မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ အတိတ်ဘဝပေါင်း(၁၅၀၀)တိတိ
ဆွေမျိုးတော်ခဲ့ဖူးသော - (မိဘ)အဖြစ် ဘဝ(၅၀၀) ၊ (ဘိုးဘွား)အဖြစ် ဘဝ(၅၀၀) ၊ (ဦးလေး)အဖြစ်
ဘဝ(၅၀၀) သူတို့ထံမှာ ဝင်စားခဲ့ရသော နကုလမာတာ နဲ့ နကုလပိတာ ဇနီးမောင်နှံကို ကျေးဇူးဆပ်တရားအဖြစ်
အတိုဆုံးနိဗ္ဗာန်တရားကို ဟောကြားတော်မူခဲ့ပါတယ် ။ ဒီတရားက ( ကိုယ်နာ၍ စိတ်မနာလျှင် နိဗ္ဗာန်ရောက်တာပဲ
) တဲ့ ။ ဘုရားရှင်က နကုလပိတာကို (ဒကာကြီး အခုခန္ဓာကိုယ်က ဘယ်လိုနေပါသလဲ) မေးတော့ ( တပည့်တော်
အသက်ကြီးပြီမို့ အမြဲ နာနေပါတယ်ဘုရား ) လို့ လျှောက်တယ် ။ ဒီတော့ ဘုရားရှင်က ( ဒကာကြီး
ခန္ဓာသဘောက ဒီလိုပဲ ၊ ကြီးငယ်မဟူ နာတဲ့သဘောရှိတယ် ) ဆိုတော့ နကုလပိတာက (ဘုရား တပည့်တော်
အခု အသက်(၇၀)ကျော် ကြီးရင့်နေတာကြောင့် အတိုဆုံးနိဗ္ဗာန်တရားဟောပေးပါဆိုလို့ ဘုရားရှင်က
ဒီ တရား ( ကိုယ်နာ၍ စိတ်မနာလျှင် နိဗ္ဗာန်ရောက်တာပဲ ) ဆိုတာကို ဟောကြားခဲ့ပါတယ် ။
ဒီတရားတော်ကို ပိုမိုရှင်းလင်းအောင် ရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးက
အကျယ်ဖွင့်ပြတာကို မိုးကုတ်ဆရာတော် ဘုရားကြီး အာဘော်အတိုင်း ဖွင့်ဆိုရှင်းပြပေးသွားမှာ
ဖြစ်ပါတယ် ။ မရှင်းလင်းခဲ့ရင် ၊ ကျနော့်လိုအပ်ချက်၊ကျနော့်အမှား သာ ဖြစ်နိုင်ပါတယ်ခင်ဗျား
။
ဒီနေရာမှာ စာဖတ်သူဟာ မိမိကိုယ်ကို လူလိမ္မာပညာရှိ စိတ်ကလေး
သွင်းပြီး ဖတ်စေချင်ပါတယ် ။ အကြောင်းကတော့ လူမိုက်ဆိုရင် ကိုယ် နာလို့ နာမှန်း မသိနိုင်ပါဘူး
တဲ့ ။ ဥပမာ - ငါအိုနေပြီ ၊ ဒါပေမဲ့ အိုဇာတာကောင်းသားပဲ ၊ ဒီလိုနဲ့ နာမှန်းမသိ ။ နောက်ဆုံး
နာမကျန်းဖြစ်ပြီး အိပ်ယာထဲလဲနေတာတောင် ငါ့ ဘဏ်တိုးလေးရှိလို့ တော်သေးတယ် ဆိုပြီး နာတာကို
နာမှန်းမသိလောက်အောင် မိုက်တတ်ကြပါတယ် ။
တကယ်တော့ (ကိုယ်) ဆိုတာ ဒီဘဝရလာတဲ့ ခန္ဓာ(၅)ပါး ၊ ရုပ်၊နာမ်
တရားကြီးသာ ဖြစ်ပါတယ် ။ ဒီတရားကြီးတွေဟာ သူ့အကြောင်းတရားနဲ့သူ ဖြစ်လိုက်၊ပျက်လိုက်နေလို့မို့
မမြဲတဲ့ ၊ အစိုးမရတဲ့ ဆင်းရဲခြင်းသဘောသာရှိပါတယ် ။ အဲဒီ ဆင်းရဲခြင်း ဒုက္ခ ကိုပဲ (နာ)တယ်လို့
ဆိုတာပါ ။ ဒီ ဖောက်ပြန်တတ်တဲ့ ခန္ဓာကြီးက နာတာကို ဘာလို့ စိတ်က လိုက် နာနေရလဲဆိုတော့
