Wednesday, April 17, 2019

ဗုဒ္ဓဘာသာ ၁ ၂ ၃ ၎


၁ ။ တခုတည်းသော လွတ်မြောက်ခြင်းတရား ၊ ၀ိမုတ္တိရသ (၀ါ) နိဗ္ဗာန် ။
မြတ်ဗုဒ္ဓဟာ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် မျှ အတိုင်းအရှည်ရှိတဲ့ တရားတွေကို ၄၅၀ါပတ်လုံး ကမ္ဘာသူကမ္ဘာသားအားလုံးကို ဟောကြားခဲ့ပေမဲ့ အဲဒီတရားအားလုံးရဲ့ တခုတည်းသောအနှစ်သာရ ၊ ဗုဒ္ဓ မြတ်စွာ ရည်ညွှန်းတဲ့ တခုတည်းသော ထွက်ပေါက် အဖြေကြီးကတော့ အလုံးစုံသောသင်္ခါရတရားတို့မှ လွတ်မြောက်ရာ ၊ ဖြစ်ခြင်း၊ပျက်ခြင်းတို့မှ ကင်းရာ၊ကုန်ရာ၊ချုပ်ရာ၊ငြိမ်းရာ ၀ိမုတ္တိရသ ၊ သန္တိသုခ ၊ မြတ်နိဗ္ဗာန်ကြီးပဲဖြစ်ပါတယ် ။ ဒါကြောင့်မို့ ဘုရားကိုတကယ်ကြည်ညိုရင် ဘုရားစကားကို တကယ်နားထောင်ရပါမယ် ။ မိမိအလှုပေးနေတာ နံမည်ကြီးဖို့ ၊ နောက် ဘ၀ ကောင်းစားဖို့ ဒီလိုရည်ရွယ်ချက်တွေအစား နိဗ္ဗာန ပစ္စယော ဟောတု နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေ လို့ ဒီလို နိဗ္ဗာန်တခုတည်းကို ရည်ညွှန်းမှသာ ဘုရားစကားနားထောင်ရာရောက်ပါမယ် ။ သားတော်ရာဟုလာ အမွေ သွား တောင်းတော့ ဘုရားဟာ လောကစည်းစိမ်အမွေကို တပြားတချပ်မှမပေး ၊ လောကုတ္တရာ နိဗ္ဗာန်အမွေကိုပဲ ပေးခဲ့တာကို ထောက်ပြီး သားတော်ရာဟုလာလိုပဲ ဘုရားစကားကို နားထောင်သင့်ပါကြောင်း ဗုဒ္ဓဘာသာဝင်/ဗုဒ္ဓဘာသာကိုလေ့လာ နေကြသော လူကောင်း၊သူကောင်းအပေါင်းတို့ ခင်ဗျာ ။
          ၂ ။  ရုပ်၊နာမ် တရားနှစ်ပါး ။ (တနည်း) ဖြစ်/ပျက် တရားနှစ်ပါး ။
ကျနော်တို့နေထိုင်တဲ့ သတ္တ၀ါလောကကြီးနဲ့ ကမ္ဘာလောကကြီးကို ကြည့်လိုက်ရင် အပြုခံ ရုပ် တရားနဲ့ ပြုလုပ်သူ (စိတ်) နာမ်တရား ဒီနှစ်ပါးပဲ ဒွန်တွဲတည်ရှိနေတာ တွေ့ရပါလိမ့်မယ် ။ အကျယ်ချဲ့လျှင် ကျမ်းတစောင်မျှဖြစ်သွားဖွယ်ရှိလို့ အများ သိသာရုံ ပြောပါမည် ။ သင်တို့ရှိ မျက်လုံးဟူသောရုပ်ကြီးက ကြည့်ချင်တယ်၊ကြည့်မယ် ဟူသော စိတ်တရားပြုပြင်ပေးမှု ဖြင့် ကြည့်ခြင်း မြင်ခြင်းဖြစ်ရသည်ကို သေချာစဉ်းစားကြည့်ပါလေ ။
