ပထမပညာရှိက - ကြံကို အဖျားမှစကာ တရွေ့ရွေ့အရသာတိုး၍ ခံစားရင်း စားရခြင်းက
ပိုကောင်းသည် ဟု ပြောသည် ။
ဒုတိယပညာရှိက - ကွေးသောလက်မဆန့်မီ ၊ ဆန့်သောလက်မကွေးမီ မမြဲသောသဘောကို
သတိမမူသလော ၊ ပိုချိုသောအရင်းမှစ၍ စားသင့်သည်ဟု ပြောသည် ။
ပထမပညာရှိက - အသင့်စကားက ပိုမှန်ကန်သင့်မြတ်ပါပေသည် ။ တဲ့ ….
၂ ။ ဒါန ၊ သီလ ၊ ဘာဝနာ ဟု မြတ်ဗုဒ္ဓဒေသနာစဉ်တွင် ရှိသည် ။ အများစုက . . .
ဒါနကို အဦးထားဟောသည် ၊ နောက်မှ သီလ ၊ နောက်ဆုံးမှ ဘာဝနာ ၊
ထိုအစဉ်အတိုင်းသာ ဟောလေ့ရှိကြသည် ။
တချို့ဆို လာဘမက်ပြီး ဒါနသက်သက်သာ ဟောကြပြန်သည် ။
ကွေးသောလက်မဆန့်မီ … မမြဲသောအချိန်တွေက နဲလှပါသည် ။
ပိုချိုသော အမြတ်ဆုံးတရား အဦးမထားသင့်ပေဘူးလား ။ (ကျနော့်အတွေးမျှသာ)
၃ ။ ဆင်းရဲသောနိုင်ငံများနှင့် ချမ်းသာသောနိုင်ငံများ ကွာဟချက်မှ အကြောင်းတချက်ကို
သတိထားမိသည် ။
ချမ်းသာသောနိုင်ငံများတွင် ကိုးကွယ်ယုံကြည်မှုကို အဓိကအရာမထားတတ်ကြ ၊
ကိုယ်လုပ်ရင်ကိုယ်ရမယ်ဆိုသော ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်မျိုး ပိုရှိသည် ။
ဆင်းရဲသောနိုင်ငံများကား ကိုးကွယ်ယုံကြည်မှုကို အဓိကထားကာ
ဒီဘဝကောင်းဖို့ထက် နောင်သံသရာဘဝကောင်းဖို့(လွတ်မြောက်ဖို့မဟုတ်သေး)
ပိုအလေးထားတတ်ကြသည် ။ ကံကိုသာ ပိုအားကိုးသည့်သဘော ။
ကျနော်တို့နိုင်ငံသည် ဒုတိယအတန်းအစားထဲတွင်ပါနေသည် ။ သို့သော်
ထူးဆန်းသည်မှာ ထို ချမ်းသာသော နိုင်ငံများမှ တိုးတက်သောပညာတတ်များ
ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်ယုံကြည်လာလျှင် - ရဟန်းဖြစ်သည်နှင့်
တပြိုင်နက် တန်းပြီးတရားအားထုတ်တော့သည် ။ ဝိပဿနာရှုတော့သည် ။
ကိုးကွယ်မှုကို အဓိကမထားသော ထိုလူချမ်းသာများသည် အဘယ့်ကြောင့်
ဒါန ၊ သီလ ကို အဆင့်ကျော်ကာ ဘာဝနာဆီ တန်းသွားကြပါသနည်း ။
၎ ။ အကြောင်းရှိသည် ။ သူတို့သည် အယူအဆတခုကို သူများပြောနှင့် ရမ်းမယုံတတ် ၊
သေချာ ထောင့်စေ့အောင် လေ့လာပြီး မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီးမှ
လက်ခံယုံကြည်တတ်သော (ဘုရားအကြိုက် အတ္ထာဟိအတ္ထနော) သမားများပင်တည်း ။
