စတ္တာရောခန္ဓာ အရူပီနော အညမည ပစ္စယေနပစ္စယော ။ စတ္တာရောမဟာဘူတာ
အညမည ပစ္စယေနပစ္စယော ။ သြက္ကံတိက္ခဏေ နာမရူပံ အညမည ပစ္စယေနပစ္စယော ။
အညမည
ပစ္စည်း ဆိုတာ အချင်းချင်းအပြန်အလှန်
အမှီသဟဲပြုခြင်းအားဖြင့် ကျေးဇူးပြုတတ်တဲ့ သဘောကို ခေါ်ပါတယ် ။ ထိုင်ခုံတလုံးရဲ့ ဒေါက်သုံးချောင်းဟာ
တခုကိုတခုအပြန်အလှန် အမှီပြုပြီး ဖြစ်တည်နေကြသလိုပဲ ရုပ်တရား နာမ်တရားတွေဟာလဲ အညမညပစ္စယကျေးဇူးပြုလျက်
ဖြစ်ပျက်၊ပြောင်းလဲကြရပါတယ်။ ဘယ်တရားတွေ အချင်းချင်း အမှီသဟဲပြုပြီး ဖြစ်လေ့ရှိသလဲ ဆိုတာ ရှင်းပြထားပါတယ်။
နာမ်ခန္ဓာ(၄)ပါးဟာ အချင်းချင်းအပြန်အလှန်အမှီသဟဲပြုရင်း
ဖြစ်ကြပျက်ကြပါတယ် ။ ထို(၄)ပါးမှာ
၁ ။ ဝိဥာဏက္ခန္ဓာ ၊ ၂ ။ သညာက္ခန္ဓာ ၊ ၃ ။ ဝေဒနာက္ခန္ဓာ ၊ ၄ ။
သင်္ခါရက္ခန္ဓာ တို့ဖြစ်ကြပါတယ် ။ ဝိဥာဏက္ခန္ဓာက
သိခြင်း သဘောဖြစ်ပါတယ် ။ အာရုံမှန်သမျှကို သိရုံသိလိုက်ပြီး သိခြင်းကိစ္စပြီးတာ နဲ့
ပျက်သွားပါတော့တယ် ။ သညာက္ခန္ဓာက မှတ်သားခြင်းသဘောဖြစ်ပါတယ် ။ သိတာနဲ့တပြိုင်နက်
မှတ်လိုက်တယ် ၊ မှတ်ခြင်းကိစ္စပြီးတာနဲ့ ပျက်သွားပါတော့တယ် ။
ဝေဒနာက္ခန္ဓာက ခံစားခြင်းသဘောဖြစ်ပါတယ် ။ ဝေဒနာ(၃)မျိုးရှိပါတယ်
။ ကောင်းတယ်လို့ခံစားတဲ့ သောမနဿ ဝေဒနာ ၊ မကောင်းဘူးလို့ခံစားတဲ့ ဒေါမနဿဝေဒနာ ၊ ကောင်း၊မကောင်းမဟုတ်
လစ်လျူရှုပြီးခံစားတဲ့ ဥပေက္ခာဝေဒနာ ရယ်လို့ ဖြစ်ပါတယ် ။ သိတာ၊မှတ်တာနဲ့တပြိုင်နက် ခံစားလိုက်တယ်
။ ခံစားခြင်းကိစ္စပြီးတာနဲ့ ပျက်သွားပါတော့တယ် ။ သင်္ခါရက္ခန္ဓာကတော့ ပြုပြင်စီရင်၊ပြောင်းလဲခြင်းသဘော ဖြစ်ပါတယ် ။ ပြောင်းလဲခြင်းက
အကျိုး(ပစ္စယုပ္ပန်)သာဖြစ်ပြီး ပြုပြင်စီရင်ခြင်း(ဝါ)ပြုလုပ်ခြင်းက အကြောင်း(ပစ္စယ)ဖြစ်ပါတယ်
။ သိတာ၊မှတ်တာ၊ခံစားတာနဲ့တပြိုင်နက် ပြုပြင်စီရင် လိုက်တယ် ။ ပြုပြင်စီရင်ခြင်းကိစ္စပြီးတာနဲ့
ပျက်သွား ပါတော့တယ် ။
ဒီခန္ဓာ(၄)ပါးဟာ
တပါးကိုတပါး အမှီပြုပြီး၊အချင်းချင်းထောက်ကူဖေးမပြီးမှ ဖြစ်နိုင်၊ပျက်နိုင်ကြပါတယ်
။ တခု အားကောင်းရင် ကျန်တရားတွေအားကောင်းလာပြီး တခုအားနဲရင် ကျန်တရားတွေလိုက်ပါအားနဲလေ့ရှိပါတယ်
။ ဥပမာ သင်္ခါရက္ခန္ဓာဖြစ်တဲ့ ဖဿ (အာရုံထိတွေ့မှု) အားကောင်းရင် ကျန် သိခြင်း၊မှတ်ခြင်း၊ခံစားခြင်းတွေလဲ
အားကောင်းလာပြီး ဖဿ အားနဲရင် သိ၊မှတ်၊ခံစားမှုလဲ အားနဲပါတယ် ။ ဒီလိုပဲ သိမှု(မြင်၊ကြား၊တွေး
စသည်) အားကောင်းရင်လဲ မှတ်ခြင်း၊ ခံစားခြင်း၊ပြုပြင်စီရင်ခြင်းတွေ အားကောင်းလာပြီး