တဖန် စဉ်ဆက်မပြတ်ပြုပြင်ပြောင်းလဲနေခြင်း ဟူသော သင်္ခါရလောကကြီးကိုကြည့်ပါကလဲ ဖြစ်ခြင်း(အကြောင်းစုံမှ ထ ဖြစ်လာခြင်း)တရားနဲ့ ပျက်ခြင်း(အကြောင်းကုန်သည်နှင့် ချက်ခြင်းပျောက်ပျက်သွားခြင်း)တရား ၊ ဒီနှစ်ပါးပဲ အလှည့်ကျ ဖြစ်ပျက်နေကြတာ အသေအချာကြည့်ရင် သိနိုင်ပါတယ် ။လွယ်လွယ်လေးဥပမာပေးပါ့မယ် ။ ခင်ဗျားအသက်ရှုတာ ဖြစ် လာပြီး ပျက်မသွားဘူးဆိုရင် ခင်ဗျား တသက်မှာ အသက်တခါရှုရုံနဲ့ လုံလောက်မှာပေါ့ ။ ဒီလိုမဟုတ်လို့ အကြိမ်ကြိမ်ဖြစ် ၊ အကြိမ်ကြိမ်ပျက်နေလို့ ခင်ဗျား မနားတမ်း အသက်ရှုပေးနေရတာပေါ့ ။
          ၃ ။ အမြတ်ဆုံးရတနာသုံးပါး ၊ ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ။
ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်ထွန်းပေါ်တော်မူခဲ့လို့ ဖြစ်ပျက်သံသရာထဲ တ၀ဲလည်လည် ထွက်ပေါက်မရှိ ပိတ်မိနေကြတဲ့ ကျနော်တို့ လူ၊သတ္တ၀ါတွေ လွတ်မြောက်ရာကို သိခွင့်ရကြတာပါ ။ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို လေ့လာ၊သုံးသပ်၊ပွားများအားထုတ်နိုင်ကြလို့ သံသရာဝဋ်ဆင်းရဲအပေါင်းက လွတ်မြောက်ဖို့အရေး မျှော်လင့်ချက်ရှိ လာကြတာပါ ။ ဒီတရားတော်တွေကို ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးမရှိတော့တာနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကြာပြီးတာတောင် မပျောက်ပျက်ရလေအောင် တနပ်တည်းသောဆွမ်းကိုစား ၊ ၂၂၇သွယ်သောသိက္ခာပုဒ်တွေကိုစောင့်ထိန်းရင်း ပင်ပမ်းကြီး စွာ စောင့်ရှောက်လာတဲ့ သံဃာတော်တွေမရှိရင် ကျနော်တို့တွေ တရားမသိ၊မှောင်အတိကျနေဦးမှာပါ ။ ဒီလောက် ကျေးဇူးကြီးလှတဲ့ ဘုရား၊တရား၊သံဃာကို အမြတ်ဆုံးရတနာအဖြစ် (ဗုဒ္ဓသရဏံ၊ဓမ္မံသရဏံ၊သံဃံသရဏံ)ဂစ္ဆာမိ ခဲ့ကြတဲ့ ကျနော်တို့ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ နှစ်စဉ်ငွေကျပ်သန်းချီအကုန်ခံပြီး တောင်ပြုံးပွဲကြီးကျင်းပ ဂစ္ဆာမိ လွဲနေကြတာက တော့ အရပ်ရပ် ကမ္ဘာပေါ် ကြားလို့မတော်ပါဘူး ၊ ကြည့်လုပ်ကြပါဦးအရပ်ကတို့ရေ ။

