Wednesday, January 23, 2019

သံဝေဂ ကထာ


အခု အသက်ကြီးလာတော့ (အဖေ့လိုပဲ) မနက်ပိုင်း ပုံမှန် ဝမ်းသွားတယ် ။ ထူးတာက အနဲဆုံး (၂)ခါလောက် သွားတာပဲ ။ အဲဒါကို သေချာသတိထားကြည့်မိတော့ - ပထမတခါသွားတာမှာ မနေ့က မနက်စာတွေ ပါသွားပြီး ၊ ဒုတိယတခါသွားတာမှာ မနေ့က ညစာတွေပါသွားတယ် ဆိုတာပဲ ။ ကဲ - ဘာများရစရာ ကျန်သေးလဲကွယ် ။

တို့တွေမှာ အဲဒီ မနက်စာ၊ညစာ ငါးမိနစ်၊ဆယ်မိနစ်စာလေးအတွက် လုပ်လိုက်ရတာ - အိမ်ရှင်မတွေဆိုလဲ ဈေး ဝယ်ရခြမ်းရ ၊ ချက်ရပြုတ်ရ ၊ ယောက်ျားတွေဆိုလဲ ရှာရဖွေရ ၊ ပြီးတော့ ဘာများ မယ်မယ်ရရ ကျန်ခဲ့လို့လဲ ၊ နောက်နေ့ဆက်အသက်ရှင်ဖို့ (မနေ့က ဇရတာမီးကြောင့် ပျက်စီးသွားတဲ့) ဇီဝရုပ်ကလာပ်စည်းလေး နဲနဲ ပြန်ဖြစ်လာ တာပဲရှိတယ် ။ ( နေ့တိုင်း သေနေ၊ပျက်နေလို့ မသေရ၊မပျက်ရအောင် ဘဝကိုခင်တွယ်တဲ့စိတ်ကလေးက လှုံ့ဆော်လို့ ဒီလို ပင်ပင်ပမ်းပမ်း ရှာဖွေဖြည့်တင်း ပေးနေရတာပါ ။ ) ကျန်တာကတော့ တို့မိတ်ဆွေ ကရင်မကြီးပြောသလို (ချီးစာ၊အီးစာတွေ) ချက်နေရတာပါပဲ ။  သြော် - ဒါဟာ ( ဘဝတဏှာ ) ဆိုတဲ့ အခြေခံစွဲလမ်းခြင်းလေးတခုထဲအတွက် ရလိုက်တဲ့ဒုက္ခတွေပဲနော် ။

