Friday, November 17, 2017

ဝိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ (စာမိတ်ဆက်)

ကျနော်နှင့်တရားဆွေးနွေးလေ့ရှိပြီး သဘောထားခြင်းအတော်တိုက်ဆိုင်သော ဗုဒ္ဓ ၊ ဓမ္မ စာရေးသူ (နေမျိုးသောင်း) ထံမှ အထက်ပါခေါင်းစဉ်ဖြင့် စာမူကြမ်းတခု ရရှိလာပါသည် ။ ကျနော်တို့ဆွေးနွေးလေ့ရှိခဲ့သော အကြောင်းအရာလဲဖြစ် ၊ ကျနော်လဲအကုန်အစင်ဖတ်ရှုပြီးဖြစ်သော ထိုစာမူကို တရားကိုလိုလားသော စာဖတ်သူတို့ ဖတ်ရှုနိုင်ကြစေရန် ကောင်းနိုးရာရာကောက်နှုတ်ဖော်ပြသွားမည် ဖြစ်ပါသည် ။     ( ၀ီမံသာ )

( ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ ပူဇေမိ )
ဂင်္ဂါဝါဠုသဲစုမက ပွင့်ထွန်းတော်မူသွားကြကုန်သော မြတ်ဗုဒ္ဓဘုရားရှင်အဆူဆူတို့ ဟောကြားတော်မူသွားကြတဲ့ တရားဦးဓမ္မစကြာဒေသနာတော်ကို ယထာဘူတသဘာဝကျကျ နည်းနာနိသျတို့ဖြင့် ဘာသာဋီကာပြန်ဆိုသွားမည် ဖြစ်ပါတယ် ။ အဲဒီလိုဘာသာပြန်ဆိုရာတွင်လဲ အခက်အခဲပေါင်းများစွာ ၊ စိမ်ခေါ်မှုအ၀၀တို့နဲ့ တွေ့ကြုံရမယ်ဆိုတာ ကြိုတင်သိမြင်ထားပါတယ် ။ ဒါ ဘာ့ကြောင့် ဤကဲ့သို့ ဖြစ်နိုင်သလဲ ဖြစ်နိုင်မှာလဲဆိုရင် အယူအဆတွေ ၊ သဘောတရား တွေနဲ့ ဘာသာပြန်ဆိုမှုတွေ မတူညီကြလို့ဖြစ်တယ် ။ ပရိယတ္တိဓမ္မနည်း ၊ ဒေသနက္ကမနည်း ၊ ပိဋကတ္တယနည်းတို့ဖြင့် ဖွင့်ဆိုထားကြကုန်သော ဓမ္မစကြာဘာသာပြန်နိသျ ကျမ်းစာအုပ်တွေနဲ့ တရင်းတနှီးလေ့လာလိုက်စား သင်ယူကျက်မှတ် ထားကြကုန်သော သုတေသီပုဂ္ဂိုလ်အပေါင်းတို့နဲ့ ယထာဘူတသဘာဝတ္ထနည်းနိသျည်းဖြင့် ဘာသာဋီကာပြန်ဆိုထား သော တရားဦးဓမ္မစကြာ မြန်မာဘာသာပြန်စာအုပ်လေးသည် အလွန်စိမ်းစိမ်းပြင်ပြင်ဖြစ်နေလိမ့်မယ် ၊ လက်ခံနိုင်ခဲလိမ့် မယ် ၊ သိနားလည်ရန်ခက်ခဲလိမ့်မယ်ဆိုတာ စာရေးသူကြိုတင်သိမြင်ယူဆထားပြီး ဖြစ်ပါတယ် ။ - - - - - - - - -  
     ဒီလို နားမလည်နိုင်ဖြစ်မယ်ဆိုတာ ယထာဘူတသဘာဝလဲကျပါတယ် ။ မှန်ပါသည် ၊ လောကသားဝေနေယျ အများတို့ သည် သဘောတရားအဓိပ္ပါယ်တို့နှင့်တကွ မိမိတို့ကျွမ်းကျင်နိုင်နင်းစွာ ကိုင်တွယ်နေကျ ၊ သုံးဆောင်နေကျ ၀တ္ထုပစ္စည်း များကို အကျွမ်းတ၀င်ရင်းနှီးမှု၊သိနားလည်မှုရှိပြီး