Saturday, May 23, 2015

ရောဂါသည်တို့အတွက် ဆေးခါးကြီးတခွက်


ခု ကျနော်ပြောမည့်စကား ရုတ်တရက်ကြားမိပါလျှင် ဗုဒ္ဓဘာသာဝင်ဆိုသူအတော်များများ လန့်သွားကြလိမ့်မည် (ကံမကောင်းလျှင်) ကျနော့်ကိုပင် အမြင်ကတ်သွားနိုင်ပါသည် ။ သို့သော် ရောဂါရင့်နေသော ရောဂါသည်တို့ အတွက် ဆေးခါးကြီးတိုက်သော ဆေးဆရာတို့မည်သည် အမုန်းခံရမှာ ကြောက်ရိုးထုံးစံမရှိပေ ။ ထို့ကြောင့် ကျနော် - တလွဲရောဂါသည်များအတွက် ဆေးခါးတခွက်တိုက်လိုက်ပါပြီ ။
မြန်မာနိုင်ငံရှိ မည်သည့်ဗုဒ္ဓဘာသာဝင်ကိုမေးမေး လူတိုင်း စောင့်ထိန်းရမည့် ရှောင်ကြဉ်ရမည့် အကျင့်သိက္ခာ ပြောပါ ၊ သီလကိုပြောပါ ဆိုလျှင် (၅ပါးသီလ)ကိုသာ ပြေးမြင်ကြပါသည် ။ ငါးပါးသီလဟုသာ ပြောကြပါသည် ။ ဘုရားဟောအစစ်ဖြစ်လျက် ဘ၀ကို အပါယ်ငရဲသို့ကျစေနိုင်သည့် အကုသိုလ်ကမ္မပထ(၁၀)ပါး (၀ါ) ဒုစရိုက်တရား (၁၀)ပါးကိုတော့ တော်ရုံလူ ဖြတ်ခနဲ ပြန်မဖြေနိုင်ကြတော့ ပါ ။ အပါယ်ငရဲတော့မကျချင်ဘူး ၊ မကျချင်လို့ ဘုရားရှိခိုးထဲမှာ အပါယ်လေးပါး ၊ ကပ်သုံးပါး - - - - - - မဆုံးနိုင်တဲ့ ဆုတောင်းကြီးတွေကျ မျက်စိမှိတ်တောင်း နေကြပြီး အပါယ်ကျစေတဲ့တရား ဒုစရိုက်ဆယ်ပါးကျ ၀ါးတားတား၊မသိတသိ ၊ ရှောင်ရကောင်းမှန်း သိဖို့နတ္ထိ ၊ ကဲ ဘယ်လိုလဲ ၊ လျှာမရှိတဲ့ ဟင်းအိုးမွှေတဲ့ ယောင်းမတို့ရေ ။
အကုသိုလ် ဒုစရိုက်တရားဆယ်ပါး ( ကာယဒုစရိုက်(၃)ပါး ၊ ၀စီဒုစရိုက်(၄)ပါး ၊ မနောဒုစရိုက်(၃)ပါး ) ပေါင်း ဒုစရိုက်(၁၀)ပါးကို မရှောင်ကြဉ်သူ ၊ ထိုဒုစရိုက်(၁၀)ပါးကို ကျင့်သုံးသူသည် သေလွန်ပြီးနောက် အပါယ်ငရဲ ဟူသော ဒုက္ခဘေးဆိုးမှ လွတ်မည်မဟုတ်ပေ ။ ဒီလို ဘုရားဟောထားပါလျက် - - - ၊ ( ဒီနေရာမှာ ခရစ်ယာန် ဘာသာကလဲ ရှောင်ကြဉ်အပ်တဲ့ ပညတ်တော်(၁၀)ပါးလို့ ရှိနေတာ ၊ သူတို့ဘာသာဝင်တွေ တလေးတစား လိုက်နာနေတာ သတိပြုမိဖို့ကောင်းတယ်နော် ) (ဆယ်ပါးလို့ အရေအတွက်ခြင်း တူနေတာကိုလေ)
တမျိုးချင်း ၊ တခုချင်း အဓိပ္ပါယ်နှင့်တကွ ရှင်းပြရင်း ဘုရားစကား ဘယ်လောက်မှန်၊မမှန် သုံးသပ်နိုင်ပါပြီ ။

ကာယဒုစရိုက်(၃)ပါး
(၁) ပါဏာတိပါတ - သူ့အသက်သတ်ခြင်း
(၂) အဒိန္နာဒါန - သူ့ဥစ္စာခိုးယူခြင်း
(၃) ကာမေသုမိစ္ဆာစာရ - ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာပြုကျင့်မှု
ဒီ(၃)ပါးကတော့ နာမည်ကျော် (၅)ပါးသီလထဲ ပါပြီးဖြစ်လို့ အထူးအထွေ မရှင်းတော့ပါဘူးနော် ။