ဒီ ရုပ်တရား၊နာမ်တရားတွေကို (မသိလို့) ငါ ၊ ငါ့ဥစ္စာ လို့ စွဲမှတ်နေကြတဲ့ သက္ကာယဒိဌိကြောင့်ပဲ
ဖြစ်ပါတယ် ။ ဥပမာ - လမ်းပေါ်မှာ ခွေးလေခွေးလွင့်တကောင် သေနေရင် (သြော် သနားစရာ)ဆိုတာလောက်ကလွဲလို့
စိတ်ဆင်းရဲခြင်းကြီးစွာ မဖြစ်ကြပါဘူး ။ ဒါပေမဲ့ ကိုယ်က ပိုက်ဆံပေးဝယ်ထား၊အိမ်မှာတယုတယမွေးထားတဲ့
သင်္ဘောခွေး လေး သေရင်တော့ ( ငါ့ခွေးလေး သေပါပြီ ) ဆိုပြီး ပူဆွေးသောက ဖြစ်ကြရတာ ဒါ ငါ့ဥစ္စာ
ထင်နေကြလို့ပါ ။ ကြုံလို့ တခါက ကြားဖူးတာလေး အမှတ်ရမိတယ် ။ ဦးဇင်းလေးတပါးဟာ အသုဘရှုတရားပေးတဲ့အခါ
( သြော် ဒါတွေဟာ မမြဲတဲ့ အနိစ္စသဘောတွေပဲ တရားနဲ့သာဖြေကြပါ
)လို့ ဟောလေ့ရှိသတဲ့ ။ ဒီလိုနဲ့ တနေ့မှာ ဦးဇင်းမယ်တော်ကြီး ဆုံးတော့ ကိုယ်တော်လေးရယ်
မယ်တော်ကြီးအလောင်း တစိမ့်စိမ့်ကြည့်ရင်း တရှုံ့ရှုံ့ငိုရှာသတဲ့ ။ အနားက ဒကာတယောက်က
(အရှင်ဘုရား တပည့်တော်အမေဆုံးတုံးက အနိစ္စသဘောဆို ၊ အခုလဲ တရားနဲ့ဖြေတော်မူပါဘုရား)လို့
ပြောတော့ ၊ ဘုန်းဘုန်းက (ဟဲ့ ဒကာ ၊ ဟိုဟာက နင့်အမေအနိစ္စ ၊ ခုဟာက ကိုယ်တော့်အမေအနိစ္စ
၊ မတူဘူး ဒကာရဲ့) တဲ့ ။ အဲဒါ ငါ့ဟာ ဆိုတဲ့ အတ္တနိယပါ ။
သေချာပြန်စဉ်းစားကြည့်ပါ
၊ ဒီရုပ်၊နာမ်တရားတွေမှာ ရုပ်တရားက (ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့ အကြောင်း(၄)ပါး ပြုပြင်စီရင်မှ
ဖြစ်ရတာမို့ (ငါ)လုပ်တာ ၊ ငါပိုင်တာ ဘာမှ မရှိပါဘူး ။ နာမ်တရားကလဲ(အာရုံ၊ဒွါရ)ဆိုတဲ့
အကြောင်း (၂)ပါးက လုပ်တာမို့ ငါလုပ်တာဘာမှ မရှိပါဘူး ။ ဒီလို မရှိတဲ့သဘောကို မသိလို့
ဒီဘဝ ငါ့ဘဝပဲ လို့ ၊ ဒီခန္ဓာ (ငါ)ပဲ လို့ အတ္တအယူနဲ့ စွဲမိတော့ သူ့ဟာသူ ခန္ဓာ နာတိုင်း
စိတ်က လိုက် နာနေရပါတော့တယ် ။ ဒီအတ္တ၊အတ္တနိယဒိဌိ မပြုတ် သမျှတော့ ကိုယ်နာတိုင်း စိတ်နာနေမှာပါ
။ ခန္ဓာ(၅)ပါး နာပုံကို ဥပမာလေးတွေနဲ့ ရှင်းပြပါ့မယ် ။
ရူပေက္ခန္ဓာ - ငါ ဆိုရင် သူတပါး လဲ ပါတယ်နော် ။ ဒီတော့ သူတပါး
လုပ်လိုက်လို့ ခေါင်းကွဲလာတယ် ။ ဒီကောင် ငါ့ လုပ်ရက်လေခြင်းလို့ စိတ်ဆိုး၊ဒေါသဖြစ်မယ်
။ ဒါ ငါ၊သူတပါး အစွဲနဲ့ စိတ်နာတာပေါ့ ။ ကိုယ်(ခေါင်း)က အကြောင်းဆုံလို့ ကွဲတယ်၊နာတယ်
။ တခါ လုပ်သူရဲ့ (လုပ်မှု ကံ) ဆိုတဲ့ အကြောင်းကိုလဲ သူတပါးလို့စွဲပြီး စိတ်နာ၊စိတ်ဆိုးမယ်
