စတ္တာရောခန္ဓာ အရူပီနော
အညမညံ နိဿယ ပစ္စယေနပစ္စယော ။ စတ္တာရောမဟာဘူတာ အညမညံ နိဿယ ပစ္စယေနပစ္စယော ။ သြက္ကံတိက္ခဏေ နာမရူပံ
အညမညံ နိဿယ ပစ္စယေနပစ္စယော ။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယ
ပစ္စယေနပစ္စယော ။ မဟာဘူတာ ဥပါဒါရူပါနံ နိဿယ ပစ္စယေနပစ္စယော ။
စက္ခာယတနံ စက္ခုဝိဥာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော ။
သောတာယတနံ သောတဝိဥာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ နိဿယ ပစ္စယေန ပစ္စယော ။
ဃာနာယတနံ ဃာနဝိဥာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော ။
ဇိဝှါယတနံ ဇိဝှါဝိဥာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ နိဿယ ပစ္စယေန ပစ္စယော ။
ကာယာယတနံ ကာယဝိဥာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော ။
ယံ ရူပံ နိဿာယ မနောဓါတုစ မနောဝိဥာဏဓါတုစ ဝတ္တံတိ
၊ တံ ရူပံ မနောဓါတုယာစ မနောဝိဥာဏဓါတုယာစ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယ ပစ္စယေန ပစ္စယော
။
နိဿယ
ပစ္စည်း ဆိုတာ မှီရာ၊အားထားရာအဖြစ်နဲ့
ကျေးဇူးပြုတတ်တဲ့ သဘောကိုခေါ်ပါတယ် ။ သစ်ပင်တပင်ဖြစ် ပေါ်လာဖို့ မြေကြီးဟာ မှီရာအဖြစ်နဲ့
ကျေးဇူးပြုသလိုပါပဲ ။
နာမ်ခန္ဓာ(၄)ပါးဟာ အချင်းချင်းအပြန်အလှန်
မှီရာ၊အားထားရာအဖြစ်နဲ့ ကျေးဇူးပြုကြပါတယ် ။ ထို(၄)ပါးမှာ
၁ ။ ဝိဥာဏက္ခန္ဓာ ၊ ၂ ။ သညာက္ခန္ဓာ ၊ ၃ ။ ဝေဒနာက္ခန္ဓာ ၊ ၄ ။
သင်္ခါရက္ခန္ဓာ တို့ဖြစ်ကြပါတယ် ။ စိတ်တခုဖြစ်ပေါ်လာတာနဲ့ ဒီခန္ဓာလေးပါးဟာ တပြိုင်နက် အတူတကွဖြစ်ပေါ်လာကြပါတယ်
။ ဝိဥာဏက္ခန္ဓာ က သိခြင်းသဘော ၊ သညာက္ခန္ဓာ က မှတ်သားခြင်းသဘော ၊ ဝေဒနာက္ခန္ဓာ က ခံစားခြင်းသဘော နဲ့ သင်္ခါရက္ခန္ဓာ က ပြုပြင်စီရင်၊ပြောင်းလဲခြင်းသဘော
ဖြစ်ပါ တယ် ။ သိစိတ်ကိုမှီပြီး မှတ်စိတ်ဖြစ်ရသလို မှတ်စိတ်ကိုမှီပြီး သိစိတ်ဖြစ်ရပြန်ပါတယ်
။ ဒီလိုပဲ ပြုပြင်စီရင်မှုကိုမှီပြီး ခံစားမှု ဖြစ်ရသလို ခံစားမှုအပေါ်လိုက်ပြီး ပြုပြင်ပြောင်းလဲပေးကြရပြန်တာ
နိဿယပစ္စယရဲ့ အပြန်အလှန် မှီရာအဖြစ်နဲ့ ကျေးဇူး ပြုတတ်တဲ့ သဘာဝပါပဲ ။ မြေဆီမြေနှစ်အားကောင်းရင်ကောင်းသလို
အပင်ရှင်သန်ဖွံ့ထွားရပါတယ် ။ ဒီအတိုင်းပဲ အမှတ် အားကောင်းရင် ကောင်းသလို အသိအားကောင်းလာတတ်တာ
၊ အမှတ်မှားရင်မှားသလို အလုပ်မှားတတ်တာ ၊ ဝေဒနာ ပြင်းထန်လေ ပြုပြင်ပေးရမှုပြင်းထန်လေ
