စတ္တာရောခန္ဓာ အရူပီနော အညမညံ သဟဇာတ ပစ္စယေနပစ္စယော ။ စတ္တာရောမဟာဘူတာ
အညမညံ သဟဇာတ ပစ္စယေနပစ္စယော ။ သြက္ကံတိက္ခဏေ နာမရူပံ အညမညံ သဟဇာတ ပစ္စယေနပစ္စယော ။
စိတ္တစေတသိကာ
ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေနပစ္စယော ။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတ ပစ္စယေနပစ္စယော
။ ရူပီနောဓမ္မာ အရူပီနံဓမ္မာနံ ကိဉ္စိကာလေ သဟဇာတ ပစ္စယေနပစ္စယော ၊ကိဉ္စိကာလေ န သဟဇာတ ပစ္စယေနပစ္စယော
။
သဟဇာတ
ပစ္စည်း ဆိုတာ အတူတကွဖြစ်ခြင်းအားဖြင့်
ကျေးဇူးပြုတတ်တဲ့ သဘောကိုခေါ်ပါတယ် ။ မီးထွန်းတာ နဲ့ တပြိုင်နက် မီးရောင်ပေါ်လာရသလိုပါပဲ
။ ဘယ်တရားတွေ အတူတကွဖြစ်လေ့ရှိသလဲ ဆိုတာ ရှင်းပြထားပါတယ်။
နာမ်ခန္ဓာ(၄)ပါးဟာ အချင်းချင်းအပြန်အလှန်အမှီသဟဲပြုရင်း
အတူတကွဖြစ်ကြပါတယ် ။ ထို(၄)ပါးမှာ
၁ ။ ဝိဥာဏက္ခန္ဓာ ၊ ၂ ။ သညာက္ခန္ဓာ ၊ ၃ ။ ဝေဒနာက္ခန္ဓာ ၊ ၄ ။
သင်္ခါရက္ခန္ဓာ တို့ဖြစ်ကြပါတယ် ။ စိတ်တခုဖြစ်ပေါ်လာတာနဲ့ ဒီခန္ဓာလေးပါးဟာ တပြိုင်နက် အတူတကွဖြစ်ပေါ်လာကြပါတယ်
။ တပါးကနောက်ကျဖြစ်ပေါ်တာမရှိပါဘူး။ဖွားဖက်တော် တွေလို့ပြောရပါမယ် ။ ဝိဥာဏက္ခန္ဓာက သိခြင်းသဘောဖြစ်ပါတယ် ။ အာရုံမှန်သမျှကို
သိရုံသိလိုက်ပြီး သိခြင်းကိစ္စပြီးတာ နဲ့ ပျက်သွားပါတော့တယ် ။ သညာက္ခန္ဓာက
မှတ်သားခြင်းသဘောဖြစ်ပါတယ် ။ သိတာနဲ့တပြိုင်နက် မှတ်လိုက်တယ် ၊ မှတ်ခြင်းကိစ္စပြီးတာနဲ့
ပျက်သွားပါတော့တယ် ။ ဒီသညာရဲ့ မှတ်သားမှုဟာ အင်မတန်အရာကျယ်ပါတယ် ။တလောကလုံး အဆင်း၊အသံ၊လူ၊တိရိစ္ဆာန်၊အမှန်၊အမှား
ရှိရှိသမျှပညတ်အားလုံးကို သူမှတ်တဲ့အတိုင်း ထင်မြင်၊ပြောဆို၊လုပ်ကိုင် နေကြ ရပါတယ်
။ သူကပိုင်းခြားနားလည်တဲ့သတ္တိမရှိဘူး ။ မှန်မှန်မှားမှား အကုန်မှတ်တာပဲ ။ ဥပမာ ကလေးလေးတယောက်ကို
မင်းနံမယ် ဝင်းနိုင်ကွ၊မှတ်ထားဆိုတာနဲ့ တသက်လုံး သူ့ကိုယ်သူ ဝင်းနိုင်လို့မှတ်လိုက်တော့တာပဲ
။ ငါကမင်းအဖေကွဆို ရင်လဲ တသက်လုံးအဲဒီလူကို အဖေလို့မှတ်လိုက်တော့တာပဲ ။ ဒီလိုနဲ့ပဲ
လူတွေ၊သတ္တဝါတွေဟာ တကယ့်အစစ်အမှန် အရှိ တရားတွေအပေါ်မှာ မှတ်သားထားတဲ့အတိုင်း ပညတ်တင်ဖုံးလွှမ်းပြီး