။ ဒေါမနဿ စိတ်ဆိုး၊စိတ်ဆင်းရဲခြင်း ၊ သောက(ငါသေတော့မှာပဲ)ဆိုတဲ့ စိုးရိမ်ခြင်း ၊ ပရိဒေဝ(ပြင်းစွာပူဆွေးခြင်း)
၊ ဥပါယာသ (ကြိတ်မနိုင်ခဲမရ) မခံချိမခံသာ ဖြစ်ခြင်း ။ ဒီ စိတ်အနာတွေ ( ဒေါမနဿ ၊ သောက
၊ ပရိဒေဝ ၊ ဥပါယာသ ) ဆိုတာတွေကို (မသိခြင်း) အဝိဇ္ဇာ ဦးစီးလာတော့ အဝိဇ္ဇာ၊သင်္ခါရ၊ဝိဥာဏ်----
ကမ္မဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် သံသရာလည်ပြီး ကိုယ့် ကိုယ်နာပျောက်ကြောင်း အရင်(ဆေးမကုနိုင်ပဲ)
ပြန်ချ၊ပြန်လုပ် ၊ ရှုပ်ကုန်တော့တာပါပဲ ။ ဒီလိုပဲ ကိုယ့်ဟာကိုယ် ရောဂါဖြစ်လဲ စိတ်အေးအေးနဲ့
ဆေးကုခံတာထက် စိတ်တို၊စိတ်ဆိုးနေတာနဲ့ မိအေး(၂)ခါနာတွေ ဖြစ်ရတော့တာပါပဲ ။
ဝိဥာဏက္ခန္ဓာ - (မြင်စိတ်၊ကြားစိတ်) စသည်တို့ သူ့ဟာသူ အာရုံ(အဆင်း၊အသံ)နဲ့
ဒွါရ(စက္ခုအကြည်၊နားအကြည်) စသည် တိုက်ပြီး ဖြစ်လာရတာကို (ငါ့စိတ်ငါသိတယ်နော် ၊ အမြင်မတော်တာတွေ့လို့ကတော့
လုပ်ပစ်လိုက်မယ် ငါ့ဘာမှတ်လဲ) အဲလို ငါစွဲနဲ့ ဝင် စိတ်နာနေတာနဲ့ ပြဿနာတွေ တက်ကုန်ကြတာပါပဲ
။
သညာက္ခန္ဓာ - ( မှတ်သားမှု ) သူ့ဟာသူ မှတ်တုန်းကတမျိုး ၊ အကြောင်းမသင့်လို့အမှတ်မှားပြီး
ကုန်ရှုံးရတဲ့ သညာရဲ့ ဖောက်ပြန်မှုအနာကို ငါထင်ပြီး ( ငါမှတ်တုန်းက အကောင်းပါ ၊ ဒီသောက်ဟာတွေဝင်ရှုပ်လို့
မှားရောင်းမိပြီ ၊ ကုန်ပါပြီ ငါ့ပစ္စည်းတွေ ) ဒီလို စိတ်ကထပ်နာတော့ ဒုက္ခမငြိမ်းတော့ဘူးလေ
။ ဒုက္ခမငြိမ်းမှတော့ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ချမ်းသာ ဘယ်ရတော့မှာလဲ ။
ဝေဒနာက္ခန္ဓာ - ( သောမနဿ ၊ ဒေါမနဿ ၊ ဥပေက္ခာ ခံစားစိတ် ) ကိုယ့်ဟာကိုယ်
အငြိမ့်မင်းသမီးလေးကြည့်ပြီး သုခဝေဒနာလေးနဲ့ တငြိမ့်ငြိမ့်ခံစားနေတာ - ဗြုံးဆို ခြေထောက်ခွေးဆွဲတော့
နာကျင်တဲ့ ဒုက္ခဝေဒနာ ရောက်လာ ၊ ချမ်းသာလေးပျောက်သွားတော့ ဒီသောက်ခွေးဝင်ရှုပ်လို့ ငါ့ဖီလင်လေး
ပျက်ပါပြီ ဆိုပြီး ခွေးပိတ်ကန်ပစ်လိုက်တယ် ။ (ချမ်းသာလိုက်၊ဆင်းရဲလိုက်) အတည်မရှိပြောင်းလဲတတ်တဲ့
ဝေဒနာရဲ့ နာခြင်းသဘောကို ငါနာတယ်လို့ စိတ်က
ထပ်နာလိုက်တော့ အကုသိုလ်ကံတွေပါ ထပ်ဖြစ် ။ ဘယ်မှာ အေးငြိမ်းရာ ရတော့မှာလဲနော် ။
သင်္ခါရက္ခန္ဓာ - ( ပြုပြင်စီရင်ခြင်း ၊ စေတနာ ) မိဘက ကောင်းစေချင်လို့