အလွယ်တကူလက်ခံသဘောကျနိုင်ကြသော်လည်း ယခုမှ အသစ် အဆန်း တွေ့ရှိကြရသော ၀တ္ထုပစ္စည်းတို့ကို စိမ်းစိမ်းပြင်ပြင်ဖြစ်ပေလိမ့်မယ် ။ - - - - - - -  နီးစပ်မှု ၊ လေ့လာမှု ၊ တွေ့ကြုံမှု များများရလာကြပါမှ အကျွမ်းတ၀င်ခင်မင်ရင်းနှီးပြီး သဘောတရားအဓိပ္ပါယ်တို့ကို စမ်းဝါးမိကာ လက်ခံလာနိုင် ကြမှာဖြစ်တယ် ။ - - လောကနိယာမ - ဓမ္မနိယာမ - ဗုဒ္ဓနိယာမ အစရှိသည်တို့တွင် ဗုဒ္ဓနိယာမ ၊ ဗုဒ္ဓ အ၀ိဇဟိတ တို့ကို တင်ပြလိုပါတယ် ။ 
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည် လေးအသင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီတွေ ဖြည့်၊ဆည်းပူးကြရပါတယ်။ ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ကျတော့ တစ်အသင်္ချေကမ္ဘာတသိန်း ပါရမီတွေဖြည့်ဆည်းကြရပါတယ် ။ အဂ္ဂသာဝကကြီးများ မှာတော့ ကမ္ဘာတသိန်း ပါရမီဖြည့်ကြရပါတယ် ။ - - - ဗုဒ္ဓရှင်တော်မြတ်ကြီးတို့မည်သည် ဗြဟ္မာမျိုးနွယ်၊ဗြဟ္မာပြည်ဝယ် ပွင့်ထွန်းတော်မူရိုး ထုံးစံအစဉ်အလာလဲ မရှိခဲ့ခြင်း ၊ - - နတ်ပြည်ခြောက်ထပ်မှာလဲ ပွင့်ထွန်းတော်မူရိုး ထုံးစံမရှိခြင်း ၊ လောကီလူ့ဘုံတွင် မနုဿ လူသားမျိုးနွယ်မှ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အစစ်ဖြစ်ခါ ပွင့်ထွန်းတော်မူလာကြရတဲ့ အစဉ်အလာ ရှိတော်မူခြင်း ၊ လူသားမျိုးနွယ်မှာမှ - - မဟာသမ္မတမင်းမျိုး ၊ မဟာမျိုးမဟာနွယ်တို့မှ မွေးဖွားလာသော လူသာလျှင်ဖြစ်ရိုး အစဉ်အလာရှိတော်မူရခြင်း ၊ (လူ့လောက အခြားနေရာမှာမဖြစ်ပဲ အိန္ဒိယတိုက်ငယ် မဇ္ဈိမဒေသ  ဗဟိုအချက်အခြာ မြေမဟာမှ ဗောဓိမဏ္ဍိုင်မြေဦးခိုင် ၌ သမ္မာသမ္ဗုဒ္ဓ ဘုရားမြတ်စွာအဆူဆူတို့ ပွင့်ထွန်းပေါ်တော်မူကြရိုး အစဉ်အလာကြီး ရှိခဲ့ကြတာဖြစ်ပါတယ် ။) - - - -
          ပညာဓိကဘုရား ၊ သဒ္ဒါဓိကဘုရား ၊ ၀ီရိယဓိကဘုရား စသည်ဖြင့်သုံးမျိုးရှိရာတွင် ပညာဓိကဘုရား အလောင်းတော်ကြီးတို့သည် သုခပဋိပဒါခိပ္ပါဘိညာ ကျင့်စဉ်တော်စရဏဖြင့် တရားဓမ္မကိုဆင်ခြင်သုံးသပ်တော်မူရာတွင် (၁)ရက်မှ(၇)ရက်အတွင်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်ကြီးကို