          ၄ ။ သစ္စာလေးပါးမြတ်တရား ၊ ဒုက္ခသစ္စာ ၊ သမုဒယသစ္စာ ၊ နိဂြောဓသစ္စာ ၊ မဂ္ဂသစ္စာ ။
ဂေါတမဗုဒ္ဓဟာ သဗ္ဗညုတမြတ်စွာဘုရားရှင် အဖြစ်ကိုရပြီးတဲ့နောက် ပထမဦးဆုံး တရားဦးဓမ္မစကြာအဖြစ် ကမ္ဘာလောက ကို ဦးစွာသိစေခဲ့တဲ့တရားကတော့ သစ္စာလေးပါး အမြတ်ဆုံးတရားပါပဲ ။ ဘုရားရှင်ကိုယ်တိုင် ၀န်ခံတော်မူခဲ့တာက ဒီတရားလေးပါးကို ဟုတ်တိုင်းမှန်စွာ မသိခင်တုန်းက အကျင့်လွဲ၊အယူလွဲတွေနဲ့ ငါကိုယ်တိုင်မှားခဲ့သေးတယ် ။ ဒီတရား လေးပါး ငါ့ဥာဏ်မှာ ဟုတ်တိုင်းမှန်စွာ ထင်ရှားဖြစ်ပေါ်လာတော့မှ ဘုရားအဖြစ်ကို ရရှိပေတယ်လို့ ၀န်ခံတော်မူခဲ့ပါတယ် ။
မကျဉ်းမကျယ် အနည်းငယ်ရှင်းပါရစေ ။
ဒုက္ခသစ္စာ - ဇာတိပိဒုက္ခာ တဲ့ ။ အများစုမြင်လိုက်ကြတာက ဇာတိ မွေးဖွားခြင်းဒုက္ခ ဒီလိုဖြစ်နေတယ် ။ ဗုဒ္ဓဘုရားရှင် မြင်တော်မူတဲ့ ၊ အရိယာဖြစ်ပြီးသူတွေမြင်လိုက်ကြတဲ့ ဒုက္ခအရိယာသစ္စာက ဇာတိ အဖန်တလဲလဲဖြစ်ခြင်း ဒုက္ခပါပဲ ။ ဘာကြောင့် ဖြစ်ခြင်းကို ဒုက္ခလို့ခေါ်လဲ ၊ ဖြစ်ခြင်းမှန်သမျှပျက်ရလို့ ဒုက္ခလို့ခေါ်တာပါ ။ ဒါကို သေချာ ဝေဖန်ပိုင်းခြား သိရမှာမို့ ပရိညေယျတဗ္ဗ ပိုင်းခြားသိအပ်သောတရားလို့ ခေါ်တာပါ ။ ကျနော်တို့ တနေ့အနည်းဆုံး ထမင်းနှစ်နပ်စား နေရတယ်ဗျာ ။ နေ့တိုင်း ၊ အဲဒီအတွက်ရှာလိုက်ရတာ မောလို့ ။ ဘာလို့ တခါစားပြီး မပြီးရတာလဲ ။ စားသမျှခဏခံ ၊ ပြန်ပျက် ချီးဖြစ် ပစ်လိုက်ရတာပဲမို့ အကြိမ်ကြိမ်စားနေရတာ ။ ဒါ နေ့စဉ်ကြုံတွေ့မှုမှာ ဒုက္ခတန်းလန်းကြီးပါနေတယ် ဆိုတာ သိစေချင်လို့ ဘုရားရှင်က ဇာတိပိဒုက္ခာကို သေချာဝေဖန်ပိုင်းခြားသိကြပါလို့ အဦးဆုံးထားဟောပါတယ် ။
သမုဒယသစ္စာ - ဒုက္ခဖြစ်ကြောင်းတရားတဲ့ ။ ကျနော်တို့ ဘ၀ကိုခင်တွယ်လို့ မသေအောင် ထမင်းအကြိမ်ကြိမ်စားနေရ တာ ဒီထက်ရှင်းတာ မရှိတော့ပါဘူးနော် ။ ဒါကြောင့် ဒုက္ခဖြစ်စေတဲ့ လိုချင်မှု သမုဒယ၊လောဘ၊တဏှာကို ပဟာတဗ္ဗ ပယ်အပ်၊သတ်အပ်သောတရားလို့ ဘုရားရှင်ထောက်ပြခဲ့ပါတယ် ။
နိဂြောဓ(နိရောဓ)သစ္စာ - ဒုက္ခလွတ်ရာလွတ်ကြောင်း၊ဒုက္ခချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်တရားပါတဲ့ ။ ဖြစ်ခြင်းတွေရှိနေမှတော့ ဖြစ်ခြင်းတွေချုပ်ငြိမ်းနေတာလဲရှိရမှာပေါ့ ၊ မြတ်စွာဘုရားက ဒီလိုဖောက်ထွက်စဉ်းစားပြီး ချုပ်ငြိမ်းရာအမှန် နိရောဓသစ္စာ နိဗ္ဗာန်တရားကို သစ္ဆိကာတဗ္ဗ မျက်မှောက်ပြုအပ်သောတရားအဖြစ် သတ္တ၀ါတွေကို ထွက်ပေါက်ဖွင့်ပေးခဲ့ပါပြီ ။
မဂ္ဂသစ္စာ - ဒုက္ခငြိမ်းရာငြိမ်းကြောင်း အကျင့်တရားပါတဲ့ ။ အင်္ဂါရှစ်ပါးရှိတဲ့ ဒီအကျင့်တရား မဂ္ဂသစ္စာဟာ ဘာဝေတဗ္ဗ ပွားများအပ်တဲ့ တရားပါ ။ ဒီအကျင့်ကိုနေ့စဉ်ပွားများရွက်ဆောင်မယ်ဆိုရင် ဒုက္ခတွေဧကန်ငြိမ်းစေမယ်လို့ ဗုဒ္ဓမြတ်စွာ အာမခံတော်မူခဲ့ပါတယ် ။ မှန်သောအမြင်(သမ္မာဒိဌိ)ကိုအခြေခံလို့ မှန်စွာတွေးကြံခြင်း ၊ မှန်စွာပြောဆိုခြင်း ၊ မှန်စွာ အသက်မွေးခြင်း ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်ခြင်း ၊ မှန်သောအားထုတ်မှုရှိခြင်း ၊ မှန်သောအောက်မေ့သတိရှိခြင်း ၊ မှန်သောတည်ကြည်စူးစိုက်မှုရှိခြင်း ၊ ဆိုတဲ့ အင်္ဂါရှစ်ပါးစုံတဲ့ အရိယာမဂ္ဂင်ရှစ်ပါးကိုသာ ပွားများအပ်တယ်လို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါတယ် ။
အားတက်စရာကောင်းတဲ့အချက်ကတော့ ဒုက္ခအရိယသစ္စာကို သေချာဝေဖန်ပိုင်းခြားပြီး သိ လိုက်ပြီဆိုတာနဲ့တပြိုင်နက် သိ၊ပယ်၊ဆိုက်၊ပွား သစ္စာလေးပါးအစုံ တပါတည်း မိမိဥာဏ်မှာ ပွင့်လင်းစွာပေါ်လာနိုင်လို့ အခါမလင့်အကျိုးပေးတဲ့ ဒီ လေးပါးသစ္စာတရားကို ဒုက္ခကစ ပိုင်းခြားသိနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် ။
                                                                                      ( ၀ီမံသာ )