ထင်မြင်၊ပြောဆို၊လုပ်ကိုင် နေကြရတာဖြစ်ပါတယ်။
ဝေဒနာက္ခန္ဓာက ခံစားခြင်းသဘောဖြစ်ပါတယ် ။ ဝေဒနာ(၃)မျိုးရှိပါတယ်
။ ကောင်းတယ်လို့ခံစားတဲ့ သောမနဿ ဝေဒနာ ၊ မကောင်းဘူးလို့ခံစားတဲ့ ဒေါမနဿဝေဒနာ ၊ ကောင်း၊မကောင်းမဟုတ်
လစ်လျူရှုပြီးခံစားတဲ့ ဥပေက္ခာဝေဒနာ ရယ်လို့ ဖြစ်ပါတယ် ။ သိတာ၊မှတ်တာနဲ့တပြိုင်နက် ခံစားလိုက်တယ်
။ ခံစားခြင်းကိစ္စပြီးတာနဲ့ ပျက်သွားပါတော့တယ် ။ ဒီနေရာမှာ သိရုံမျှသိတဲ့အခိုက် ဖြစ်တဲ့ခံစားမှုမှာ
ဥပေက္ခာဝေဒနာပဲပေါ်ပါတယ် ။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက မြင်ရင်မြင်ရုံမျှ ကြားရင်ကြားရုံမျှသဘောထားဖို့
တိုက်တွန်းတော်မူခဲ့တာပါ ။ အာရုံသိနောက်ကို တောက်လျှောက်လိုက်မိပြီဆိုရင်တော့ ကောင်း၊မကောင်းခံစားချက်တွေဝင်လာပြီး
ကြိုက်၊မကြိုက်ဆိုတဲ့ ကိလေသာတရားတွေ ပူးဝင်နှောင့်ယှက်တော့မှာ ဖြစ်ပါ တယ် ။ သင်္ခါရက္ခန္ဓာကတော့ ပြုပြင်စီရင်၊ပြောင်းလဲခြင်းသဘော
ဖြစ်ပါတယ် ။ ဒီမှာ လူတော်တော်များများဟာ သင်္ခါရကို ပြောင်းလဲခြင်းလို့ပဲ မှတ်နေကြပါတယ်
။ ပြောင်းလဲခြင်းက အကျိုး(ပစ္စယုပ္ပန်)သာဖြစ်ပြီး ပြုပြင်စီရင်ခြင်း(ဝါ)ပြုလုပ်ခြင်းက
အကြောင်း(ပစ္စယ)ဖြစ်ပါတယ် ။ ဒါကြောင့် သင်္ခါရက္ခန္ဓာရဲ့ မူလတရားကိုယ်အရ ပြောရမယ်ဆိုရင်
ပြုပြင်စီရင်ခြင်းလို့သာ ပြောရမှာဖြစ်ပါတယ် ။ သိတာ၊မှတ်တာ၊ခံစားတာနဲ့တပြိုင်နက် ပြုပြင်စီရင်လိုက်တယ်
။ ပြုလုပ်ခြင်းကိစ္စပြီးတာနဲ့ ပျက်သွား ပါတော့တယ် ။ နာမ်ခန္ဓာအားလုံးထဲမှာ အရာအကျယ်ဆုံး၊ကိစ္စအများဆုံးဟာ
သင်္ခါရက္ခန္ဓာပဲဖြစ်ပါတယ် ။ စိတ်တခုဖြစ်တာ နဲ့ ယှဉ်တွဲပါလေ့ရှိတဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက်(၇)ပါးမှာ
သညာ၊ဝေဒနာကလွဲရင် ကျန် ဖဿ၊ဇီဝိတိနြေ္ဒ၊စေတနာ၊
ဧကဂ္ဂတာ၊မနသိကာရ (၅)ပါးစလုံးဟာ သင်္ခါရက္ခန္ဓာပဲဖြစ်ပါတယ် ။ ဒါကြောင့်လဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
သဗ္ဗေ ဓမ္မာ သင်္ခါရာ လို့ ဟောကြားတော်မူခဲ့ပါတယ်။
ခပ်သိမ်းသောတရားတို့သည် ပြုပြင်စီရင်ခြင်း၊ပြုလုပ်ခြင်းကြောင့် ဖြစ်ပျက်၊ ပြောင်းလဲနေရခြင်း
