Sunday, November 18, 2018

လက္ခဏာ နှင့် ဘဝ


လက္ခဏာသည် ဘဝသံသရာ၏ ပြဌာန်းချက်တခုဖြစ်သည် ။ တနည်း မိမိမသိလိုက်သော အတိတ်ဘဝပေါင်း များစွာက ပြုခဲ့မိသည့် ကုသိုလ်၊အကုသိုလ်ကံတို့၏ အကျိုးဆက်ကို ထင်ဟပ်ဖော်ပြချက်ဟု ဆိုနိုင်ပါသည် ။ အထင်ရှားဆုံးသာဓက မှာ - လူ/သတ္တဝါအပေါင်းတို့သည် အတိတ်ဘဝတခုတွင် ဘဝကိုစွဲလမ်းခြင်း ဟူသည့် ဥပါဒါန်အစွဲ တခုကြောင့် ယခုဘဝ ခန္ဓာရရှိလာခြင်းဖြစ်သည် ။ ထို ဘဝတဏှာအရင်းခံ အကုသိုလ်တရား၏ အကျိုးဆက်အဖြစ် လူတိုင်းအတွက် သေနေ့ကို သတ်မှတ်ပြီးသားလို ဖြစ်နေရတော့သည် ။ မျက်နှာမလိုက်တတ်သော ( မွေးဖွားခြင်းရှိလျှင် သေခြင်းရှိရမည်ဟူသည့် ) လောကနိယာမတရားကြီးက လူတိုင်းကို သေမိန့်ချလိုက်ပြီးသားဖြစ်ပါသည် ။

သို့ဆိုသဖြင့် မိမိဘဝသည် ( အလုံးစုံပြဌာန်းပြီးသားကြီး ၊ မိမိဘာမှမတတ်နိုင်ပြီ ) ဟုတော့ စိတ်ဓါတ်မကျစေလိုပါ ။ သေခြင်းတရားကဲ့သို့ ဧကန်တရားကိုသာ ပြောင်းမရသော်လည်း (ကြီးစွာသောအားထုတ်မှုရှိလျှင်) သေနေ့ကိုပင် ပြောင်းပစ်နိုင်ပါသေးသည် (ဒီဃာဝုသတို့သား နမူနာ) ။ အမှန်ဆိုလျှင် ပြင်းစွာသော ဥပါဒါန်စွဲလမ်းချက် ( စုတိစိတ် ဇော(၇)ချက်တွင် ယှဉ်သော စွဲလမ်းချက်စေတသိက် ၊ ဈာန်စိတ်နှင့်ယှဉ်သော စွဲလမ်းချက်စေတသိက် ၊ ဆုတောင်း ခိုက်နှင့် ယှဉ်သော စွဲလမ်းချက် စေတသိက် စသည် .. ) တို့ကသာ မပြင်နိုင်သည့် အခိုင်အမာပြဌာန်းချက် (နတ်/လူဘဝ) စသည်တို့ကို ပေးနိုင်ပါသည် ။ လက်ရှိဘဝတလျှောက်လုံးကဲ့သို့ပင် သံသရာတလျှောက်လုံး မရေမတွက်နိုင်အောင် အမှတ်မဲ့ ပြုမိသော ကုသိုလ်၊အကုသိုလ်ကံ များစွာတို့ကား အားကြီးရာသို့လိုက်ခါ အကျိုးပေးပြောင်းတတ်သည့် သဘာဝ ရှိပါသည် ။ အတိတ်က ကောင်းကံလေးတွေ ခုဘဝ အနေအထိုင်ကြောင့် ပျက်သွားရတာရှိသလို အတိတ်က ဆိုးကံတွေ လဲ ခုဘဝအားထုတ်မှုကြောင့် ပျက်ပြယ်ရတတ်ပါသည် ။ ( တမိနစ် တရားထိုင်ရင် တပတ်စာလက္ခဏာပြောင်းတယ် ) ဟူသောဆိုစကားကို လက်တွေ့ စမ်းကြည့်ကြစေချင်ပါသည် ။