ဖြစ်ရတာ ၊ သိမှုထင်ရှားလေ ဝေဒနာထင်ရှားလေ ဖြစ်ရတာ စတဲ့အဖြစ်တွေမှာ နိဿယပစ္စယ အကြောင်းသာရှိပြီး
ငါမရှိပြီဟု မှတ်ရပါမယ် ။
မဟာဘူတ
ဓါတ်ကြီး(၄)ပါးဟာလဲ အချင်းချင်း၊အပြန်အလှန် မှီရာ၊အားထားရာအဖြစ်နဲ့ ကျေးဇူးပြုကြပါတယ်
။ ဒီ ရုပ် ဓါတ်ကြီးလေးပါးဟာ တဦးခြင်းကို အထည၊်ကိုယ်အနေနဲ့မရပါဘူး။ အတူတကွပေါင်းစပ်ဖွဲ့စည်းကြတော့မှ
အထည်၊ ကိုယ်အဖြစ်မှတ်ယူနိုင်ပါတယ် ။ ဒီမဟာဘုတ်ဓါတ်ကြီး(၄)ပါးကတော့ - ပထဝီဓါတ်
၊ တေဇောဓါတ် ၊ အာပေါဓါတ် ၊ ဝါယောဓါတ် တို့ဖြစ်ပါတယ် ။
အမိဝမ်းထဲမှာ
ပဋိသန္ဓေနေရတဲ့အချိန်မှာ ရုပ်နဲ့နာမ်တို့ဟာ အပြန်အလှန် မှီရာ၊အားထားရာအဖြစ်နဲ့ ကျေးဇူးပြုကြ
ပါတယ် ။ ဘယ်လိုဖြစ်သလဲဆိုတော့ အတိတ်ဘဝက စုတိစိတ်ကျပြီးတာနဲ့ တပြိုင်နက် ပဋိသန္ဓေစိတ်ကလေးဖြစ်တယ်
။ အဲဒီပဋိသန္ဓေစိတ်ကလေးကိုမှီပြီးတော့ ကမ္မဇရုပ်ကလေးဖြစ်တယ် ။ ဟဒယဝတ္ထုနှလုံးအိမ်လို့ခေါ်တဲ့ အဲဒီ ကမ္မဇရုပ် ကလေးကိုမှီပြီးတော့ပဲ
ပဋိသန္ဓေစိတ်ကလေးက ဖြစ်ရပါတယ် ။ ကြက်ဥနဲ့ကြက်မ
ဘယ်သင်းကအစလဲ မသိနိုင်သလိုပဲ ဒီဇာတိရုပ်နဲ့နာမ်နှစ်ပါးဟာလဲ အစမထင်ပဲ လျှပ်တပြက်အတွင်းမှာ
တပြိုင်နက်ဖြစ်ကြ၊ပျက်ကြရပါတယ် ။
စိတ်၊စေတသိက်တရားတွေဟာ
ဆိုင်ရာစိတ္တဇရုပ်တရားတွေရဲ့ မှီရာအားထားရာအဖြစ်နဲ့
ကျေးဇူးပြုကြပါတယ် ။ စိတ်ဟာ အာရုံသိခြင်းသဘောမျှသာဖြစ်ပြီး
စိတ်ကိုအရောင်ခြယ်တဲ့ စေတသိက်တရားတွေ ပူးယှဉ်လာတော့မှ မှတ်သားမှု ခံစားမှု၊ ပြုပြင်စီရင်မှု
သဘောတွေထင်ရှားလာပါတယ် ။ မိန်းမလှရယ်လို့မှတ်သားမှု ၊ နှစ်သက်တယ်လို့ခံစားမှု ၊ ကြည့်ချင်
လို့ ကြည့်တယ်၊မြင်ယောင်တယ်လို့ ပြုလုပ်မှု ၊ အဲဒီစိတ်တွေကိုအမှီပြုပြီး အလိုရှိရာအဆင်းရုပ်ဟာ
ဖြစ်ပေါ်လာရပါတယ် ။ အဲဒီဖြစ်ပေါ်လာတဲ့ မိန်းမလှရုပ်သဏ္ဍာန်ဟာ တကယ့်အစစ်အမှန်တရားမဟုတ်လို့
စိတ္တဇရုပ်လို့ ခေါ်ရတာဖြစ်ပါတယ် ။ တကယ့်အစစ်အမှန်သာ
ဟုတ်မယ်ဆိုပါက အဲဒီမိန်းမလှဟာ မျက်လုံးကိုဖောက်ဝင်ပြီး ရင်ဘတ်ထဲမှာ ငုတ်တုတ်ကြီး ရှိ
နေတယ်လို့ ယူရတော့မလိုပါပဲ ။ ဒါကို နက်နက်နဲနဲစဉ်းစားဆင်ခြင်မိရင် ပုဂ္ဂိုလ်၊သတ္တဝါ ရှာမရတဲ့သဘောကို
သိမှာပါ ။
ကျွန်တော်တို့
ရုပ်လို့သိနေကြတဲ့ အရာဝတ္ထုမှန်သမျှဟာလဲ မဟာဘုတ်ဓါတ်ကြီးလေးပါးကို အမှီပြုလို့ ၄င်းတို့ကို ပေါင်းစပ်အစွဲပြု ခေါ်ဝေါ်နေရတဲ့ ရုပ်ဓါတ်တွေသာ
ဖြစ်ပါတယ် ။ အဆိုပါရုပ်တရားတွေဟာ ကံ၊ စိတ်၊
ဥတု၊ အဟာရ အကြောင်းတရားတို့ပြုပြင်မှုဖြင့် အမြဲဖောက်ပြန်ပြောင်းလဲနေရတဲ့ သဘောပဲရှိပါတယ်