Thursday, April 11, 2019

fb ပေါ်မှ ကဗျာတပုဒ်


ပုဂ္ဂိုလ်ရေးခံစားချက် / တကိုယ်ရေ တောင်းပန်၊သတိရခြင်း

သူမ - အလှ ဘုရင်မ ဖြစ်ခဲ့ပေမဲ့ -
ငါက - မိဖုရားပဲ လိုချင်သူ ဖြစ်ခဲ့တော့
ငါတို့ရဲ့ ကြေကွဲဇတ်သိမ်းလေး - ဖြစ်ခဲ့ပျက်ခဲ့တယ် ။

ငါတို့ တချိန်က တွေ့ခဲ့ကြတယ် -
နိုင်ငံရေး(ဝါ)အမျိုးသားရေးတာဝန်တွေကြားထဲမှာလေ ၊
အဲဒီ တာဝန်တခုထဲ ခေါင်းစိုက်ထားမိတဲ့ ငါ့ကို
အဲဒီ အလှဘုရင်မက သူ့အလှ၊မာန၊ဒေါသကြောင့်လား ၊
သူမ မမျှော်လင့်မိတဲ့ အချစ်ကြောင့်လား မသိ ၊
တန်ဖိုးကြီး သံယောဇဉ်အဆိပ်တွေ ငါ့ကိုကျွေးခဲ့တယ် ။
( သူမ - ငါ့ရဲ့ ကယ်တင်ရှင်မလေး ဖြစ်ခဲ့ပါတယ် )

ငါ - တာဝန်ချိန်မှာ ဘုရင်တပါးလို
အင်အားရှိသမျှနဲ့ တောင့်ခံနိုင်ခဲ့ပေမဲ့ ၊
အားလပ်ချိန် ခံနိုင်ရည်တွေ အိပ်ပျော်သွားတော့ ၊
သူမရဲ့ ဆွဲငင်မှုအပြည့် ရေသွယ်မြောင်းထဲ
ဆည်ကျိုးသလို ငါ့အချစ်တွေ ခုန်ဆင်းသွားလိုက်တာများ -
အတ္တ ၊ မာန ၊ ဘဝတောင် အုံလိုက်ကျွတ်ကျသွားမိပါရဲ့ ။