သိမှုအားနဲရင် ခံစား၊ပြုပြင်၊မှတ်သားမှုတွေ အားနဲတတ်ပါတယ် ။
မဟာဘူတ
ဓါတ်ကြီး(၄)ပါးဟာလဲ အချင်းချင်း၊အပြန်အလှန်အမှီသဟဲပြုရင်း ဖြစ်ကြ၊ပျက်ကြပါတယ် ။ ဒီ
ရုပ် ဓါတ်ကြီးလေးပါးဟာ အတူတကွပေါင်းစပ်ဖွဲ့စည်းကြတော့မှ အထည်၊ ကိုယ်အဖြစ်မှတ်ယူနိုင်ပါတယ်
။ ဒီမဟာဘုတ် ဓါတ်ကြီး(၄)ပါးကတော့ - ၁ ။ ပထဝီဓါတ် = မာခြင်း၊ပျော့ခြင်း သဘော ။ ၂ ။
တေဇောဓါတ် = ပူခြင်း၊အေးခြင်းသဘော ။ ၃
။ အာပေါဓါတ် = ယိုစီးခြင်း၊ဖွဲ့စည်းခြင်းသဘော ။ ၄ ။ ဝါယောဓါတ်
= ထောက်ကန်ခြင်း၊လှုပ်ရှားခြင်းသဘော တို့ပဲ ဖြစ်ပါတယ် ။
အမိဝမ်းထဲမှာ
ပဋိသန္ဓေနေရတဲ့အချိန်မှာ ရုပ်နဲ့နာမ်တို့ဟာ အပြန်အလှန်အမှီသဟဲပြုရင်း ဖြစ်ကြ၊ပျက်ကြ
ရပါ တယ် ။ ဘယ်လိုဖြစ်သလဲဆိုတော့ အတိတ်ဘဝက စုတိစိတ်ကျပြီးတာနဲ့ တပြိုင်နက် ပဋိသန္ဓေစိတ်ကလေးဖြစ်တယ်
။ ပဋိသန္ဓေစိတ်ဖြစ်တာနဲ့တပြိုင်နက် အတိတ်ကံအားလျော်စွာ ကမ္မဇရုပ်ကလေးစဖြစ်တယ် ။ စိတ်ကလေးနေတဲ့အိမ်ဖြစ်လို့
ဟဒယဝတ္ထုနှလုံးအိမ်လို့ခေါ်တယ် ။ ပဋိသန္ဓေစိတ် အားကောင်းရင် ကမ္မဇရုပ်ဟဒယဝတ္ထုအားကောင်းမယ်
၊ ဟဒယဝတ္ထု အားကောင်းရင် ဇာတိစိတ်အားကောင်းမယ် ဆိုတဲ့ အညမညပစ္စယ ကျေးဇူးပြုခြင်းအားဖြင့်
ရုပ်၊နာမ်နှစ်ပါးတို့ဟာ တခုကို တခု အပြန်အလှန် အမှီသဟဲပြု ဖြစ်ကြ၊ပျက်ကြရင်း တဖြေးဖြေးရင့်ကျက်ကြီးထွား
ရုပ်အသစ်၊စိတ်အသစ်တွေ ပွားလာကြ ရတာ ပဉ္စဝေါကာရဘုံသား(ရုပ်-၁၊နာမ်-၄ ရှိသောဘုံ)လူ၊သတ္တဝါအားလုံးရဲ့
သဘာဝသဘောတရားပါပဲ ။
အမှန်တရားကိုလိုလားသော
ချစ်စွာသောစာရှုသူ ။ မိမိခန္ဓာမှာ ဖြစ်လာသမျှသော တရားတွေကို ဥာဏ်နဲ့သေချာ စူးစိုက် အာရုံပြုကြည့်လိုက်ရင်
ရုပ်တရားတွေဟာ သူတို့အချင်းချင်း အပြန်အလှန်အမှီပြုလျက် ၊ နာမ်တရားတွေလဲ သူတို့ အချင်းချင်း
အပြန်အလှန်အမှီပြုလျက် ဖြစ်၊ပျက်နေကြတဲ့ ဒီသဘောတရားတွေကြားထဲမှာ အတ္တဆိုတာ ရှာလို့ကိုမရှိပါဘူး
လို့ ထင်ရှားသိလိုက်ရင်ဖြင့် ငါစွဲသက္ကာယဒိဋ္ဌိ ပြုတ်ပါပြီ ။ ဖြစ်လိုက်၊ပျက်လိုက် ဆက်တိုက်လည်ပတ်နေရတာမို့
ပြတ်တယ် (ဥစ္ဆေဒ) လို့လဲ မဟုတ်၊ မြဲတယ် (ဿဿတ)လို့လဲမဟုတ်ပါ ။ အစွဲကင်းကင်း၊သံသယရှင်းရှင်းနဲ့
ယုံကြည်သဒ္ဓါ ခိုင်မာစွာ ဆက်လို့ အားထုတ်ပွားများသွားမယ်ဆိုရင် သံသရာစက်ရဟတ် ပြတ်ဖို့ရာ
၊ နိဗ္ဗာန်စခန်းမြန်းဖို့ရာ လက်တကမ်းသာလိုပါ မည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်
။
ဝီမံသာ
(၂၀-၉-၂၀၁၃)
No comments:
Post a Comment