သဘောသာ ရှိသည်လို့ ဆိုလိုတာဖြစ်ပါတယ် ။
မဟာဘူတ
ဓါတ်ကြီး(၄)ပါးဟာလဲ အချင်းချင်း၊အပြန်အလှန်အမှီသဟဲပြုရင်း အတူတကွဖြစ်ပေါ်ကြပါတယ် ။ ဒီ
ရုပ် ဓါတ်ကြီးလေးပါးဟာ တဦးခြင်းကို အထည၊်ကိုယ်အနေနဲ့မရပါဘူး။ အတူတကွပေါင်းစပ်ဖွဲ့စည်းကြတော့မှ
အထည်၊ ကိုယ်အဖြစ်မှတ်ယူနိုင်ပါတယ် ။ ဒီမဟာဘုတ်ဓါတ်ကြီး(၄)ပါးကတော့ - ၁ ။ ပထဝီဓါတ်
= မာခြင်း၊ပျော့ခြင်း သဘော (မြေထု၊အထိအတွေ့ကိုယ် တို့တွင် ထင်ရှား၏) ။ ၂ ။ တေဇောဓါတ် = ပူခြင်း၊အေးခြင်းသဘော (မီးအရှိန်၊ဥတုရာသီ
တို့တွင် ထင်ရှား၏) ။ ၃ ။ အာပေါဓါတ် =
ယိုစီးခြင်း၊ဖွဲ့စည်းခြင်းသဘော (ရေထု၊ရွှံ့စေး၊ချွဲ၊သလိပ် စသည်တို့တွင် ထင် ရှား၏) ။
၎ ။ ဝါယောဓါတ် = ထောက်ကန်ခြင်း၊လှုပ်ရှားခြင်းသဘော
(လေထု၊ရွေ့လျားမှုအလုံးစုံတို့တွင်ထင်ရှား၏) ။
အမိဝမ်းထဲမှာ
ပဋိသန္ဓေနေရတဲ့အချိန်မှာ ရုပ်နဲ့နာမ်တို့ဟာ အပြန်အလှန်အမှီသဟဲပြုရင်း အတူတကွဖြစ်ကြရပါ
တယ် ။ ဘယ်လိုဖြစ်သလဲဆိုတော့ အတိတ်ဘဝက စုတိစိတ်ကျပြီးတာနဲ့ တပြိုင်နက် ပဋိသန္ဓေစိတ်ကလေးဖြစ်တယ်
။ ပဋိသန္ဓေစိတ်ဖြစ်တာနဲ့တပြိုင်နက် အတိတ်ကံအားလျော်စွာ ကမ္မဇရုပ်ကလေးစဖြစ်တယ် ။ စိတ်ကလေးနေတဲ့အိမ်ဖြစ်လို့
ဟဒယဝတ္ထုနှလုံးအိမ်လို့ခေါ်တယ် ။ အဲဒီ အစဇာတိစိတ်ကလေးနဲ့ ကမ္မဇရုပ်ဟဒယဝတ္ထုတို့ဟာ တခုကိုတခု
အပြန်အလှန် အမှီသဟဲပြုပြီး အတူဖြစ်၊အတူပျက်ကြရင်း တဖြေးဖြေးရင့်ကျက်ကြီးထွား ရုပ်အသစ်၊စိတ်အသစ်တွေ
ပွားလာကြရတာ သဟဇာတ ပစ္စယရဲ့ ကျေးဇူးပြုခြင်းပါပဲ ။
(၈၉)ပါးသောစိတ်၊(၅၂)ပါးသောစေတသိက်
တရားတွေနဲ့ ထိုစိတ်တို့ခြယ်လှယ်မှုကြောင့် ဖြစ်ရတဲ့ ဆိုင်ရာစိတ္တဇ ရုပ်တရားတွေဟာလဲ သဟဇာတပစ္စယ၏
ကျေးဇူးပြုမှုကြောင့် အတူတကွဖြစ်၊အတူတကွပျက်ကြရပါတယ် ။ စိတ်ဟာ အာရုံသိခြင်းသဘောမျှသာဖြစ်ပြီး
သူ့ချည်းသက်သက်တော့ ကုသိုလ်၊အကုသိုလ် မဖြစ်နိုင်သေးပါဘူး ။ စိတ်ကိုအရောင် ခြယ်တဲ့ စေတသိက်တရားတွေ
(အထူးသဖြင့် ကုသိုလ်စေတသိက်(၁၄)ပါး၊အကုသိုလ်စေတသိက်(၁၄)ပါး) ပူးယှဉ်လာ တော့မှ ကောင်းစိတ်၊ဆိုးစိတ်ရယ်လို့