ဒါပေမဲ့ တို့လူတွေ ဒါလောက်နဲ့ ရပ်ကြပြီလား ၊ သတိရကြပြီလား ၊ သံဝေဂယူတတ်ပြီလား ၊ ဝေးပါသေးတယ်နော် ။ အဝိဇ္ဇာဦးစီးတဲ့ လောဘအဝကားကြီးက တို့တွေကို ဒုက္ခမှန်းတောင် မသိနိုင်အောင် ဖုံးပိတ်ထားလိုက်တော့ ဘဝကို ခင်ယုံနဲ့ အားမရ ၊ လောကချမ်းသာလို့(တံလျှပ်လို) အပေါ်ယံပကာသန ရွှေငွေဥစ္စာ တိုက်တွေကားတွေ စည်းစိမ် ချမ်းသာတွေ ၊ သားသမီး၊သားမယား အခြွေအရံအဖော်အပေါင်းတွေ ၊ ရာထူး၊အာဏာ၊ပါဝါ၊ဂုဏ်တွေ ဆုတံဆိပ်တွေ ၊ ထင်ပေါ်ကြော်ကြားမှုတွေ စတဲ့ မရေမတွက်နိုင်လောက်တဲ့ ( ကာမတဏှာကြီး ) ၊ သံသရာတလျောက်မှာ အကုသိုလ်ကလွဲလို့ ဘာမှပေးမသွားနိုင် ၊ ယူစရာမရှိတဲ့ အဲဒီ ကာမတဏှာကြီးအတွက် လုပ်လိုက်ရတဲ့ ဒုက္ခ - - မတွေးရဲလောက်အောင်ပါပဲ ။ 
ဘုရင်တချို့ တဏှာရာဂ အစွဲအလမ်းကြီးတော့ မိန်းမတယောက်ကြောင့် ဖြစ်လိုက်ရတဲ့ စစ်ပွဲကြီးတွေ ၊ သေလိုက်ရတဲ့ လူတွေ ၊(ကြားဖူးတယ်နော်) ၊ နယ်မြေချဲ့ထွင်ချင်ပြန်တော့ ဖြစ်လိုက်ရတဲ့ ကမ္ဘာစစ်ကြီး တွေ ၊ သေလိုက်ရတဲ့ အပြစ်မဲ့ လူသားတွေ ၊ မတရား ကျွန်ပြုခံလိုက်ရတဲ့ ရိုးသားတဲ့ ပြည်သူပြည်သားတွေ ၊ တခါ ရာထူး၊အာဏာ ၊ဂုဏ်ပါဝါတွေအတွက် နင်းတက်ခဲ့တဲ့ သွေးလှေခါးတွေ ၊ အားကြီးသူတို့ရဲ့ ခြေဖဝါးအောက်က အပြစ်မဲ့၊အားနဲသူတို့ရဲ့ ငိုရှိုက်သံတွေ ၊ ဘုရားရှင် ဟောတော်မူခဲ့တဲ့ ( ဘဝဒုက္ခတွေကြောင့် လူတွေငိုလိုက်ရတဲ့ မျက်ရည်တွေဟာ သမုဒ္ဒရာကြီးလေးစင်းထက်မက များပါတယ် ) ဆိုတာ ပိုမယ်မထင်ဘူးနော် ။

ဒီလောက် ဒုက္ခကြီးတွေ ကြုံရတာတောင် တို့လူတွေ အမှတ်မရှိကြသေးပါဘူး ။ နောက်ဘဝကောင်းစားရေး ဆိုတဲ့ နောက်ဘဝကို စိတ်ဝင်စားတဲ့ စွဲလမ်းတဲ့  ( ဝိဘဝတဏှာ ) ၊ အင်မတန် သိမ်မွေ့တဲ့ အဲဒီစွဲလမ်းချက်က တို့တွေကို ဘဝသံသရာက ဘယ်လိုမှ မလွတ်မြောက်နိုင်အောင် ချည်နှောင်ထားလိုက်တော့ လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ ခွေး၊ ကြက်၊ဝက် တိရိစ္ဆာန်ပေါင်းစုံဖြစ်လိုက် ၊ ငရဲကြီးရှစ်ထပ်မှာ လူးလှိမ့်နေအောင် ခံလိုက် ၊ ကြောက်စရာကောင်းလိုက်တဲ့ ဒီ သံသရာဝဋ်ဒုက္ခကြီးတွေဆိုရင် ဘုရား ၊ အရိယာသူတော်ကောင်းကြီးတွေမှသာ မြင်နိုင်ကြပြီး တို့လို ပုထုဇဉ်အရူးတွေ မှာတော့ မြင်တောင်မမြင်နိုင်ရှာပဲ ဘုမသိဘမသိ (မွေးလိုက်၊သေလိုက်) တခံထဲခံနေကြရတာပါ ။ တို့တွေ သတိမထား မိလို့ပါ ။ ဒီ ဝိဘဝတဏှာ ရဲ့ ဒုက္ခပေးချက်ကြောင့် လက်ရှိဘဝမှာကိုပဲ အတွေးမှား၊အယူမှားတွေ ဖြစ်နေကြတာ - 