ဗုဒ္ဓတရားတော်များသည်လဲ ထိုသို့အစမ်းသပ်ခံ ဧဟိပဿိကော ဂုဏ်တော်ဖြင့်ပြည့်စုံလေရာ
ထို လူချမ်းသာ၊ပညာတတ်၊ဘာသာပြောင်းများအတွက် အချိုရှာသကာတွေ့
ဖြစ်ရလေတော့သဖြင့် အချိုဆုံး အရင်းမှ စကာ စားကြလေခြင်း ဖြစ်တန်ရာပါသည် ။
၅ ။ ကျနော်တို့မြန်မာလူမျိုးများခမျာမတော့ -
ကိုးကွယ်ယုံကြည်မှုမှာတင် လမ်းဆုံးနေသည် ။ ဒါန ၊ သီလ မှာတင် လမ်းဆုံးနေသည် ။
ဒါတောင် အဓိသီလ စသည့်အဆင့်တွေ မရောက်တတ်သေး ။
သာမညဒါန ၊ သာမညသီလအဆင့်နှင့် ဗုဒ္ဓဘာသာဝင်အခေါ်ခံနေရရှာသည် ။
ကောင်းမှုတွေလုပ်ရင်း ၊ အလှူတွေပေးရင်း ၊ ဆင်းရဲတွင်းနက်နေရရှာသည် ။
မလှူနှင့် မပြော ၊ မလှူတတ်သောကြောင့် အကျိုးပေးမရေရာဖြစ်ရသည်ကို ဆိုလိုခြင်းသာ ။
ထိုသို့ ဗုဒ္ဓ၏အမြတ်ဆုံးတရားကို သေချာမသိကြရှာသည့် သနားစရာ
ဗုဒ္ဓဘာသာမြန်မာလူမျိုးများကို ပြောပြချင်သဖြင့် ဒီစာကိုရေးလိုက်ရပါသည် ။
၆ ။ တကယ်တော့ … ဒါနထက် သီလက ပိုမြတ်သည် ၊ သီလထက် ဘာဝနာက များစွာမြတ်သည် ။
ဆိုသည့် ဘုရားဟောလောက်ကိုမျှ ရှင်းလင်းဟောပြဖော်ရသည့် ဆရာတော်ကြီးများပင်
လက်ချိုးရေလို့ရအောင် နဲလွန်းလှသည် ။ ဟောပြန်တော့လဲ နာသူတွေက …
ဘာဝနာဆိုတာ တို့အရာမဟုတ်သေးပါဘူးကွာ ၊ စားဝတ်နေရေးနဲ့ လုံးပမ်းနေရလို့
မအားသေးပါဘူးကွာ ၊ တို့အဆင့်နဲ့ နိဗ္ဗာန်မရောက်နိုင်သေးလို့ နောင်ဘဝကောင်းစားရေး
ဒါန၊သီလလေး ပဲ လုပ်လိုက်ပါဦးမယ် ဆိုသူတွေက များပါသည် ။
(ဘာဝနာ)ဆိုသည်မှာ အမှန်တော့ တိုးတက်သောနိုင်ငံတွေက အင်မတန် တန်ဖိုးထားသော
(ပညာ) ၏ အကြောင်းရင်း ၊ လောကီအစီးအပွားတို့၏ ဇစ်မြစ် (Concentration ) ခေါ်
(သမာဓိ)ရကြောင်း အကျင့်ပေတည်း ။
၇ ။ ဒါန၊ သီလ၊ ဘာဝနာ ကို အယုတ်၊အလတ်၊အမြတ်အားဖြင့် ပိုင်းခြားပုံအကျဉ်းမျှ ရှင်းပါမည် ။
သီလက အဘယ့်ကြောင့် ဒါနထက် မြတ်သနည်း -
သူ့အသက်မသတ်ဟု စောင့်စည်းလိုက်ခြင်းဖြင့် သူ့အသက်ကို သူ့ဆီပေးလှူလိုက်သော
(ဇီဝိတဒါန)အလှူ မြောက်ပြီးသားဖြစ်ပါပြီ ။ အထူးတလည် အားစိုက်လှူစရာမလိုပဲ
အလိုလိုအလှူမြောက်သွားသဖြင့် သာမညဒါနထက် ပိုမြတ်နေပါပြီ ။
ကျန် (သီလ)များကို ထိုနည်းတူ ဆက်စပ်စဉ်းစားကြည့်ပါ ။
ဘာဝနာက သီလထက် ပိုမြတ်ပုံ -
သမထ(အနုဿတိဆယ်ပါး စသည်..) ၊ အနုပဿနာ ၊ ဝိပဿနာ ဘာဝနာတခုခု ပွားနေစဉ် -
