ကျွန်ုပ်မိတ်ဆွေ (ထိန်လင်းသစ်) ကို ကြည့်ကာ မောမိသည် ။
သူသည် သံဃာတော်တွေကို စော်ကား၊အပုပ်ချ နေသော သံသရာငရဲသားများကို မျိုးချစ်စိတ်၊ဘာသာချစ်စိတ်ဖြင့်
တုန့်ပြန်တိုက်ခိုက်နေသည်မှာ ပင်ပမ်းလွန်းလှသည်။ နောက်ထပ်မစော်ကားရန် အပြစ်ပြ၍တားမြစ်သည့်သဘောတော့
မှန်ပါသည် ။ သို့သော် သူကိုယ်တိုင်ခမျာမတော့ ဘာနဲ့ သွားတူနေသလဲဆို ဟိုးအောက် ငရဲပြည်က
ငရဲသားများကို အပြစ်ပေး၊နှိပ်ကွပ်ရသော လှံရှည်ကြီးတွေတန်းလန်းနှင့် ငရဲထိန်းကြီးများနှင့်
အလားသဏ္ဍာန်တူနေပေသည် ။ တကယ်တော့ ငရဲထိန်းဆိုတာလဲ ငရဲသားကြီးများပင် ၊ လူ့ပြည်က ဘာနဲ့သွားတူသလဲဆိုတော့
ထောင်ဝါဒါ (နှစ်ကြီးသမား)များနှင့်တူသည် ။ ထောင်သက်ရှည်လာ၍ ထောင်ဝန်ထမ်းများက ယုံကြည်စိတ်ချရသော
ထောင်ကျအကျဉ်းသား(နှစ်ကြီးသမား)များကို ထောင်စာရေး၊ဘုတ်ကိုင်၊ထောင်ဝါဒါ စသည်ဖြင့် ခန့်အပ်ကာ
ထောင်သားအချင်းချင်း ပြန်လည်ထိန်းသိမ်း၊အုပ်ချုပ်ခိုင်းခြင်းဖြစ်သည် ။ သူတို့က ထောင်သက်ရှည်ပြီမို့
အတွေ့အကြုံများသည် ၊ မြွေမြွေချင်းခြေမြင်သည် ။ ဘယ်သူ့ကိုဘယ်လိုနှိပ်ကွပ်ရမည် ၊ ဘယ်လိုပညာပြရမည်ကို
ပိုသိ သည် ။ (ပြောရဦးမည်) ထောင်ထဲတွင် သူတို့ရောအခြားထောင်သားများပါ အမုန်းဆုံးကတော့
မုဒိန်းကောင်များဖြစ်သည် ။ မုဒိန်းကောင် တကောင် ၀င်လာပြီဆိုသည်နှင့် ထောင်ဝါဒါနှင့်
တပည့်ထောင်သားများက အစွမ်းကုန်ချကြ ၊ နှိပ်စက်ကြ တော့သည် ။ မုဒိန်းမှု ကျူးလွန်ခြင်းကို
လူမဆန်သောလုပ်ရပ်ဟု သူတို့ယူဆထားကြပေသတည်း ။
ဖြစ်ပျက်သဘာဝ
ပြောင်းလဲခြင်းသင်္ခါရသဘောအရ ထို ငရဲထိန်းကြီးများ ၊ ထောင်ကျနှစ်ကြီးသမားများလဲ လွတ်ရက်
ရှိပေသည် ။ ငရဲထိန်း(နှစ်ရှည်ငရဲသားကြီး)သည် မိမိအကုသိုလ်ကံ အရှိန်အဟုန်ကုန်သည်နှင့်
ငရဲပြည်မှ စုတေကာ အခြားပိုကောင်းသောဘ၀သို့ ရွှေ့ပြောင်းကျင်လည်ရတော့သည် ။ ထို့အတူ ထောင်ဝါဒါ(နှစ်ကြီးသမားများ)
သည်လဲ မိမိအပြစ်ဒဏ် ရက်စေ့လျှင် ထောင်ဗူးဝကိုနှုတ်ဆက် လွတ်လပ်သောလူဘ၀ ပြန်ရောက်ရပေသည်
။ ထိုအခါ ၄င်းတို့သည် ငရဲသားများ ၊ ထောင်သားများကို အပြစ်ပေး၊နှိပ်ကွပ်ရသည့်အလုပ်ကိုလဲ