။
ကျွန်တော်တို့ခန္ဓာကိုယ်မှာ
ပြင်ပအာရုံတွေကို ခံယူနိုင်၊သိနိုင်တဲ့ ရုပ်တရား(၅)ပါး(ဝါ) ဝင်ပေါက်(၅)ပေါက်ရှိပါ တယ်။ ၄င်းတို့မှာ အမြင်ဓါတ်(မျက်ဝန်းအကြည်)၊ အကြားဓါတ်(နားအကြည်)
၊ အနံ့ခံဓါတ်(နှာခေါင်းအကြည်) ၊ အရသာ ခံဓါတ်(လျှာအကြည်) ၊ ထိသိဓါတ်(ကာယအကြည်) တို့ဖြစ်ပါတယ်
။ ကျွန်တော်တို့မြင်နေရတဲ့ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်ကာယတွေဟာ အာရုံခံနိုင်တဲ့
အပွင့်ဓါတ်၊အကြည်ဓါတ်ကလေးတွေ ရှိမနေရင် အာရုံတွေကိုဘယ်လိုမှသိနိုင်မှာ မဟုတ်ပါဘူး ။
ဒါကြောင့် မျက်စိပါလျက် မမြင်နိုင်သူ၊ နားပါလျက်မကြားနိုင်သူ စတဲ့သူတွေမှာ အဲဒီအကြည်ဓါတ်ကလေး
တွေ မရှိလို့ မမြင်ရ၊မကြားရဖြစ်ရတာပါ ။ ဒီအာရုံခံတရားငါးပါးကိုအမှီပြုပြီးမှသာ မြင်စိတ်၊ကြားစိတ်၊နံစိတ်၊စားစိတ်၊ထိသိ
စိတ်တွေသည် ဆိုင်ရာစေတသိက်တရားတွေနဲ့အတူ ယှဉ်တွဲဖြစ်ပေါ်လာရတာဟာ နိဿယပစ္စည်းကကျေးဇူးပြုလိုက်လို့
ဖြစ်ပါတယ် ။ ဒီအကြည်ရုပ်တရားငါးပါးကိုမှီပြီးဖြစ်ရတဲ့ အာရုံသိစိတ်တွေ ၊စိတ္တဇရုပ်တွေ
၊ အတွေးဓမ္မာရုံတွေက ဆက်ပြီး တော့ မှီရာအဖြစ်နဲ့ ကျေးဇူးပြုလိုက်ပြန်တော့ အတွေးစိတ်တွေ၊အသိစိတ်တွေ
စတဲ့ စိတ်တရားတွေဟာ သက်ဆိုင်ရာ စေတသိက် တရားတွေနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ကြ၊ပျက်ကြရပြန်ပါတယ်
။
အမှန်တရားကိုလိုလားသော ချစ်စွာသောစာရှုသူ
။ မိမိခန္ဓာမှာ ဖြစ်လာသမျှသော ရုပ်တရား၊နာမ်တရား တွေဟာ မှီရာရှိမှသာ ဖြစ်နိုင်၊ပျက်နိုင်ကြတဲ့
ဒီသဘောတရားကို သေချာဆင်ခြင်တွေးကြည့်လိုက်ရင် ငါလုပ်တယ်ဆိုတာ တခုမှမပါ ၊ အမှီရှိရင်ဖြစ်
၊ ဖြစ်ပြီးရင်ပျက် ဒီလိုနဲ့ ဆက်ကာဆက်ကာ နိဿယပစ္စည်းအထောက်အပံ့ခံပြီးတော့ ဖြစ်ပျက် သံသရာလည်နေရတာကို
ဥာဏ်မှာပိုင်ပိုင်ဆုံးဖြတ်နိုင်ပြီဆိုရင်ဖြင့် သက္ကာယဒိဋ္ဌိ ၊ ဿဿတဒိဋ္ဌိ ၊ ဥစ္ဆေဒဒိဋ္ဌိတွေ ပြုတ် နိုင်ပါပြီ ။ အစွဲကင်းကင်း၊သံသယရှင်းရှင်းနဲ့ ယုံကြည်သဒ္ဓါခိုင်မာစွာဖြင့်
ဆက်လက်အားထုတ် ပွားများသွားမယ်ဆိုရင် သံသရာစက်ရဟတ် ပြတ်ဖို့ရာ လက်တကမ်းသာလိုပါမည်ဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ရပါသည် ။
ဝီမံသာ
(၂၅-၉-၂၀၁၃)
မှတ်ချက် ။ ။ ဆက်လက်ဖော်ပြပါမည်။ ဆောင်းပါးပုံစံဖြင့်
ရေးသားရခြင်းဖြစ်ပါသဖြင့် အပြီးတိုင်မဖော်ပြနိုင်ခြင်းအပေါ်
နားလည်ခွင့်လွှတ်စေချင်ပါသည်
။ (စာရေးသူ)
No comments:
Post a Comment