Thursday, October 26, 2017

မနှိုင်းကောင်းနှိုင်းကောင်း

မနှိုင်းကောင်းနှိုင်းကောင်းမို့ (ကန်တော့ပါရဲ့ဘုရား) ကြိုခေါ်ထားပါတယ်နော် ။

၁ ။ မြတ်စွာဘုရားရှင်ဟာ အသက်(၁၀၀)တန်းမှာပဲ နေရမှာမို့ အချိန်မလောက်တာကိုသိပြီး သတ္တဝါတွေကို သနားစိတ်ကြီးနဲ့ တနေ့ကို (၂)နာရီပဲ အိပ်စက်ခဲ့ပါတယ် ။ နိုးထလာချိန်ကစ ဥာဏ်တော်နဲ့ရှာဖွေ ၊ ဒေသစာရီ ကြွချီတော်မူပြီး ကျွတ်ထိုက်တဲ့သတ္တဝါတွေကို ချေချွတ်တော်မူပါတယ် ။ (တနေကုန်လုံး) လောကသတ္တဝါတွေ အကျွတ်တရားရရေးနဲ့ ကုသိုလ်တရားတိုးပွားရေးအတွက်ပဲ အချိန်ကိုသုံးပါတယ် ။ ညဦးယာမ်မှာ ရဟန်း၊ရှင်လူ ပရိတ်သတ်ကိုတရားဟောပါတယ် ။ (၉)နာရီမှ (၁၁)နာရီကြားလောက်မှာ တရားအားထုတ် နေတဲ့ ရဟန်းတွေကို လမ်းညွှန်တရားပြခြင်းပြုပါတယ် ။ သန်းခေါင်ယာမ် (၁၂နာရီ)- တချက်တီးလောက်မှာ နတ် ဗြဟ္မာ တွေကို တရား ဟောပါတယ် ။ (၂)နာရီမှ (၄)နာရီကြားသာ ကျိန်းစက်တော်မူပါတယ် ။ (၄)နာရီထိုး နိုးထတာနဲ့ နိရောဓ သမာပတ် ဝင်စားပြီး ဒီနေ့ ကမ္ဘာမှာ ဘယ်လူသတ္တဝါ ချွတ်ထိုက်ပြီလဲ ကြည့်တော်မူပါတယ် ။ ဘယ်နေရာ၊ဘယ်လောက် ဝေးဝေး ချေချွတ်ရမဲ့ လူသတ္တဝါဆီကို အရောက်သွား၊တရားပြ ၊ လောကဆင်းရဲမှ လွန်မြောက်စေခဲ့တာ မြတ်ဗုဒ္ဓရဲ့ တနေ့တာ အလုပ်ဇယားပါ ။ (ကြည်ညို၊လေးစား၊အားကျလိုက်တာ)

 ၂ ။ ကျနော်တို့လူတွေ -
ကလေးဘဝမှာ တနေ့(၁၀)နာရီလောက်တော့ အိပ်မှအားရှိမှာပေါ့တဲ့ ။
လူငယ်ဖြစ်လာပြီ ၊ တနေ့(၅)နာရီအိပ်ရင် လုံလောက်ပါတယ် ၊ မင်း ပျင်းမနေနဲ့တဲ့ ၊
အံမယ် ဒါတောင် မောင်မင်းကြီးသားတွေက အိပ်ရေးမဝလို့ မိဘတွေကို မျက်စောင်းတခဲခဲနဲ့ ။
လူကြီးဖြစ်လာပြီ ၊ တနေ့(၅)နာရီတော့ မလောက်တော့ဘူး ၊
နေ့ခင်းတရေးလေးအိပ်ပြီး (၇)နာရီလောက်မှ အားရှိမှာပေါ့တဲ့ ။
အငြိမ်းစား လူအိုဖြစ်သွားတော့ (ကလေးလို)တနေ့(၁၀)နာရီလောက်
အိပ်ရမှ ကျန်းမာ၊အသက်ရှည်မှာပေါ့တဲ့ ။ သြော် - - -

၃ ။ ကျနော် - ဘုရားကိုအားကျလို့ အအိပ်အနေနဲအောင် နေကြည့်တယ် ။
နိုးလာတာနဲ့ စိတ်မှာ(ချွတ်ဖို့လူဝေးလို့) သားရေးသမီးရေးပေါ်လာ ၊
ပုဆိုးခါးတောင်ကျိုက်ပြေးရပြန်ပါရော ။
ညဦးယာမ်ရောက်ပြန်တော့ တရားပြဖို့အသာထား ၊
သိမိတဲ့ (ခေတ်ရဲ့)အမှန်တရားတွေကို မခံစားနိုင်တော့တာနဲ့
မောဟနွံထဲ ဂျွမ်းထိုးခေါင်းစိုက် ၊မေ့ဆေးသောက်လိုက်မိပြန်ပါရောလား ။
သန်းခေါင်ယာမ်ပိုဆိုး ၊ တရားဟောဖို့နတ်တွေဝေးလို့
ကိုယ့်သားသမီး၊သားမယားတောင် ဟောက်လို့အိပ်ပျော်နေပြီမို့ ၊
Online ပေါ်က electronic ပုံရိပ်ယောင်တွေကို ခပ်တည်တည်တရားပြ ၊
ဒီလိုနဲ့ ညလုံးပေါက်ခဲ့ရပြန်တယ် ။ သြော် - - -

၎ ။ တနေကုန် ၊ တညလုံး ၊
လောလတွေ ၊ ဒေါသတွေ ၊ မောဟတွေ ဖုံး ၊
အတွေးတွေနဲ့ ဖတ်ဖတ်မော နေခဲ့မှတော့ -
နောက်နေ့ ထနိုင်ဖို့ နေနေသာသာ ၊
သူများ ချွတ်နိုင်ဖို့ နေနေသာသာ ၊
ကိုယ့်ဟာကိုယ်တောင် ပုဆိုးကျွတ်လျက်နိုးလာမိမှာ
စိုးနေမိပါကြောင်းခင်ဗျာ ။


(ဝီမံသာ) 
27-10-2017 (1:22 AM)

No comments:

Post a Comment