လုပ်စရာမလိုတော့ပါ ။
ထိုဥပမာကိုကြည့်ကာ
တခုစဉ်းစားမိသည် ။ လူ့လောက လူအများစုကြီးသည် ပုထုဇဉ်အဆင့်သာရှိကြသည် ။ ပုထုဉ္ဇနော ဥုမ္မတကော
ဟူသည့် ပုဒ် အရ သဘာဝအရင်းခံ အစစ်အမှန်တရား နှင့် လွတ်မြောက်ရာတရားတို့ကို မမြင် နိုင်၍
မိမိထင်ရာလုပ် ၊ ထင်ရာပြောနေကြသော အရူးများပင်ဖြစ်ပေသည် ။ အရူးက အရူးကို ဝေဖန်တိုက်ခိုက်
၊ ကဲ့ရဲ့ ရှုံ့ချ နေခြင်းသည် ငရဲထိန်းက ငရဲသားကို ထောင်ဝါဒါက ထောင်သားကို နှိပ်ကွပ်နေသည်နှင့်သာ
တူပေသည် ။ မဂ်လေးပါး ၊ ဖိုလ်လေးပါး ၊ နိဗ္ဗာန် ဟူသော လောကုတ္တရာတရားကိုးပါးတို့ မိမိဥာဏ်တွင်ထင်စွာမဖြစ်သမျှ
၊ ယုတ်စွအဆုံး အငယ်ဆုံး သောတာပတ္တိမဂ်ဥာဏ်ဖြင့် နိဗ္ဗာန်ကို တကြိမ်မျှ မျက်မှောက်ပြုလိုက်နိုင်သော
သောတာပန်အရိယာ မဖြစ် သေးသမျှ အပါယ်ငရဲမျိုးစေ့တန်းလန်းဖြင့် သံသရာတွင်ကျင်လည်ရဦးမည်သာဖြစ်ပါသည်
။ သည်နေရာတွင် ပုထုဇဉ်နှင့် အရိယာသောတာပန်တို့ ရတနာသုံးပါးအပေါ် ယုံကြည်မှုကွာခြားပုံလေး
အနဲငယ်နှိုင်းပြလိုပါသည် ။ အဒေါ်ကြီးတယောက် တရားစခန်းတွေခဏခဏ၀င်ရင်း ဘယ်လိုအတွေးပေါက်သည်မသိ
၊ ငါကဥာဏ်စဉ်တွေရထားလို့ သောတာပန်ဖြစ်နေပြီ ၊ ဒါကြောင့် ငါ့ထက်နိမ့်တဲ့ ပုထုဇဉ်ဘုန်းကြီးတွေ
ကိုရင်လေးတွေကို ငါရှိခိုးစရာမလို ဟူသတည်း ။ တော်တော်ရူးတဲ့ ပုထုဇဉ်အရူးကြီးပါတကား
။ ထိုနည်းတူစွာ လောကပညာတတ် ၊ ဘွဲ့အရပ်ရပ်ပိုင်ရှင် ဆုတံဆိပ်များရှင် တို့သည်လဲ ပုထုဇဉ်သဘာဝ
ပုဂ္ဂိုလ်နှင့်သံဃာမျှ မကွဲ ၊ မိမိဥာဏ်တပဲသားဖြင့် သံဃာကိုအဆင့်အတန်းခွဲ ၊ မိမိအလိုလိုက်
ပါက သံဃာသည်သူရဲကောင်း ၊ မိမိအလိုမလိုက်ပါက သံဃာသည်လူဆိုးလူမိုက် ထင်သလိုကြိုက် ထင်သလိုတိုက်နေကြ
မိုက်လှတဲ့ သံသရာငရဲသား ပုထုဇဉ်များ၏ ယုံကြည်မှုမှာ မြေအောက်တထွာတောင်မစိုက်တဲ့ အမြစ်တိုသစ်ပင်လေးတွေ
ပါတကား ။
ဟော သောတာပန်အရိယာသူတော်ကောင်းတွေကြတော့ ရတနာသုံးပါးအပေါ်
အပြစ် မြူမျှမထင် ၊ ကြည်လင်လိုက်တဲ့ ယုံခြင်းသဒ္ဓါနဲ့ ကြည်ညိုမြတ်နိုးလွန်းလို့ သူ့ဆရာ
ဘုရား၊တရား၊သံဃာတော့ လာမထိနဲ့ ယောက္ခမတောင်ငြိမ်မခံ ပက်ခနဲ ပြန်ပြောလိုက်တာ မိစ္ဆာအယူ