ဘဝ ဆိုတာ သေရင် ပြီးတာပဲ၊ပြတ်တာပဲ ဆိုတဲ့ ဥစ္ဆေဒ ဒိဌိ ကြောင့် ကုသိုလ်လုပ်လဲ အလကားပါပဲကွာ ဆိုတဲ့ မိစ္ဆာ အယူမှားတွေနဲ့ စိတ်ကောင်းမထားနိုင်ကြတော့တဲ့ တဘဝစံတွေ ၊ 

ဘဝဆိုတာ မြဲတယ် ၊ သေရင်တောင် ဝိဥာဉ်လေးက နောက်ဘဝကိုကူးပြီးစံတယ် ဆိုတဲ့ ဿဿတဒိဌိ - ( အကြောင်း အကျိုး နားလည်တဲ့ ကမ္မဿကတသမ္မာဒိဌိအမှန်အမြင်မပါတဲ့ ) မိစ္ဆာအယူကြောင့် အလှုတော့လုပ်ပါတယ် - (နတ်သမီးလေးတွေ တဖက် လေးငါးရာ) ကို မြှော်ပြီးလုပ်တယ် ။ (ဘဝလွတ်မြောက်ရေး) မပါဘူး ။ (ဒိထက်ပိုဆိုးတာက) တိရိစ္ဆာန်သတ် ၊ လူသတ် လုပ်တာကို ကုသိုလ်ထင်ပြီး များများသတ်နိုင်တဲ့ကောင် နောက်ဘဝ ဂျန္တွတ် ဆိုတဲ့ နိဗ္ဗာန် ရောက်မယ် ၊ အပျိုစင် (၇၂) ယောက် နဲ့ ဘာညာဘာညာ - အဲလိုအယူလွဲကြီးလွဲလိုက်တော့ - သွေးချောင်းစီးပြီပေါ့ ။ ဘာသာရေးစစ်ပွဲကြောင့် သေတဲ့ လူတွေ ၊ ဘာသာရေးအတင်းအဓမ္မသွတ်သွင်းမှုကြောင့် မတရားအသတ်ခံလိုက်ရတဲ့ လူတွေဟာ ကမ္ဘာစစ်ကြီး (၂)ခုစာ ထက်လဲများပါတယ် ။ 
ဟစ်တလာက ဂျူးတွေကိုသတ်တဲ့ ၊ အမေရိကန်က ဟီရိုရှီးမားနဲ့နာဂါစကီကို အနုမြူဗုံး ကြဲချတဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးတွေထက်လဲ ပိုများ၊ ပိုဆိုးဝါး၊ပြင်းထန်၊ရက်စက်လှပါတယ် ။

ဒါတွေဟာ ဝိဘဝတဏှာစွဲကြောင့် အယူလွဲပြီး ဖြစ်ရတဲ့ မြင်နိုင်စရာ ဒုက္ခကြီးတွေပါပဲ ။

ဒီဒုက္ခတွေကို တကဲ့ဒုက္ခတွေပါလား ၊ ဒီဒုက္ခတွေဖြစ်ရတဲ့အကြောင်းက တဏှာ(၃)ပါးကြောင့်ပါလားလို့ အမှန်သိမြင် ၊ သံဝေဂဥာဏ်ဝင်လို့ (စာနာစိတ်နဲ့ ထိတ်လန့်စိတ်)ထားတတ်လာရင် - သံသရာခရီးရှည်ကြီး မျက်စိမှိတ်ပြေးနေမိရာက (ရပ်)ပြီး မျက်စိဖွင့် ကြည့်နိုင်တော့မှာပါ ။ မိမိကိုယ်တိုင်ရော စာဖတ်သူတို့ပါ သံဝေဂဥာဏ်ဝင်ပြီး ဘဝဒုက္ခလွတ်မြောက်ရာ (အသင်္ခတနိဗ္ဗာန်မြတ်)ဆီကို ရပ်တန့် မျှော်ကြည့်နိုင်ပါစေလို့ ဆုတောင်းရင်း ….. ။
( ဝီမံသာ ) 23-1-2019

