Saturday, August 18, 2018

ကိုးကွယ်မှု ပြဿနာ


ဗုဒ္ဓဘာသာဝင်တွေ ဖတ်ကြည့်စေချင်ပါတယ် ၊ ဖတ်ပြီးတော့ မိမိကိုယ်ကို ပြန်ဆန်းစစ် ကြည့်စေချင်ပါတယ် ။
မိမိမှာ ကိုးကွယ်၊အားထားရာအဖြစ် (ဘုရား၊တရား၊သံဃာ) ရတနာ(၃)ပါးဆိုတဲ့ သာသနာတော်ကြီး ထင်ရှား ရှိနေပါလျက်နဲ့ - နတ်ကိုးကွယ် ၊ စုန်းကိုးကွယ် ၊ ဘိုးတော်ကိုးကွယ် ၊ မယ်တော်ကိုးကွယ် ၊ ဗေဒင်ကိုးကွယ် ၊ (နာမည်ကြီးလူပုဂ္ဂိုလ်)ကိုးကွယ် စသဖြင့် ကိုးကွယ်ရာတွေ လွဲမှားနေကြရင်တော့ - အဲဒီလူရဲ့စိတ်မှာ သာသနာ ကွယ်နေပြီ လို့ ပြောလို့ရပါတယ် ။
ဒီနေ့ခေတ် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် လူတချို့(အတော်များများ)မှာ အဲဒီ ကိုးကွယ်မှုပြဿနာ ကြုံနေရပါပြီ ။ မြင်သာတဲ့ ဥပမာကတော့ - နိုင်ငံတော်မှာ နာမည်အကြီးဆုံး ၊ ဘွဲ့ထူး၊ဂုဏ်ထူးတွေပိုင်ရှင် လူပုဂ္ဂိုလ်ကြီး (ကျား/မ) တဦးဦး က တဖက် ၊ သာသနာပြုဆရာတော်ကြီး/သံဃာ့ဝန်ဆောင် ဆရာတော်ကြီး/ စာချဆရာ ၊ ကျမ်းပြုဆရာတော် စတဲ့ သံဃာက တဖက် ဖြစ်နေပြီး အဲဒီနှစ်ဖက် - ဘယ်ဖက်ကိုလိုက်ကြမလဲ ဆိုတဲ့အခါမှာ တချို့တွေဟာ နာမည်ကြီးပုဂ္ဂိုလ်ကို စွဲလမ်းလွန်ပြီး ကိုးကွယ်အားထားရာအဖြစ် သတ်မှတ်ကာ သံဃာကို ပစ်ပယ်ကြ ၊ ကိုယ့်ပုဂ္ဂိုလ်ကို ဝေဖန်တာနဲ့ ထိုဆရာတော်၊သံဃာတော်တွေ ဘယ်လောက်ကျေးဇူးများပစေ ၊ ဘယ်လောက် သီလ၊သမာဓိ၊သိက္ခာ ပြည့်စုံပစေ လူယုတ်မာတယောက်လိုထင်မှတ်ပြီး စော်ကား ၊ တိုက်ခိုက် ၊ ဖိနှိပ်နေကြတာ စိတ်မကောင်းစရာအဖြစ် တွေ့မြင်နေရပါတယ် ။ ဒါဟာ ( ဒေဝဒတ်ကို ကိုးကွယ်မှားပြီး နိုင်ငံရေးလောဘအတွက် အဖေရင်းကို ရက်စက်စွာ ထောင်ချ၊သတ်ပစ်တဲ့ အဇာတသတ်လို ) အဲဒီလူတွေရဲ့ စိတ်မှာ လူပုဂ္ဂိုလ်ကိုးကွယ်မှုကြောင့် သာသနာကွယ်နေကြတဲ့ သာဓကတခုပါပဲ ။
ပိုဆိုးတာကတော့ - ရဟန်းပုဂ္ဂိုလ် သက်သက်မျှ မကတော့ပဲ သံဃာတွေ ပေါင်းစုပါဝင်နေကြတဲ့ သံဃာ့ အဖွဲ့အစည်းကြီးကိုပါ အာဏာအလွဲသုံးပြီး ဖြိုခွဲ၊ဖျက်ဆီးနေတဲ့အထိ လုပ်လာကြတာကတော့ သူတို့ကိုယ်တိုင် သာသနာကွယ်ရုံနဲ့ အားမရ ၊ ဒီနိုင်ငံမှာ မြတ်ဗုဒ္ဓသာသနာကွယ်အောင် ဖျက်ဆီးနေတဲ့ သာသနာဖျက်တွေ ဖြစ်ကုန်ကြပြီလို့ ဝမ်းနဲစွာ တွေ့မြင်နေရပါတယ် ။
ဒါကြောင့်မို့ မိမိတို့ နေ့စဉ် ရှိခိုးပူဇော် ၊ ရွတ်ဖတ်နေတဲ့ ( ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ ဂစ္ဆာမိ ) ဆိုပြီး ( ဗုဒ္ဓဘုရားကိုသာ အမြတ်ဆုံးရတနာအဖြစ် ၊ ဓမ္မတရားကိုသာ အမြတ်ဆုံးရတနာအဖြစ် ၊ သံဃ သံဃာကိုသာ အမြတ်ဆုံးရတနာအဖြစ် ကိုးကွယ်အားထားပါမည် ) လို့ ကိုယ့်ကိုယ်ကိုပေးတဲ့ ကတိသစ္စာ ကို တည်အောင် မြဲအောင် မချိုးဖောက်မိအောင် ၊ ကတိတည်သူ လူပီသသူ အဖြစ် မိမိကိုယ်ကို လေးစားနိုင်အောင်  ( လူပုဂ္ဂိုလ်ကိုးကွယ်မှု အလွဲအမှားကြီးထဲက လွတ်အောင်ရုန်းထွက်ကြပါ ) လို့ အချိန်မီ သတိတရားရကြဖို့ တိုက်တွန်းလိုက်ပါတယ် ။
( ဝီမံသာ )
၁၉-၈-၂၀၁၈


No comments:

Post a Comment