ပစ္စယာလိုင်း၊နိရောဓလိုင်းတို့ဖြင့် အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ကာ နိရောဓလိုင်းအဆုံးဝယ် အာသဝေါတရားကုန်ခမ်းတဲ့ ဘုရားရှင်အစစ် ဖြစ်တော်မူသွားကြပါတယ် ။ သဒ္ဒါဓိကဘုရားအလောင်းတော်ကြီးတို့မှာလည်း သုခပဋိပဒါခိပ္ပါဘိညာ ကျင့်စဉ်တော်စရဏဖြင့် တရားဓမ္မကို ဆင်ခြင် သုံးသပ်ရာတွင် (၇)ရက်မှ(၁)လအတွင်း - - - နိရောဓလိုင်းအဆုံးဝယ် အာသဝေက္ခယဥာဏ် ရရှိတော်မူကြပြီး ဘုရားရှင် အစစ် ဧကန်ဖြစ်တော်မူသွားကြပါတယ် ။
ဝီရိယဓိက ဘုရားအလောင်းတော်ကြီးတို့ကျတော့ - ဒုက္ခပဋိပဒါဒန္တာဘိညာ ကျင့်စဉ်တော်စရဏအတိုင်း ကမ္မဌာန်း(၄၀)မှ အနုဿတိကမ္မဌာန်း တမျိုးမျိုးကိုအားပြုပြီး အပြင်းအထန် တုဘက်မရှိ သော လုံ့လ၀ီရိယတို့နဲ့ (၁)လမှ(၆)လ ၊ ၄င်းမှအထက် (၁)နှစ် ၊ (၂)နှစ် ထိုမှအထက် စသဖြင့် အားထုတ်တော်မူကြရ ပါတယ် ။
အချိန်တွေကြာညောင်းလာသည့်တိုင် တရားထူးကိုမရရှိကြသေးတဲ့အတွက် ရရှိနေသောတရားတို့ကိုလဲ နှစ်သက်မှုမရှိ ကြသည့်အတွက် မူလအားပြုရာ ကမ္မဌာန်းကို စွန့်လွှတ်၊စွန့်ခွာလျက် တရားဓမ္မကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၏ ပစ္စယာလိုင်းနှင့် နိရောဓလိုင်းကို တွေ့သွားကြပါတယ် ။ ပစ္စယာလိုင်းကို အပြန်ပြန် အလှန်လှန် ဆင်ခြင်သုံးသပ်တော်မူပြီးနောက် နိရောဓလိုင်းအား ကူးပြောင်းဆင်ခြင်သုံးသပ်ရာတွင် နိရောဓလိုင်း အဆုံးဝယ် အာသဝေက္ခယဥာဏတော် ရရှိပြီး ဘုရားရှင် စင်စစ် ဧကန်ဖြစ်တော်မူသွားကြတာ ဖြစ်ပါတယ် ။ - - -
          ထူးခြားတာက ပညာဓိကဘုရားဖြစ်ဖြစ် ၊ သဒ္ဒါဓိကဘုရားဖြစ်ဖြစ် ၊ ၀ီရိယဓိကဘုရားဖြစ်ဖြစ် မည်သည့် အကျင့် စရဏမျိုးနဲ့ကျင့်သည်ဖြစ်စေ နောက်ဆုံးမှာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်ကြီးကို ပစ္စယာလိုင်း၊နိရောဓလိုင်းတို့ဖြင့် အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ကာ နိရောဓလိုင်းအဆုံးဝယ် အာသဝေါတရားကုန်ခမ်းတဲ့ ဘုရားရှင်အစစ် ဖြစ်တော်မူသွားကြရတာ အတူတူပင်ဖြစ်ပါတယ် ။ ဤဖြစ်စဉ်တို့သည်ပင် ဗုဒ္ဓနိယာမ ဖြစ်ရိုးအစဉ်အလာကြီးတွေပဲ ဖြစ်ပါတယ် ။          
( နေမျိုးသောင်း )