Sunday, January 20, 2019

အသက်ပေးရမှာ မတန်သူ


ဇီဝိတပရိယန္တံ ဗုဒ္ဓံ ဓမ္မံ (သံဃံ)သရဏံဂစ္ဆာမိ လို့ ရတနာ(၃)ပါးကို အသက်ပေးပြီးကိုးကွယ်ပါ့မယ် ဆိုပေမဲ့ ဒီလိုဘုန်းကြီးမျိုးကျတော့ အသက်ပေးဖို့မတန်လိုက်တာ ။

သူ့ဟာသူ ဘဝပေးအခြေအနေအရ တောထွက်ဘုန်းကြီးလုပ်ခဲ့ရပေမဲ့ ရတနာ(၃)ပါးအနွယ်ဝင် သံဃာတော်တပါး ဖြစ်လာပြီဆိုမှတော့ အနဲဆုံး ဘုရားစကားတော့ နားထောင်သင့်ပါပြီ ။ ရဟန်းဝါ (၇)ဝါ/(၈)ဝါလောက်ရနေပြီ ၊ လှုဒါန်းမဲ့ ဒကာတွေလဲ(သူ့အပြောအရ) ရှိနေပြီဆိုမှတော့ ရဟန်းကိစ္စ(ပရိယတ် ၊ ပဋိပတ်)ဆောင်ရွက်ဖို့ သင့်တော်မဲ့ နေရာ၊ ဌာန အာဝါသ တခုခုရွေးပြီး အခြေတကျသီတင်းသုံးနေထိုင်သင့်ပါပြီ ။ ခုတော့ -

ဝါတွင်းလေးပဲ ဝိပသနာရိပ်သာမှာ တရားအားထုတ်၊ဝါကပ်ပြီး ၊ ဝါကျွတ်တာနဲ့ လူတောထဲ လျှောက်သွားတော့တာပဲ ။ ရဟန်းသံဃာဘဝဟာ အင်မတန်မြင့်မြတ်ပါတယ် ။ ကျနော်တို့လူတွေက ထိုင်ရှိခိုးရတဲ့ ရတနာတွေပါ ။ ဒါကို လူတောထဲ မိန်းမတွေ၊ကလေးတွေနဲ့ တမိုးအောက်အတူနေ၊အတူစား၊အိပ် ၊ မိန်းမတွေ၊ကလေးတွေသွားတဲ့ အိမ်သာမှာ ကုဋီတက် ၊ လက်ခံရတဲ့ လူတွေခမျာ ဘယ်လောက်ဝန်လေးလိုက်မလဲ ၊ အနေကြုံ့လိုက်မလဲ ။ ဒါကြောင့် ( ဘုန်းဘုန်း ၊ မသင့်တော် ပါဘူး ၊ တပည့်တော်တို့မဖိတ်ကြားပါဘူး )ဆိုတော့ - ငါက ကထိန်အာနိသင်ရလို့ မဖိတ်လဲလာခွင့်ရှိသတဲ့ ။ ကဲ - ဘယ်လို နေရတော့မလဲ ၊ သမီးလေးကဆို (ဘုန်းဘုန်းဘယ်တော့ပြန်မှာလဲ)လို့ မေးနေ ၊ သူ့ခမျာ အနေကြုံ့ရှာပြီလေ ။ သံဃာကို ရိုသေကိုးကွယ်တဲ့အိမ်မှာ သံဃာက လူတွေနဲ့ တတန်းထဲ နေထိုင်၊စားသောက်၊ပြုမူနေတော့ အားလုံး အနေခက်ရတယ် ။ အဆိုးဆုံးက - (ကိုယ်ကတော့ သံဃာမို့ ခရီးယာယီလာတာပဲလေ ဆိုပြီး ကုဋီသီးသန့်လုပ်ပေးဖို့မတတ်နိုင်ပေမဲ့ ဘုရားခန်းမှာ အိပ်ယာသီးသန့်ခင်းကျင်းပေးထားပါတယ်) အဲ ကိုယ်တော်လာပြီဆိုတာနဲ့ မနက်ပိုင်း ဘုရားဆွမ်းတော်ကပ် ပျက်တော့ တာပဲ ။ ညဖက် ခွက်ပုန်းချ ၊ ထမင်းတွေထစား ၊ မနက် မထတော့ဘူး ။ ဘုရားခန်းမှာ (တခါတလေများ) တုံးလုံး၊ပက်လက် (အကြည်ညိုပျက်ချင်စရာ) ။ 