ဝစီဒုစရိုက်(၄)ပါး
(၁) မုသာဝါဒ - မုသား(မဟုတ်မမှန်)ပြောဆိုမှု
(၂) ပိသုဏ၀ါစာ - ချောပစ်(တိုင်စာပစ်)ကုန်းတိုက်မှု
(၃) ဖရုဿဝါစာ - အယုတ်တမာဆဲဆိုမှု
(၄) သမ္ဖပ္ပလာပ - အကျိုးမဲ့သိမ်ဖျင်း(အတင်းစကား)ပြောဆိုမှု
ကဲ - အဲဒီမှာစတာပဲ ၊ နာမည်ကျော်(၅)ပါးသီလကြီးက မုသာဝါဒတခုထဲ ဆွဲထဲ့ထားတယ် ၊ ဒါဆို ဘယ်လိုလုပ် မလဲ ၊ (သူတို့ဆင်ခြေ ကျန်တာတွေက မဟုတ်တာပါပြီးသားမို့ မုသာထဲပေါင်းပြီးသား)တဲ့ ၊ ငါ ခပ်ရိုင်းရိုင်း ပြော ပြမယ် ။ ငါ့သားကို ငါက ဒေါသအလျောက် (ငါလိုးမသား)လို့ ဆဲလိုက်တယ် ၊ မှန်တာပြောလို့ မုသားမထိုက် ၊ ဒါပေမဲ့ ဖရုဿဝါစာ ရိုင်းစိုင်းကြမ်းတမ်းသောစကားမို့ ငါ အပါယ်မလွတ် ။ ရှင်းလား ။ ငါးပါးသီလနဲ့ လုံနေပြီထင် သူတွေ ငါ့လျှာက မလိမ်ပါဘူး ၊ ဒါပေမဲ့ (သမ္ဖပ္ပလာပ) ဘယ်ကောင်မနဲ့ ဘယ်ကောင် ဟ၀ှာပြုတာ ဟ၀ှာတွေ ဖြစ်သတဲ့ ခိခိ (ဗြစ်) သန်းတုတ်သံလေ ၊ သူတို့ပြောတာမမှားဘူး အဲဟာတွေ ဟ၀ှာပြုကြတယ် ၊ ဒါပေမဲ့ ပြောသူ ဘာအကျိုးရှိလဲ ၊ ကြားကအချောင် သန်းမ သေရတာအဖတ်တင်တယ် ၊ ဒါ့ကြောင့် အပါယ်မလွတ် ။ (ပိသုဏ၀ါစာ) - ၀န်ကြီးခင်ဗျား ကျနော့်အထက်အရာရှိသည် သူတော့ဖြတ်စားပြီးကျနော်တို့ကျခွဲတမ်းမပေးပါ ထို့ကြောင့်ထိုအရာရှိဆိုးကို အရေးယူပေးပါခင်ဗျာ ။ (သူပြောတာမှန်သားပဲ) ဒါပေမဲ့ တဖက်လူဘ၀ပျက်သွားပြီ ။ သူကျတော့ရော အောက်ကနေ့စားတွေဆီက ဖြတ်မစားခဲ့ဘူးလော ၊ ကိုယ့်အပြစ်ဖုံးထား သူများအပြစ်ထိုးချ ကုန်းမတွေကို ငါးပါးသီလထဲမထဲ့သမျှတော့ ဘယ်တော့မှအမှန်မဖြစ် ၊ ငရဲစာသာဖြစ်မည်ဟု သိစေလို ။
ကြားဖြတ်ကြော်ငြာဝင်လိုက်ဦးမည် ။ အခု ကာယဒုစရိုက်၊၀စီဒုစရိုက်(၂)မျိုးတွက်ပြသွားတာ နာမည်ကျော် ငါးပါးသီလ ပြည့်စုံလောက်ပေပြီ ။ ဟမ် ၊ တခုကျန် သူရာမေရိယျ ၊ သြော်အေး - မနောဒုစရိုက်မှာပါမှာပေါ့ ၊ ဟင် စိတ်(မနော)က သောက် ၊ ရှု ၊ မှီဝဲလို့ ရလို့လား ၊ ထားပါ ပဲလှော်ကြားဆားညပ် ၊ ဆက်စို့ ။