ယူတဲ့ယောက္ခမကြီး ချွေးမတော်ဝိသာခါကျေးဇူးနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်၊အရိယာသောတာပန်ဖြစ်လို့
ချွေးမကိုတောင် ဒါငါ့အမေပါလို့ ပြောယူရတဲ့အဖြစ် ။ အဲဒါမှ အရိယာ ။ ၀ိသာခါ သူ့စကားလေး
မှတ်သား ထိုက်တယ် ။ ငါတို့ဆရာ ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ဗုဒ္ဓတပည့်သားသံဃာတော်များဟာ
အကုသိုလ်အညစ်အကြေး အကုန် စင်ကြယ် စွန့်ပယ်ပြီးဖြစ်လို့ သံသရာလွတ်မြောက်ကြောင်းတရားနဲ့
ငြိမ်းပြီးသားပုဂ္ဂိုလ်တွေ ၊ အသင့်လို အတိတ်ကံ အစာ ဟောင်းစားလို့ ကြီးပွားမာန်တက် အတ္တအစွယ်တလက်လက်နဲ့
လူ့အပုပ်အသိုးမဟုတ်ခဲ့ဘူးလို့ တချက်ထဲပြောချနိုင်တာ အဲဒါ အရိယာပါ ။ ကဲ ဘယ်လောက်ကွာခြားလဲ
စဉ်းစားဖို့နော် ။
ဘယ်လိုစဉ်းစားမိလဲ ၊ မတူဘူးနော် ၊ ပုထုဇဉ်နဲ့သောတာပန်အရိယာတို့
တုန့်ပြန်ပုံခြင်းမတူဘူးနော် ၊ ပုထုဇဉ်တွေ တုန့်ပြန် ပုံက ငရဲထိန်းတွေ ထောင်ဝါဒါတွေ
အပြစ်ပေးနှိပ်ကွပ်သလို တဖက်လူ နာစေတယ် ၊ နာတော့မုန်း ၊ အမုန်းနဲ့တုံ့ပြန် ၊ အမုန်းသံသရာရှည် ဒေါသမီးမွှေတော့ သံသရာမှာ အပါယ်စာဖြစ်ရရှာမှာပေါ့
။ သောတာပန်အရိယာတို့ကျတော့ တရား အစစ် အနှစ်ထုတ်လို့ တဖက်က ပြန်မလှန်သာ ပြန်မငြင်းသာအောင်
ပြောလိုက်တော့ နာခံရသူမှာ အတ္တအမြစ်ကွာလို့ လွတ်မြောက်၊ငြိမ်းချမ်းရာတရား သူ့လိုရသွားကြတာ
ဘယ်လောက်အကျိုးများပါသလဲနော် ။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာနဲ့ ဘုရားသားတော်သံဃာတော်တွေကို
စော်ကားအပုပ်ချ၊စွပ်စွဲနေကြတဲ့ သံသရာငရဲသားတို့ကို အမျိုးဘာသာချစ်သူတို့က တုံ့ပြန်လိုကြလျှင်ဖြင့်
မိမိကိုယ်ကို ငရဲထိန်းဘ၀ လွတ်မြောက်ကြစေလျက် ယုံကြည်မှုသဒ္ဓါ အမြစ်ဟာ မြေလွှာထိုးဖောက် ကျောက်သားအောက်ထိ အရောက်ခိုင်မာစွာ တည်တံ့ရာရှာလို့
သံသရာဝဋ်ဒုက္ခ လွတ်မြောက်ရာအမှန် ၊ ၀ိမုတ္တိရသ နိဗ္ဗာန်တရားလက်ကိုင်ထားလျက် တုံ့ပြန်သွားနိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါသည် ။
( ၀ီ မံ သာ ) 2-11-2014
No comments:
Post a Comment