ဖြစ်ကြရတာပါ ။ စိတ္တဇရုပ်သဘောထင်ရှားအောင်ပြောရရင် အဝေးက မိမိအိမ်ကို လှမ်းအာရုံပြုကြည့်လိုက်ပါ
။ အိမ်ဟာမိမိရှေ့မှာ မရှိပေမဲ့ ဒါအိမ်ရှေ့၊ဒါမီးဖိုချောင်စသဖြင့် ထင်ထင်ရှားရှားစိတ်မှာမြင်လာ
ရတဲ့ အိမ်ပုံသဏ္ဍာန်တွေဟာ စိတ္တဇရုပ်ပါပဲ ။ ဒီစိတ်စေတသိက်တွေနဲ့ စိတ္တဇရုပ်တွေ အတူဖြစ်၊အတူပျက်နေကြတာကိုပဲ
အတွေး၊စိတ်ကူးလို့ခေါ်ရပြီး အတွေးကောင်းလေ၊အစွဲကြီးလေ ၊ စိတ်ကူးကောင်းလေ သမုဒယဖြစ်လေနဲ့
ဘဝရဲ့ ဒုက္ခ သံသရာလည်နေကြရတာ ပုထုဇဉ်သတ္တဝါတို့သဘာဝဖြစ်ပါတယ် ။
ကျွန်တော်တို့
ရုပ်လို့သိနေကြတဲ့ အရာဝတ္ထုမှန်သမျှဟာလဲ မဟာဘုတ်ဓါတ်ကြီးလေးပါးနဲ့ ၄င်းတို့ကိုပေါင်းစပ်အစွဲ
ပြု ခေါ်ဝေါ်နေရတဲ့ ရုပ်ဓါတ်(၂၄)ပါး တို့ အတူတကွသဟဇာတဖြစ် ဖွဲ့စည်းထားတဲ့ အခြင်းအရာတွေပဲ
ဖြစ်ပါတယ် ။ သိပ္ပံ ပညာနဲ့ ဓါတ်ခွဲကြည့်တော့လဲ အလွန်သေးငယ်တဲ့ (Atom)ခေါ်တဲ့မြူမှုန်လေးတွေကိုပဲတွေ့ရပါတယ်
။ ကံ၊စိတ်၊ဥတု၊ အာဟာရ အကြောင်းတရားတို့ပြုပြင်မှုဖြင့် အမြဲပြောင်းလဲနေရတဲ့ သဘောပဲရှိပါတယ်
။
ဟဒယဝတ္ထုနှလုံးအိမ်
ရုပ်တရားလေးဟာ ပဋိသန္ဓေစိတ်နာမ်တရားလေးကို ပဋိသန္ဓေကာလမှာ သဟဇာတပစ္စယ ဖြင့် ကျေးဇူးပြုတတ်ပေမဲ့
ကျန်အချိန်တွေမှာတော့ အတူမဖြစ်ကြပါဘူး ။
အမှန်တရားကိုလိုလားသော
ချစ်စွာသောစာရှုသူ ။ မိမိခန္ဓာမှာ ဖြစ်လာသမျှသော ရုပ်တရား၊နာမ်တရားတွေဟာ တခုကိုတခု(တချို့အပြန်အလှန်အမှီပြုလျက်)အတူဖြစ်၊အတူပျက်နေကြတဲ့
ဒီသဘောတရားတွေကြားထဲမှာ အတ္တဆိုတာ ရှာလို့ကိုမရှိပါဘူးလို့ ထင်ရှားသိလိုက်ရင်ဖြင့် ငါစွဲဒိဋ္ဌိ
ပြုတ်ပါပြီ ။ ဖြစ်လိုက်၊ပျက်လိုက် ဆက်တိုက်လည်ပတ်နေရတာမို့ ပြတ်တယ်လို့လဲမဟုတ်၊မြဲတယ်လို့လဲမဟုတ်ဆိုတဲ့
အစွဲကင်းကင်း၊သံသယရှင်းရှင်းနဲ့ အားထုတ်ပွားများသွားမယ်ဆိုရင် သံသရာစက်ရဟတ် ပြတ်ဖို့ရာ
လက်တကမ်းသာလိုပါမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ။ ဝီမံသာ (၁၉-၉-၂၀၁၃)
မှတ်ချက် ။ ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့်
ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည်
။ (စာရေးသူ)
No comments:
Post a Comment