Thursday, January 8, 2015

ဘ၀ အစသို့ ခရီး ခဏ ထွက်ခြင်း


ကျနော် ညက ခရီးတခုသွားစရာရှိလို့ fb ခဏနားမယ် ၊ ပို့စ်လေး(၂)ခု ရှယ်ပေးခဲ့မယ် ပြောခဲ့တယ် ။ ညက တခုရှယ်ခဲ့ပါပြီ ၊ အားပေးတဲ့ fri;တွေကို ကျေးဇူးပါ ။ ခုဒီအတိုင်း ဒီပို့စ်ကိုပဲ တင်လိုက်ပါတယ် ။
ကျနော်ခရီးသွားမယ် ဆိုလို့ ဘယ်သွားမလဲ သိချင်မယ် ၊

ကျနော် - - (ငါ)တလွှာထပ်တင်ဖို့ ဘွဲ့ထူး၊ဂုဏ်ထူး၊ရာထူးတွေ ယူဖို့ ခရီးသွားတာ မဟုတ်ပါ ။
ကျနော် - - အောင်မြင်ကျော်ကြား လူကြိုက်များဖို့ တလွှားလွှားနဲ့ မားကက်တင်း ဆင်းဖို့ ခရီးသွားတာမဟုတ်ပါ ။
ကျနော် - - ရှေ့ကရပ်ပြ နောက်ကခွက်ခံ အာပေါင်အာရင်းသန်သန်နဲ့ အဆံချောင် နိုင်ငံရေးအတွက် အလှုခံထွက်ဖို့ ခရီးသွားတာမဟုတ်ပါ ။

တကယ်တော့ ကျနော့်ခရီးက လူဆန်ဆန် ရိုးရိုးသာမာန်ပါ ။
အဖေ နေမကောင်းဘူး ၊ ၈၀ ကျော် ဇရာထောင်းလို့ သူ အညောင်းဆန့်ချင်ရှာရော့ မယ် ။ ကျွဲပုခုံးထ ခွန်အားများနဲ့ ကျနော့်ကိုလူလားမြောက်စေခဲ့တဲ့ အဖေ ၊ ကျနော် အဲသီချင်းဆိုပြတော့ ပြုံးပြုံးကြီးကျေနပ်ခဲ့တဲ့အဖေ ၊ ဒါပေမဲ့ (မင်း - ပညာတတ် ဖြစ်ရမယ်)လို့ တချက်လွှတ်အဓိဌာန်နဲ့ ကျနော့်အိပ်မက်အလွဲတချို့ကို မရမက တည့်မတ်ပေးခဲ့တဲ့အဖေ ၊ သူ့အမေ၊သူ့ညီမ မုဆိုးမ(၂)ယောက်အတွက် ၊ ပြီးတော့ ကျနော်တို့သားသမီး(၆)ယောက်အတွက် ရောင်စုံသူပုန်ခေတ်မှာတောင် တပြည်လုံးပထမစွဲခဲ့တဲ့ သူ့ရဲ့ပညာဥာဏ်တွေကို ရွှံ့နဲ့အရည်ဖျော် ၊ နွားနဲ့ဖက်ရုန်း လို့ လောကဓံတံပိုးအောက်မှာ တောင်သူရိုးရိုးကြီးဖြစ်ရရှာတဲ့အဖေ ၊ ၈၀ကျော် ယောက်ျားကြီးက ၄၀ကျော်ယောက်ျားတယောက်ကို ( သား ငါ သင်္ခါရုပေက္ခာဥာဏ်နဲ့တင် ရပ်နေပြီ ၊ မင်းရှေ့ဆက်နိုင်အောင်လုပ် ၊ ငါ့အသိတွေ မသေခင်မျှဝေဖို့ ငါ့အစားလုပ်ပေးနိုင်မှာ မင်းတယောက်ပဲရှိတယ် ) လို့ ယုံယုံကြည်ကြည် လွှဲအပ်ချင်တဲ့အဖေ ။ - - -

အဲဒီအဖေဆီ လူမမာမေးဖို့ ကျနော်သွားမှာပါ ။
အဲဒီအဖေဆီ ပြုစုစောင့်ရှောက် အားပေးချင်လို့ ကျနော်သွားမှာပါ ။
အဲဒီအဖေရဲ့ လောကအတွက် ကျယ်ပြန့်တဲ့တာဝန်တွေ ပုခုံးပြောင်းလွှဲယူဖို့ ကျနော်သွားမှာပါ ။
အဲဒီ ကျနော်ချစ်တဲ့ အဖေဆီသွားဖို့ (၅)ရက်လောက်နောက်ကျ ခုမှပိုက်ဆံရလို့ ကျနော် ခရီးသွားရမှာပါ ။ အဖေ -မငိုနဲ့နော် ၊ ကျနော် - လာနေပြီ ။

မျက်ရည်များစွာဖြင့် (သား) - ၀ီမံသာ ၊ ထိန်လင်းသစ် ၊ စင်ရော်နောင်

No comments:

Post a Comment