စေတနာနဲ့ ပြောတာ ၊ လုပ်ပေးတာ ၊ နင်တို့ ငါ့စေတနာကို စော်ကားရက်တယ် --- သြော် မေတ္တာစိတ်နဲ့
စေတနာကောင်းလေးနဲ့ ကုသိုလ်အမှုလေးပြုပြီးကာမှ ငါဝင်ကပ်လိုက်တာ ငါ့စေတနာ ဆိုပြီး အတုံ့အပြန်မရတော့
စေတနာကောင်းလေးပျောက် ၊ ဒေါမနဿ၊သောက၊ ပရိဒေဝတွေ ရောက်နေရရှာတဲ့ ကျနော်တို့မိဘတွေ ၊
ကျနော်တို့တွေ - (စေတနာလဲ ငါမဟုတ်)လို့ တွေးနိုင်မှ စိတ်နာတာပျောက် ငြိမ်းအေးရာရောက်မှာပါ
။ သူမကောင်းလို့ ကိုယ်စိတ်ဆိုးရတယ်ဆိုတာ သံသရာမပြတ်တဲ့ နှစ်ခါနာကြီးပါဗျာ ။
ဒီတော့ကာ ကိုယ်နာတိုင်း (ငါအမှတ်နဲ့) စိတ်က နာနေမယ်ဆိုရင်
သောက၊ပရိဒေဝ၊ဥပါယာသ - စတဲ့ အဝိဇ္ဇာဦးစီးတဲ့ တရားတွေသာ ဖြစ်လာပြီး နိဗ္ဗာန်နဲ့အလှမ်းဝေး
၊ ဒုက္ခသံသရာ လည်ပတ်နေရဦးမှာမို့ ကိုယ်နာတိုင်း စိတ်မနာအောင် နေတတ်တဲ့အကျင့်ကို ကျင့်သင့်ပါတယ်
။ ဘယ်လိုကျင့်ရမှာလဲဆိုတော့ လူလိမ္မာတို့ အကျင့်ဖြစ်တဲ့ ဝိပဿနာ တရား အားထုတ်တဲ့သူဟာ
ဒီခန္ဓာကြီးက သူ့အကြောင်းနဲ့သူ ဖြစ်လိုက် ၊ ပျက်လိုက်နဲ့ အတည်မရှိတဲ့ ဆင်းရဲဒုက္ခ အနာတွင်းကြီး
ဆိုတာကို သိလာပါလိမ့်မယ် ။ ပြီးရင် ဒီခန္ဓာကြီးကို သူ့အကြောင်းတရား သူ့ဟာသူဖန်တီး ၊
သူ့အကြောင်းတရားက သူ့ဟာသူ ဖျက်ဆီးတတ်တဲ့သဘောရှိလို့ ငါဖန်တီးလို့မရတဲ့ ၊ ငါ့ဆွေမျိုးမဟုတ်တဲ့
၊ လာချင်တဲ့အချိန်လာ ၊ ပြန်ချင်တဲ့ အချိန် ပြန်သွားတတ်တဲ့ (တစိမ်း၊ဧည့်သည်) တယောက်လိုသာ
သဘောထားပြီး ကြည့်ပါ ။ (တစိမ်းက ပြောတာ ဘာမှ မဖြစ်ဘူး ၊ ငါ့အမျိုးအရင်းက ပြောလို့ ပိုနာတာ)
ဆိုတဲ့အတိုင်း နာနေမှာစိုးလို့ပါ ။ ဒီလို တစိမ်းကြည့် ကြည့်ပါများလာရင် ဒီခန္ဓာကြီး
သူ့ဟာသူနာနေတာ ငါ ၊ ငါ့ဟာ မဟုတ်လို့ ဘာမှ နာနေစရာမလို ဆိုတဲ့ ဒိဌိစွဲလေး တဖြေးဖြေးလျော့လာပြီ
ဆိုတာနဲ့ ပထမအဆင့် ဝိပဿနာမဂ်ဥာဏ် ဝင်လာ ၊ ထိုမှနောက် အာရုံတက်တာနဲ့ နေထွက်မှာသေချာနေသလို
သောတာပတ္တိမဂ်ဥာဏ် -- စသည့် လောကုတ္တရာ မဂ်ဥာဏ်တွေက သံသရာကိုဖြတ် ၊ အပါယ်တံခါးကို ပိတ်ပြီး
နိဗ္ဗာန် တံခါး အလိုလိုပွင့်လာမှာမို့ ကျန်တာတွေအသာထား ၊ ဝိပဿနာအကျင့်ကိုကျင့်ပြီး ကိုယ်နာတိုင်းစိတ်မနာရအောင် ( ကိုယ့်ခန္ဓာကိုယ် တစိမ်းလို နေကြပါ ) ဟု
စေတနာဖြင့် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ ။
( ဝီမံသာ
) 24-1-2018
No comments:
Post a Comment