( ဆောင်းပါးပုံစံဖြင့် ဖော်ပြရသည်ဖြစ်၍ အပိုင်းငယ်များခွဲကာ ဆက်လက်ဖော်ပြပါမည် ။ ၀ီမံသာ )


         
( ငြင်းချက်ထုတ်ခြင်း ) - ပညာဓိကမြတ်စွာဘုရားကလေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်။သဒ္ဓါဓိကမြတ်စွာဘုရားကရှစ်အသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်။ ဝီရိယဓိစကမြတ်စွာဘုရားကတစ်ဆယ့်ခြောက်ေအသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်။ ပစ္စေကဗုဒ္ဓများကြတော့နှစ်အသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်။အဂ္ဂသာဝကတစ်အသင်္ချေနဲ့
ကမ္ဘာတစ်သိန်း။မဟာသာဝက က ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်။ (ရေးသူအမည်မမှတ်မိ)

( ရှင်းချက်ထုတ်ခြင်း ) - စာရေးသူကြိုတင်ပြောထားသည်ကို မိမိနားလည်သလိုပြောရလျှင် ဒေသနာနည်း၊ပိဋကတ်စာပေနည်းတို့ဖြင့် မဟုတ်ပဲ သဘာဝတ္ထနည်းဖြင့်ဖွင့်ဆိုမည်ဟုဆိုထားသည့်အတွက် မတူညီသောတချို့အချက်များအတွက် အငြင်းပွား စရာမလိုဟု ယူဆရပါသည် ။ ဂေါတမမြတ်စွာဘုရားမှာ လေးအင်္သချေနှင့်ကမ္ဘာတသိန်းပါရမီဖြည့်ရခြင်း၊ ဒုက္ကရစရိယာ (၆)နှစ်ကျင့်ရခြင်းတို့ သဘောတူပြီးဖြစ်ပါသည် ၊ ဒုက္ခပဋိပဋာဒန္တာဘိညာ မှ သုခပဋိပဋာခိပ္ပာဘိညာထိ ကျင့်စဉ်(၄)ပါး ရှိကြောင်းကိုလဲ (အင်္ဂုတ္တရနိကာယ် ၊ စတုကနိပါတ် ၊ ပဋိပဒါဝဂ်)အရ လက်ခံထားပါသည် ။ သဘာဝယုတ္တိ ရှိမရှိကိုသာ အလေးထားစဉ်းစားစေလိုသည်ဟု မူလစာရေးသူမှ အာသီသရှိမည်ထင်ပါသည် ။ ဂေါတမဗုဒ္ဓကို ဝီရိယာဓိကမြတ်စွာဘုရားဟု စာရေးသူ၏ အာဘော်ကို လက်ခံချင်ပါသည် ။ အကြောင်းမှာ ဘုရားဖြစ်သည်မှစ ပရိနိဗ္ဗာန်ပြုသည်အထိ တနေ့လျှင် (၂)နာရီမျှသာ ကျိန်းစက်တော်မူသော ဘုရားရှင်၏ လုံ့လဝီရိယတော်ကြီးမှာ သူမတူဖြစ်ခြင်း ၊ ဂေါတမဗုဒ္ဓဘုရားရှင်သာသနာတွင် အများစုမှာ ဒုက္ခပဋိပဒါဒန္တာဘိညာ ကျင့်စဉ် ကိုသာ အားပြုလေ့ရှိကြခြင်းကြောင့်ဖြစ်ပါသည် ။ ပစ္စေကဗုဒ္ဓါ ၊ အဂ္ဂသာဝက ၊ မဟာသာဝကတို့၏ ပါရမီဖြည့်ချိန်များတွင် တော့ ငြင်းချက်ထုတ်သူနှင့် သဘောထားတိုက်ဆိုင်ပါသည် ။ (၀ီမံသာ)


                                                                             

No comments:

Post a Comment