မနောဒုစရိုက်(၃)ပါး
(၁) အဘိဇ္ဈာ - သူတပါး စည်းစိမ်ဥစ္စာကို ငါ့ဟာဖြစ်ရင်ကောင်းစွ ဟု မတော်မတရားကြံစည်မှု ၊ သူခိုး ၊ ဓါးပြ ၊ နယ်ချဲ့စစ်အာဏာရှင် ၊ မုဒိန်းကောင် ဖြစ်စေသောအတွေး ။ (လောဘမူအကုသလ)
(၂) ဗျာပါဒ - သေကြေပျက်စီးသွားလျှင် ကောင်းလေစွဟု သူတပါးကိုရက်စက်စွာကြံစည်မှု ၊ လူသတ်ကောင် ၊ ဖက်ဆစ် ၊ စစ်အာဏာရှင် ၊ အစွန်းရောက်အကြမ်းဖက်သမား ဖြစ်သွားစေသောအတွေး ။ (ဒေါသမူအကုသလ)
(၃) မိစ္ဆာဒိဌိ - အယူမှားမှု ( ကံ ကံ၏အကျိုးတရားကို မယုံကြည်မှု ) ကဲဗျာ ၊ တချို့ဘာသာတွေ ကံကိုယုံတယ် ဒါပေမဲ့ ယုံပုံက အတ္တနဲ့တွဲနေလို့ မှားတယ် ။ ဒီလိုပါပဲ ကျနော်တို့ဘာသာမှာလဲ မြတ်စွာဘုရားစကား နားထောင် သူမှ လိုက်နာကျင့်ကြံသူမှ အယူမှန်မှာဖြစ်ပါလျက် ကျနော်တို့မိရိုးဖလာတွေ သူများဘာသာကို မိစ္ဆာဒိဌိ တွေလို့ အလွယ်ပြောတတ်ကြ ၊ (ကိုယ်ကျ နတ်ကိုး၊စုန်းကိုး၊ဗေဒင်ကိုးနေပြီး) ။ ဒီမှာ တချို့ အပြင်လူ ဥာဏ်ရှိသူတွေက ကိုယ့်ကို အကြောင်းအကျိုး အထောက်အထား အခိုင်အမာ နဲ့ မိစ္ဆာဒိဌိခေါ်ရင် မခံနိုင်ဖြစ်ကြတာလဲ တွေ့နေရ ပါတယ် ။ (မောဟမူအကုသလ) ဒီနေရာ သူရာမေရိယျကို ပညာရှိသူတော်ကောင်းတွေ ထဲ့ထားတယ်လို့ ထင်ပါတယ် ၊ မူးယစ်သူသည် သတိချို့ယွင်း မောဟတွင်းထဲ ကျနေလို့ ကျန်အကုသိုလ်တွေ မလုပ်ရဲစရာမရှိ ဟု ကောက်ယူ ထဲ့သွင်းထားခြင်းသာ ။ သူက သတ်သူမဟုတ် ၊ သတ်ခိုင်းသူသာ ဖြစ်ပါသည်(စကားချပ်)

ကဲ တကဲ့အပါယ်ကျမဲ့ ဘုရားရှင် ရှောင်ကြဉ်စောင့်ထိန်းစေချင်တဲ့ ဒုစရိုက်(၁၀)ပါးတော့ ခပ်ပါးပါးလေး ရှင်းပြ ပြီးပါပြီ ။ အများစု မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေကို ကြောက်ကြောက်နဲ့ မေးရန် တခုသာ ရှိပါတော့သည် ။   ခင်ဗျားတို့ေ စာင့်ထိန်း၊ရှောင်ကြဉ်ကြ ၊ တချက်မပြည့်လျှင် သီလကျိုးပြီဟု သူများမျက်ချေး(ကိုယ်မျက်နှာမသစ်ပဲ) အလွယ်ပြောကြ ၊ ထိုသူများကို တခုမေးပါရစေ ၊ ငါးပါးသီလသည် ဗုဒ္ဓဘာသာဘုရားရှိခိုးတိုင်းတွင် ပါဝင်နေသည် ဆိုတာကိုတော့ သင်တို့ငြင်းမှာမဟုတ်ပါ ။ သို့သော် - မိဘ ၊ ဘိုးဘွား အစဉ်အဆက်ပို့ချခဲ့သော ထို ဘုရားရှိခိုးစာသည် အပြည့်အ၀ဘုရားဟော ဘုရားရှိခိုးစာဖြစ်သည် ဆိုပါလျှင် - (ဥပမာတခုပြောပြမည်) စကားတတ်စ ကလေးကို အဖေက ဘုရားရှိခိုးနည်း သင်ပေးသည် ။   ( သြကာသသြကာသသြကာသ ကာယကံ ၊ ၀စီကံ ၊ မနောကံ - - - ) ကလေး ထိုအတိုင်းဆိုစဉ် အမေက မဟုတ်ဘူး ဒီလို ( သြကာသသြကာသသြကာသ ကာယဒွါရ ၊ ၀စီဒွါရ ၊ မနောဒွါရ - - - ) ကဲ - အဲကလေး ငါးပါးသီလ အဆင့်တောင်မရောက်သေး သြကာသနဲ့တင် ဇဝေဇ၀ါ ဖြစ်ရပြီ မဟုတ်လော ။ သူများနိုင်ငံခြား၊ဘာသာခြားတွေ ရတနာသုံးပါးကို ဥာဏ်ဖြင့်သိ၍ ယုံကြည်လာချိန် ငါတို့မြန်မာ တွေ မိရိုးဖလာက မတက်တာကို ငါအားမရလို့ပြောတာ ငါ့ကို သောက်မြင်ကတ်ချင်ကတ်ပါတော့ ။
( ၀ီမံသာ )

                                                                       

No comments:

Post a Comment