Thursday, December 4, 2014

ဝိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ (စာမိတ်ဆက်) အပိုင်း (၄)



ဂမ္မော - ဂါမ ရွာ ၊တောစွန်ဇနပုဒ် မှာနေတဲ့ ရွာသူရွာသားတို့ဖြစ်ပါတယ် ။ ပေါထုဇ္ဇနိကော - ပုထုဇဉ် အမှားအများ နဲ့ နေတာကိုခေါ်တယ် ။ အမှားတွေကိုအမှန်ထင်ပြီး လောကသံသရာထဲမှာ ပျော်ရွှင်နေကြသော ပုထုဇဉ်ပုဂ္ဂိုလ်တွေ ဖြစ် တယ် ။ ကာမ ၊ သုဂတိ (၇)ဘုံစလုံး အကျုံးဝင်လို့ အလွန်တရာကျယ်ဝန်းပါတယ် ။ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော ကို တပေါင်းတည်းအဓိပ္ပါယ်ဖွင့်ရလျှင် ပုထုဇဉ်များဖြစ်ကြသော ရွာသူရွာသား၊တောသူတောင်သားတို့သည် လောကသံသရာ ကြီးမှာ အလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်စွာ အယုတ်တရားတွေဖြစ်သော ကိလေသာအာရုံ ကာမဂုဏ်တွေကို ခံစားပုံ အကျင့်စရိုက်အမျိုးမျိုးနဲ့ မှီဝဲသုံးဆောင်နေကြတာဖြစ်တယ် ။ ဂမ္မော ရွာသူရွာသားဆိုလို့ မြို့ကြီးသားတွေနဲ့မဆိုင်လို့တော့ မထင်နဲ့ ၊ ပုထုဇဉ်ဆိုတဲ့ပုဒ်နဲ့တွဲထားလို့ အရိယာကလွဲလို့ လူ နတ် ဗြဟ္မာ အထိပါဆိုင်သွားပါတယ် ။ အာရုံခံစားပုံ အကျဉ်း ပြောရရင် တောသူတောင်သား ဆင်းရဲလို့ မိုးလင်းကမိုးချုပ် တကုပ်ကုပ်လုပ်နိုင်မှ စားဝတ်နေရေးအဆင်ပြေမှာမို့ အမျိုးမျိုး အဖုံဖုံ တွေးကြံဖန်တီးခံစားစံစားဖို့ မြို့သူတွေလောက် အချိန်မပေးနိုင်ပါဘူး ၊ သူတို့ရဲ့ မအိပ်ခင်အားလပ်ချိန်လေးမှာပဲ ဘာသာဘာဝပျော်မြူးကြတာတောင်အယုတ်တရားဆိုခဲ့ရင် ဇိမ်ခံနည်းမျိုးစုံ ပြောမကုန်တဲ့အာရုံတွေနဲ့ ရှုတ်ရှက်ခတ်နေတဲ့ မြို့ကြီးသူ တိုင်းကြီးသား တို့ရဲ့ အာရုံခံစားမှုက ဘယ်လောက်ထိ ပိုယုတ်ညံ့မလဲဆိုတာ တွေးကြည့်ရင်သိနိုင်ပါတယ် ။ ဗုဒ္ဓ က ဂမ္မောကို ဟီနော၊ပေါထုဇ္ဇနိကော နဲ့အထူးပြုလိုက်တော့ ရွာသားထက် ပိုအာရုံများတဲ့ မြို့ပြ ၊ နိုင်ငံကြီးသား လူချမ်းသာ နတ်၊ ဗြဟ္မာ တွေရဲ့ စည်းစိမ်ခံစားမှုဟာ ပိုယုတ်တယ်ဆိုတာ ချိန်ဆနိုင်ပါပြီ ။
          ဒီတခါ ဟီနော နဲ့ အနရိယောပုဒ်ကို တွဲစပ်ပေးလိုက်တဲ့အဓိပ္ပါယ်က အရိယာကျင့်စဉ်မဟုတ်သော အနရိယော ဆိုတာ ကိုယ့် ကာမ စွမ်းရည် တိုးပွားအောင် ကျင့်ကြံအားထုတ်နေကြတဲ့ ကာယဗလသမားတွေ ၊ မော်ဒယ်လ်တွေ မျက်လှည့်ဆရာ ဘောလုံးသမား ဆို၊က၊ရေး၊တီး၊ရုပ်ရှင်၊သဘင် ပညာသည်တွေ စသည်တို့ဟာ ကာမဂုဏ်ခံစားရေး အတွက် ကျင့်ကြံ အားထုတ်နေသူတွေဖြစ်လို့ သူတို့ကိုလဲ ယုတ်ညံ့သော ဟီနောလို့ပြောခဲ့တာပါ ။
(နေမျိုးသောင်း)
 
နောက်တပိုဒ်၏ အဓိပ္ပါယ်အကျယ်ကို နောက်အပိုင်းတခုတွင် ဆက်လက်ဖွင့်ဆိုပါမည် ။   

(၀ီမံသာ)

No comments:

Post a Comment