထွက်ပြေးကြတယ် ၊ သူ့အသံတောင်မကြားရအောင် ၊ သူ့အရိပ်တောင် မမြင်ရအောင်အထိ ထွက်ပြေးကြပါ တယ် ။ ဒါပေမဲ့ ပြေးရင်းသာလဲကျသွားမယ် ၊ သူ့လက်ကမလွတ်ပါဘူး ။ လူရည်လည်သူတချို့က သူ့ကိုမျက်နှာချိုသွေးဖို့ ကြိုးစားကြတယ် ၊ မိမိပိုင်ဆိုင် သမျှအရာအားလုံးနဲ့ လဲလှယ်ပြီး သူ့ရဲ့သက်ညှာပေးမှုကို တောင်းဆိုကြတယ် ။ ဒါလဲပဲ မရပါဘူး ။ အချိန်တန် ပြီဆိုတာနဲ့ သူကတော့ မျက်နှာလိုက်ခြင်းမရှိ ၊ ထောက်ထားညှာတာခြင်းမရှိ အလဲထိုး အနိုင်ယူလိုက်တာပါပဲ ။
ဒီလိုနဲ့ - ငါ့ရဲ့ဝန်းကျင်မှာ သူ့လက်ရာတွေ အကြိမ်ကြိမ်တွေ့နေရ ။ ငါ့သူငယ်ချင်းတွေ အလဲထိုးခံခဲ့ရ ၊ ငါ့ ဆွေမျိုးတွေ အလဲထိုးခံခဲ့ရ ၊ ငါ့အဖေလဲ သူ့ကိုအရှုံးပေးသွားခဲ့ရပြီ ။ ငါ့အမေ - ထိတ်လန့်ကြောက်ရွံ့စွာ သူ့ အလှဲ့ကိုစောင့်နေရ ။ ငါကိုယ်တိုင်ရော - ခုဆို သူ့ရဲ့ဝိုက်လက်သီးတွေမှာ ပွတ်ခါသီခါ လဲကျလိုက်၊ပြန်ထလိုက် သေချာတာကတော့ တချိန်မှာ ပွဲသိမ်းလက်သီးချက်လာမှာပါပဲ ဆိုတာတခုသာ ။
ဒီလို တလောကလုံး ကြောက်ရွံ့ ၊ မုန်းတီး ၊ အရှုံးပေးနေရတဲ့ ( သူ့ကို ) – ( နိုင်သူ ) သူရဲကောင်းတဦးကတော့ လောကမှာ ပေါ်ထွန်းခဲ့ပါတယ် ။ ထိုပုဂ္ဂိုလ်မြတ်ကိုယ်တိုင် ဘ၀သံသရာတလျောက် သူ့ရဲ့ထိုးသတ်ခြင်းကို အကြိမ်ကြိမ်ခံရင်း သူ့အကြောင်းကို နားလည်ဖို့ကြိုးစားခဲ့တယ် ၊ သူ့အကြောင်းကို နားလည်ပြီဆိုတာနဲ့ သူ့ကို နိုင်ဖို့နည်းလမ်းရတော့တာပါပဲ ။ မိမိကိုယ်တိုင် ထိုနည်းကိုလက်တွေ့ကျင့်ကြံအားထုတ်ရင်း (သူ့ကိုနိုင်ပြီ) လို့ ပြတ်သားစွာ ကြွေးကြော်နိုင်ပြီဆိုတာနဲ့တပြိုင်နက် ထိုဆရာမြတ်ဟာ လောကသားတွေ မိမိလိုသိရအောင် မေတ္တာစေတနာကြီးမားစွာနဲ့ နည်းပေးလမ်းပြ ပြုခဲ့ပြန်ပါတယ် ။ ထိုဆရာမြတ်ရဲ့စကားကို နားထောင်သူ တပည့် သား ၊ သူရဲကောင်းတို့ကလဲ သူ့ကိုအနိုင်ယူခဲ့ကြပါတယ် ။
ကဲ - မိတ်ဆွေတို့ရေ ၊ (သူ)ဘယ်သူဆိုတာရယ် ၊ (သူ့ကိုနိုင်သူ)ဘယ်သူဆိုတာရယ်ကို ကိုယ်တိုင်စဉ်းစားမိကြ ဖို့ မြှုပ်လျက်ချန်ထားခဲ့မယ်နော် ။ ဒါပေမဲ့ သူ့ကိုနိုင်သူ ဆရာမြတ်ရဲ့ နည်းလမ်းကောင်းတခုကိုတော့ ကျနော် ပြန်လည်မျှဝေပေးပါ့မယ် ။ အဲဒီနည်းလမ်းအတိုင်း တကယ်လုပ်နိုင်တဲ့တနေ့ - ခင်ဗျားတို့ ၊ ကျနော်တို့လဲ သူ့ကိုနိုင်သူ ဖြစ်လာကြမှာပါ ။ အဲဒီ ကျေးဇူးရှင်ဆရာမြတ် ဟောကြားညွှန်ပြခဲ့တဲ့ သူ့ကိုနိုင်တဲ့ နည်းလမ်း အနှစ်ချုပ်ကတော့ - - - -
( ဘ၀သစ် တဖန် ဖြစ်စေနိုင်သည့်
လိုချင် ၊ စွဲလမ်းမှုတို့ ကင်းပြတ်ပြီးသောသူအား ဘ၀သစ်တဖန် ပြန်လည်ဖြစ်ရ ခြင်း မရှိပြီ
(၀ါ) ဘ၀သစ်ဖြစ်ခြင်းကိုပေး၍ ပျက်စီးခြင်းဖြင့်သာ နှိပ်စက်တတ်သော အကြင်တရားဆိုးတို့သည် မနှိပ်စက်နိုင် တော့ပြီ
။ ထိုသူသည် (မှန်ကန်စွာ သိမြင်၊ တွေးကြံ၊ ပြောဆို၊ လုပ်ကိုင်၊ နေထိုင်၊ အားထုတ်၊ တည်ကြည်၊
သတိ ရှိခြင်း)နည်းလမ်းအားဖြင့် (ဖြစ်ခြင်း၊ပျက်ခြင်း) တရားဆိုးတို့ ချုပ်ငြိမ်းနေရာ
၊ လွတ်မြောက်၊ငြိမ်းအေးရာကို ဥာဏ်ဖြင့်သိလိုက်၏ ။ ထိုပုဂ္ဂိုလ်အား လောကကိုအောင်နိုင်သူ ၊ လောကကိုလွန်မြောက်သူ
၊ ငြိမ်းအေးရာ ၊ လွတ်မြောက်ရာကို ရှာဖွေတွေ့ရှိသူ ဟု ခေါ်ဆိုအပ်၏ ။ )
အားလုံး ချမ်းမြေ့ကြပါစေ
။( ၀ီမံသာ )
No comments:
Post a Comment