ကျနော်ငယ်စဉ်က လက်ဖဝါးပြင်အလယ်တွင် စကြာ( * ) ပုံသဏ္ဍာန် လက္ခဏာလေး (မျဉ်း၂ကြောင်းထက်ပိုသည့် ဖြတ်သန်းစုဆုံမှု) ပါခဲ့ပါသည် ။ ယင်းမှာ အတိတ်ဘဝ ကုသိုလ်ကံကြီးတွေ၏ အကျိုးဆက် (စွယ်စုံပညာ) လက္ခဏာ ဖြစ်ပါသည် ။ သို့ရာတွင် လူပျိုပေါက်စ ၁၉၈၂ ရန်ကုန်ရောက်ချိန်မှစပြီး (လွတ်လပ်စွာနေလိုသောဥာဉ်က) မိဘတို့၏ ထိန်းကျောင်းပဲ့ပြင်မှု ဝေးသွားသည်နှင့် ထင်ရာစိုင်းသည့်အဖြစ်သို့ရောက်ခါ မကောင်းသည့်အကျင့်စရိုက်များစွာကို ပြုလုပ်မိသောအခါ ထို စကြာရတနာလေး ကျနော့်လက်ဖဝါးပြင်မှ မှေးမှိန်ပျောက်ကွယ်သွားပါတော့သည် ။ ( ယခု ဘယ်လက်ဖဝါးတွင် ရေးရေးမျှသာထင်ပြီး ၊ ညာလက်ဖဝါးတွင်ကား ကြက်ခြေခတ်အမှတ်သာ ကျန်ခဲ့ပါသည် ။ 2000 ) အကုသိုလ်ရှိရာ အကုသိုလ်လာ ဆိုသည့်အတိုင်း ထိုကာလတွင် (ဥပစ္ဆေဒက) ကံ - ( မိမိကိုယ်ကိုသတ်သေခြင်း ၊ သူတပါးကသတ်ခြင်း ) ကံကြီးတွေ ဆိုက်ရောက်လာရာတွင် - ငယ်စဉ်(ဆယ်နှစ်သားခန့်က) ကိုရင်လေးဘဝဖြင့် တရားအားထုတ်ခဲ့ခြင်း ၊ (သမ္ဗုဒ္ဓေ ဂါထာတော်ကြီး)ကို ယုံကြည်အားကိုးစွာ စွဲမြဲရွတ်ဆိုလေ့ရှိခြင်း စသည့် ကုသိုလ် ကံကြီးတွေက တားမြစ်ပေးသဖြင့်သာ ယခုလို အသက်နဲ့ကိုယ် အိုးစားမကွဲပဲ (သေရွာပြန်)အဖြစ် ကျန်ရှိနေရခြင်း ဖြစ်ပါသည် ။

ထိုသို့ ကျနော်၏ ကိုယ်တွေ့ဘဝ ဥပမာလေးတွေကို အရင်းတည် ၊ သင်ခန်းစာယူကာ စာဖတ်သူအားလုံး လက္ခဏာ ကောင်းလေးတွေ မပျောက်ပျက်ကြစေရန် ၊ ကံကြမ္မာဆိုးကြီးတွေ ကင်းဝေးလွင့်ပျောက်ကြစေရန် မကောင်းမှုကို ရှောင် ၊ ကောင်းမှုကို ဆောင်ပြီး အနာဂါတ်သံသရာမှာ ဘဝအဆင့် မြင့်သထက်မြင့်ကြ ပါစေကြောင်း ဆုတောင်းလိုက်ပါသည် ။
( ဝီမံသာ )

မှတ်ချက် ။    လက်ရှိအချိန်တွင် မိဘကျေးဇူးဆပ်ခြင်း ၊ (၂၄)ပစ္စည်းမဟာပဌာန်း(နိဒ္ဒေသ)ကို အာဂုံဆောင်၊ပွားများခြင်း ၊ ပဌာန်းတရားတော်ကို မိမိနားလည်သလောက် အများသို့မျှဝေခြင်း စသည့် ကုသိုလ်အဟုန်ဖြင့် ( ငယ်စဉ်အကျင့်ဆိုး များစွာထဲမှ တခုကျန်နေသည့်ကြားက ) လက်ဝဲလက်ဖဝါးပြင် ပေါ်တွင် စကြာအမှတ်အသားလေး တစတစပြန်လည် ပုံပေါ်လာနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
18-11-2018

No comments:

Post a Comment