စိတ်ကလေးသည် တနေရာထဲမှာ စူးစိုက်တည်ကြည်နေ၏ ၊ တခြားသို့ အာရုံမသွား ၊
ထို့ကြောင့် ခြင်လေး လာကိုက်သော်မှ အမှတ်မထား ၊ ဒေါသမပွား ၊ မသတ်ဖြစ်ခဲ့ပါ ။
သီလလုံခြုံသွားပေပြီ ။ ဘုရားရှေ့ ၊ သံဃာတော်ရှေ့ အာမဘန္တေခံပြီးမှ
တမင်အောင့်အည်း စောင့်စည်းရခြင်းမျိုးမဟုတ် ၊ အလိုလို စောင့်ထိန်းပြီး
ဖြစ်နေသောကြောင့် အမြတ်ဆုံးသီလ (အဓိသီလ)ဖြစ်နေတော့၏ ။
၈ ။ ထို့ထက်ပို၍ မြတ်သောအခြင်းအရာတခု -
ဘာဝနာပွားများစဉ် စိတ်ကလေးသည် သမာဓိရပြီး တည်ငြိမ်နေချိန် -
လောဘ ၊ ဒေါသ ၊ မောဟ စသည့် ကိလေသာအပူတွေ မကပ်နိုင် ၊
ထို ငြိမ်းအေးသောစိတ်သည် အလွန်ကြည်လင်၏ ၊ သွေးလည်ပတ်မှုကို
ကောင်းစေ၏ ၊ ဦးနှောက်မှတ်ဥာဏ်တို့ ပိုမိုရှင်းလင်းထက်မြက်လာ၏ ။
အတိတ်စွန်း ၊ အနာဂါတ်စွန်းသို့မရောက်ပဲ ပစ္စုပ္ပန်တည့်တည့် တည်နေသော
ထိုစိတ်ကလေးသည် ပို၍သဘာဝကျကျ အမှန်အတိုင်း စဉ်းစားနိုင်လာ၏ ။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည် ဟူသော အစိုးရသည့် စိတ်တမျိုးဖြစ်လာ၏ ။
ထို့ကြောင့် ပိုမိုစိတ်ထိန်းလာနိုင်ပြီး အသိဥာဏ်အဆင့်အတန်း မြင့်မားလာ၏ ။
(ပညာ) ၏ ရှေ့ပြေးတို့ ဝင်လာချေပြီ ။
ပညာဦးဆောင်ပြီး ကြည်လင်သောစိတ်ဖြင့် ပြုသမျှ ကောင်းမှု၊အလှူတော်တို့သည်
ပါရမီထိုက်သော အမြတ်ဆုံးပရမတ္ထဒါနကြီးပင် ဖြစ်တော့သည်ဧကန်တည်း ။
၉ ။ တည်ကြည်သောစိတ်ကို ပညာက ရှေ့ဆောင်လာသောသူအား
လောကီ၊လောကုတ္တရာ ၊ ပစ္စုပ္ပန်၊သံသရာ အဘယ်မှာ မအောင်မြင်ရှိတော့မည်နည်း ။
ထိုသို့ ဘာဝနာသာလျှင် အမြတ်ဆုံးရှိသော မြတ်ဗုဒ္ဓ၏တရားသည်
မအောင်မြင်သူတို့၏ တရားမဟုတ် ၊ ကျွန်တို့၏ တရားမဟုတ် ၊
စိတ်ဓါတ်အောက်တန်းစားတို့၏ တရားမဟုတ် ၊ သိမ်ငယ်သူတို့၏ တရားမဟုတ် ၊
အောင်မြင်သူ၊ အထက်တန်းစား ၊ ကြီးမြတ်သူ၊ သခင်တရားတည်း ။
တို့မြန်မာ ဗုဒ္ဓဘာသာဝင်တွေ - ထိုအမြတ်ဆုံးတရား (ဘာဝနာ)ကို ရှာဖွေလျက်
ကိုယ်တိုင် ကျင့်ကြံ လုံ့လစိုက် အားထုတ်ကာ
အောင်မြင်သူ လူမျိုး ၊ အထက်တန်းစား လူမျိုး ၊ သခင်မျိုး ၊ အမျိုးမြတ်သူ တို့
ဘဝအချိန်မနှောင်းခင် ဖြစ်နိုင်ကြပါစေကုန်သတည်း ။
( ဝီမံသာ ) 12.12.2017
No comments:
Post a Comment