စဉ်းစားကြည့် - မိန်းမလုပ်သူက ကိုယ့်ယောက်ျားအရက်သောက်တာတောင် ကြိုက်တာမဟုတ်ဘူး ။ (ငါးပါးသီလ)လေ ။ ဒါကို ဘုန်းကြီးက သောက်နေတယ်ဆိုတော့ -- ( အဲကိုယ်တော်လာတာ ကုသိုလ်မရဘူး ၊ အကုသိုလ်ပဲ ဖြစ်ရတယ် )တဲ့ ။ ပြီးတော့ မူးလာရင် အတိတ်ကသံယောဇဉ်တွေအကြောင်း ၊ ကျောင်းသားဘဝအကြောင်းတွေလျှောက်ပြော ၊ တဟီးဟီး တဟားဟားနဲ့ ( တရားဆွေးနွေးချင်လို့တောင်မရဘူး ) ။ ဒီလိုပုံနဲ့များ သူကလာချင်သေးတယ် - ( ဝီရသူက ဘာဖြစ်တာ၊ ညာဖြစ်တာကွ ) တဲ့ --- ကြာတော့ စိတ်ပေါက်ပေါက်နဲ့ ပြောမိတယ် - ကိုယ်တော်သူ့လို ပရိယတ်တာဝန်ကျေဖူးလားလို့ ။ 
( တောထွက်မို့ ပရိယတ်သင်ပါ ၊ မန်းလေးမှာ ဗုဒ္ဓတက္ကသိုလ်ရှိတယ် )လို့ အကြံပေးတော့ တက်တယ် ။ ဘုရားကြီးနားက ကျောင်းတိုက်တခုမှာ သီတင်းသုံးခွင့်ရတယ် ။ မကြာပါဘူး ၊ တက္ကသိုလ်ကရော ကျောင်းကပါ ထွက်ချလာတော့တယ် ။ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံ ၊ တရားတော်တွေရဲ့ ကျယ်ပြန့်နက်နဲမှုကိုတော့ အလေးထားမပြောဘူး ။ ( အလကားပါကွာ ၊ သူတို့သင်တဲ့ အင်္ဂလိပ်စာက အေဘီစီဒီ ဒါလောက်ပါပဲ ) တဲ့ ။ ကမ္ဘာ့ဥာဏ်အကောင်းဆုံး မင်းကွန်းဆရာတော်ကြီး သိရင် ရင်နာရှာမယ် ။ ကျနော်သိတာပေါ့ ၊ သက်သက် အကြောင်းရှာထွက်တာ ။ အဲဒီကျောင်းတိုက်တွေက စည်းကမ်းကြီးပါ တယ် ။ သူ သောက်ချင်သလိုသောက်လို့ မရဘူးလေ ။