ဒီလိုနဲ့
ရေမျောကမ်းတင် ၊ နန်းကျဘုရင်ရဲ့
နောင်တ နဲ့ ဇာတိမာန် ပြန်ပေါ်လာချိန်မတော့
(စိမ်းကားရက်စက်လွန်းသူ)လို့ တကိုယ်ရေရှက်တွေးနဲ့
ငါ့ရဲ့ ပြင်းထန်လွန်းတဲ့ အချစ်ဒေါသ၊မာနကြောင့်
သူမ နဲ့ ငါ (နာနာကျင်ကျင်)ဝေးခဲ့ရတယ်ပေါ့ ။
သူမ ကို ငါ (နာနာကျင်ကျင်)စွန့်ပစ်ခဲ့တယ်ပေါ့ ။

နွေလေ ၊ မိုးလေ ၊ ဆောင်းလေ တွေကို
အချိန်တွေက တိုက်ချသွား ပြီးတဲ့နောက်
သူမ - ငါတို့ခင်းခဲ့တဲ့လမ်းမှာ ဘုရင်မတပါးအဖြစ်
ခန့်ညားထည်ဝါ(ငါ့အတွက်တော့) လွမ်းစရာ
ပေါ်လာခဲ့ရှာတယ် ။ ဘာကြောင့်မှန်း မသိရဲပေမဲ့
တကိုယ်ရေပဲ တဲ့လား ချစ်ခဲ့သူ(ဒေါက်တာအပီနို)ရယ် ။

သူမတို့ အာဏာရလာချိန် ၊ အာဏာဖွဲ့စည်းချိန် -
သူမ - ငါ့ကို (တဖက်လှည့်နဲ့) စံနန်းပေါ် ဆွဲခေါ်ခဲ့ ၊
ငါ - အာဏာနိုင်ငံရေး နဲ့ အမျိုးသားနိုင်ငံရေး
လေနဲ့ဝမ်း ကွဲသူမို့ ဘုရင်မအနားကို မသွားလိုက်တော့ဘူး ၊
( ငါ့အိမ်နိုင်ငံငယ်လေးနဲ့ငါလဲ မိဖုရားရှိနေပြီးသားမို့လေ ) ။

ဒါပေမဲ့ - ရှိပြီးသား သံယောဇဉ်တွေကြောင့်
(အာဏာရစဉ် မမောက်မာဖို့)
(ကိုယ့်ပညာမာန်နဲ့ အခြားပညာရှင်တွေကို မစော်ကားမိဖို့)
အချိန်ရရင် ရသလို သတိပေးခဲ့ပေမဲ့ သူမ ကတော့
(ကြားချင်တဲ့စကားမဟုတ်လို့လား) နားမဝင်ခဲ့ပါဘူးလေ ။

ခုတော့ - နင် - ဘယ်ပျောက်နေပြီလဲ အပီနို ၊
(ခေါင်းဆောင်ရဲ့ယုံကြည်ရသူ) ဝန်ကြီးချုပ်လောင်းအဖြစ်
နာမည်ကြီးပြီးခါမှ (နင့်အပြောကြောင့်)နင့်ကို နာကျင်သူတွေရဲ့
ရက်စက်စွာ (သိက္ခာချိုးဖဲ့) တုန့်ပြန်ချက်မှာ
ရှက်ရွံ့စွာပုန်းနေရပြီလား အလှဘုရင်မလေးရယ် ။

နင် နောက်ပြောင် ခေါ်ခဲ့တဲ့ (ငှက်)ဆိုတဲ့ ငါ -
ငါ တောင်းပန်ပါတယ် ချစ်ခဲ့ရတဲ့ (ငါ့ဘုရင်မ)အပီနို ။
ဟိုတချိန်က ငါ့စကား -
( ငါတို့က ခေါင်းဆောင်တွေ ၊ ငါတို့ကို အားလုံးက
 ဝိုင်းကြည့်နေကြတာ ၊ အနေအထိုင်ဆင်ခြင်သင့်တယ် )
မကြာခင်လေးက ငါ့စကား -
(ကိုယ်အာဏာရလာရင် မမောက်မာဖို့)
(ကိုယ့်ပညာ၊ပါဝါမာန်နဲ့ အခြားပညာရှင်တွေကို မစော်ကားမိဖို့)
အဲဒီ စေတနာစကားတွေကို နင် နားဝင်အောင်
မပြောနိုင်ခဲ့လို့ ငါ တောင်းပန်ပါတယ် ၊
(အချစ်ဆုံးဖြစ်ခဲ့သူ) အလှဘုရင်မလေးရယ် ။
( hlt  )