သူ ကျနော့်ကိုသံယောဇဉ်ကြီးတာတော့ နားလည်ပါတယ် ။ (ကျောင်းနေဖက်သူငယ်ချင်းတွေကိုး) ဒါပေမဲ့ ခုဟာက မသင့် တော်ဘူးလေ ။ ဘဝချင်းမတူတော့ဘူး ။ ဒါကို လူစိတ်ကြီးနဲ့ လူလို နေချင်သလိုနေ ၊သောက်ချင်သလိုသောက်၊ပြောချင်ရာ လျှောက်ပြောနေမယ်ဆိုရင် ရုံထားတဲ့ သင်္ကန်းတော်တွေရဲ့ အရှိန်အဝါကို ညှိုးနွမ်းစေမယ် ၊ အဖ ဘုရားရှင်ရဲ့ မြတ်သော သာသနာ ထိပါး၊ပုတ်ခတ် ခံရမယ် ။ (လူတို့စိုက်ပျိုးဖို့ ကုသိုလ်တရားတို့ရဲ့တည်ရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော) ဆိုတဲ့ မြတ်သံဃာဂုဏ်ပုဒ်ကြီး ပျက်စီးရမယ် ။ ဒီအတွက် သံသရာမှာခံရမဲ့ အပြစ်ကြီးတွေကို မျှော်တွေးပြီး သနားလွန်းလို့ နည်းပေါင်းစုံနဲ့ (အကုသိုလ်အဖြစ်ခံ ၊ အမုန်းခံပြီး) သတိပေးခဲ့ပြီးပါပြီ ။ လူ့ဘဝတုန်းက သူဒီလိုအနေအထိုင်တွေကြောင့် ပေါင်းမဲ့သူငယ်ချင်းတောင် မရှိတော့ချိန်လဲ ကျနော်သူ့ကိုလက်ခံပေးခဲ့ ၊ အတူမျှဝေခံစားခဲ့ ၊ တတ်နိုင်သမျှ ကူညီခဲ့တယ် ။ ခု ရဟန်းဝါ(၇)ဝါ ကျော်လာချိန် သူငယ်ချင်း၊ဒကာရင်းဆိုသူတွေ ရှောင်ကုန်ကြပြီ ။ ( ဘယ်သူက တုံး၊အ ပြီး အကုသိုလ် အဖြစ်ခံချင်မှာလဲလေ ) ။ 
အဲဒီတော့ ရှောင်မရတဲ့ ကျနော့်မှာပဲ အကုသိုလ်တွေဖြစ်ရတယ် ၊ ကြည်ညိုရမဲ့အစား ကရုဏာ ဒေါသတွေ (တခါတရံသူ့ရဲ့လူဆန်ဆန်အပြုအမူတွေကြောင့်) လူလိုဒေါသတွေပါ ဖြစ်ရတယ် ။ ခုလဲ ကြည့်လေ - ကျနော့်သားကိုဆုံးမတယ်ဆိုပြီး - ( ငါ့သားက ဆယ်တန်းမှာ အမှတ်(၄၈၀)ရတာကွ ၊ မင်းကတော့ ဘာညာ  - - -) ဆိုတော့ - ကျနော် လူလိုဒေါသဖြစ်ရတယ် ။ သားလေးခမျာ ကြိုးစားမှုနဲခဲ့လို့ ဂုဏ်ထူးမထွက် ၊ အမှတ်နဲပြီး တက္ကသိုလ် မတက်နိုင်လို့ အားငယ်ဝမ်းနဲနေချိန် ၊ မိဘတွေကတောင် မဆူရက်တော့လို့ အားပေးနေရချိန် ကိုယ်တော်က မူးမူးနဲ့ ဒီလိုတွေလျှောက်ပြောတော့ - ကျနော် စိတ်ထိန်းပြီး တခွန်းပဲ မေးလိုက်ပါတယ် ။ 
( ဘုန်းကြီးမှာ သားရှိလို့လား ) လို့ ။

ကျနော်ပြောတာမှားလားဗျာ - ( ရတနာသုံးပါကို အသက်နဲ့ရင်းပြီးကြည်ညိုပါတယ် ၊ ဒါပေမဲ့ ဒီလိုဘုန်းကြီးမျိုးအတွက် တော့ အသက်ပေးရမှာ မတန်လိုက်တာ ) လို့ တွေးမိတယ် ၊ ကဲ - ကျနော်မှားလားဗျာ ။